မြန်မာပြည် ငြိမ်းချမ်းစေကြောင်း - Myanmar National Post

Myanmar National Post

News Agency

Breaking

မြန်မာပြည် ငြိမ်းချမ်းစေကြောင်း


အစ္စရေး၊ အမေရိကန် ပူးပေါင်းတိုက်ခိုက်မှုက အီရန်ကို အထိနာစေခဲ့တယ်။ နောက်ဆက်တွဲ အီရန်ရဲ့ တုန့်ပြန်မှုတွေကလည်း အမေရိကန်၊ အစ္စရေးတို့ကို အထိနာစေတာပဲ ဖြစ်ပါတယ်။ အစ္စရေး၊ အမေရိကန် က အားသာလို့ အစ္စရေး၊ အမေရိကန်တွေ မသေတာတော့ မဟုတ်ပါဘူး။ စစ်ရဲ့ သဘောကိုက နှစ်ဖက် အကျအဆုံးရှိပါတယ်။ ဒါ့အပြင် စစ်တိုက်နေကြသူတွေမဟုတ်တဲ့ အခြားသော ပြည်သူတွေလည်း သေဆုံးရတာပဲ ဖြစ်ပါတယ်။

အစ္စရေးနဲ့ အမေရိကန်က အီရန်ခေါင်းဆောင်ကို ပစ်မှတ်ထားပြီးတိုက်ခိုက်လိုက်တဲ့အချိန်မှာပဲ စာသင်ကျောင်းကို ထိမှန်လို့ ကျောင်းသား တစ်ရာကျော် သေဆုံးရတဲ့အဖြစ်မျိုး ကြုံခဲ့ရပါတယ်။ အီရန်က ပြန်လည်တုန့်ပြန်ရာမှာ ဒေသတွင်းမှာ ရှိတဲ့ အမေရိကန်စစ်အခြေစိုက်စခန်းတွေနဲ့ သံရုံးတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်။ တိုက်ပွဲအတွင်းမှာ ကျဆုံးခဲ့တဲ့ အမေရိကန်စစ်သားတွေကို ပြန်လည်ပို့ဆောင်နေရတာလည်း ရှိပါတယ်။

ဒီစစ်ပွဲဟာ ဘာသာရေးအစွန်းရောက်မှုနဲ့လည်း ဆက်စပ်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ အစ္စရေး၊ အမေရိကန်တို့က အီရန် ဘာသာရေးခေါင်းဆောင်တွေရဲ့ လှုံ့ဆော်မှုတွေကို စိုးရိမ်နေကြပါတယ်။ အီရန်ဘက်ကလည်း အမေရိကန်၊ အစ္စရေးတို့ကို ဘယ်လိုမှ မယုံကြည်နိုင်ပါဘူး။ ဒါက စစ်ပွဲဖြစ်ရခြင်း အဓိကအကြောင်းအရင်းပါပဲ။ အစ္စရေး၊ အမေရိကန်တို့က အီရန်ကို တိုက်ခိုက်လိုက်တဲ့အချိန်မှာ ပါကစ္စတန်၊ အာဖဂန်နစ္စတန် တို့မှာ အစ္စလာမ်တွေက အမေရိကန်သံရုံးတွေကို ဝင်ရောက်တိုက်ခိုက်တာမျိုးတွေ လုပ်ဆောင်ခဲ့ကြပါတယ်။

မြန်မာပြည်မှာ မအေးချမ်းလို့ဆိုပြီး အရှေ့အလယ်ပိုင်းနိုင်ငံတွေကို ပြေးကြသူတွေလည်း အရှေ့အလယ်ပိုင်းနိုင်ငံများကို ရောက်တော့မှ ပိုပြီး စိုးရိမ်ကြောက်ရွံ့ရတဲ့ အခြေအနေမျိုး လူမှုကွန်ရက်စာမျက်နှာတွေမှာ ပြောဆိုနေကြတာကို ကြည့်ခြင်းအားဖြင့် စစ်ဘေးစစ်ဒဏ်ဆိုတာ ဆိုင်သူကိုရော မဆိုင်သူကိုရော ထိခိုက်တယ်ဆိုတာ သိမြင်နားလည်သွားကြတဲ့ သဘောပါပဲ။ မြန်မာပြည်ထဲမှာ နေစဉ်ကတော့ ငါနဲ့မတူ ငါ့ရန်သူ သတ်ဖို့ ဖြတ်ဖို့ လှုံ့ဆော်ကြသူတွေဟာ ကိုယ်တိုင် စစ်တလင်းနဲ့ နီးစပ်တဲ့ အခြေအနေမျိုးကို ကြုံတွေ့ရချိန်မှာ စိုးရိမ်ထိတ်လန့်နေကြပါပြီ။

ဒီစစ်ပွဲစပြီ ဆိုတာနဲ့ အကြီးမားဆုံးရိုက်ခတ်မှုကတော့ စက်သုံးဆီပြဿနာပါပဲ။ အရှေ့အလယ်ပိုင်း က ထွက်သမျှ စက်သုံးဆီတင် သင်္ဘောများရဲ့ ထွက်ပေါက် (ဟောမုတ်ရေလက်ကြား) ဟာ အီရန်ထိန်းချုပ်မှုအောက်မှာ ရှိနေပါတယ်။ ဆော်ဒီ၊ ကူဝိတ်၊ ကာတာ၊ UAE အစရှိသော နိုင်ငံများက ရေနံတင်သင်္ဘောအားလုံးဟာ ဟောမုတ်ရေလက်ကြားကို ဖြတ်သန်းပြီးမှသာ အာရှနိုင်ငံများကို ရောက်ရှိနိုင်မှာ ဖြစ်ပါတယ်။ အီရန်က ရေလက်ကြားကို ဖြတ်သန်းခွင့် ပိတ်လိုက်တဲ့အချိန်မှာ ကျွန်တော်တို့ မြန်မာအပါအဝင် အာရှနိုင်ငံတွေမှာ စက်သုံးဆီပြတ်လပ်မှာကို စိုးရိမ်ရတဲ့ အခြေအနေတွေ ဖြစ်လာပါတယ်။ 

မြန်မာအစိုးရအနေနဲ့ကလည်း အရေးပေါ်ဆိုသလို စက်သုံးဆီ ချွေတာဖို့ ထုတ်ပြန်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။ ထုတ်ပြန်တဲ့ သဘောကတော့ အရန်ဆီ မရှိတာ မဟုတ်ဘဲနဲ့ ဒီစစ်ပွဲဟာ ဘယ်လောက်ထိ ကြာမယ်ဆိုတာ ခန့်မှန်းလို့ မရနိုင်တဲ့အတွက် ချွေတာကြဖို့ ရည်ရွယ်ထုတ်ပြန်ခြင်း ဖြစ်ပါတယ်။ ကြားသိရတဲ့ သတင်းတွေအရ ထိုင်းဘက်ကလည်း သူတို့နိုင်ငံထဲမှာ ရှိတဲ့ လောင်စာဆီ ပြင်ပမထုတ်တော့ဘူး။ အလားတူ တရုတ်ကလည်း သူတို့နိုင်ငံထဲ မှာ ရှိနေတဲ့ လောင်စာဆီကို ပြည်ပမပို့တော့ဘူး။

ဒီအခြေအနေက ကောင်းမွန်တဲ့ အခြေအနေမဟုတ်သော်လည်း မြန်မာပြည်အတွက် ကောင်းမွန်တဲ့ ရလဒ်မျိုး ဖန်တီးနိုင်တဲ့ အခြေအနေလို့ တွက်ဆမိပါတယ်။ မြန်မာနိုင်ငံအနေနဲ့ တရားဝင် စက်သုံးဆီတင်သွင်းတာက စင်ကာပူ၊ မလေးရှားနဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတချို့ကနေလည်း ဝယ်ယူပါတယ်။ အခုနောက်ပိုင်းမှာတော့ ရုရှားထံက ဝယ်ယူဖို့လည်း စီစဉ်ထားတာတွေ ရှိပါတယ်။

အိမ်နီးချင်း ထိုင်း၊ တရုတ်တို့ကနေ မြန်မာပြည်တွင်းကို လောင်စာဆီ(စက်သုံးဆီ)၊ လျှပ်စစ်ဓာတ်အားတွေ ဝင်ရောက်နေတာက နိုင်ငံတော်အနေနဲ့ ဝယ်ယူခြင်းမျိုးမဟုတ်ဘဲ တိုင်းဖျက် ပြည်ဖျက် လုပ်နေတဲ့ လက်နက်ကိုင် အကြမ်းဖက်အဖွဲ့တွေက တရားမဝင်တင်သွင်းနေတဲ့ လမ်းကြောင်းပဲ ဖြစ်ပါတယ်။ KIA, KNU အပါအဝင် လက်နက်ကိုင် အကြမ်းဖက်အဖွဲ့အားလုံးဟာ တရားမဝင် လမ်းကြောင်းကနေ မော်တော်ယာဉ်၊ စက်သုံးဆီ၊ လျှပ်စစ်ဓာတ်အား အစရှိသည့် ထောက်ပံ့ရေးပစ္စည်းများကို ရရှိနေခြင်းဖြစ်ပါတယ်။ ယခု အစ္စရေး၊ အမေရိကန် နဲ့ အီရန်စစ်ပွဲဖြစ်ပြီး အိမ်နီးချင်းနိုင်ငံတွေက လောင်စာဆီကို ပြည်ပမထုတ်တော့တဲ့အခါကြတော့ လက်နက်ကိုင်အကြမ်းဖက်အဖွဲ့တွေအတွက် ဆိုးရွားစွာ အခက်တွေ့စေမယ့် အခြေအနေ ဖြစ်ပါတယ်။

ဒီနေရာမှာ ကျွန်တော်တို့ရဲ့ နိုင်ငံဝန်ထမ်းယန္တရားက အကျင့်ပျက်ဝန်ထမ်းများနှင့် စီးပွားရေးသမားဝိသမလောဘသားများကသာ အကြမ်းဖက်အားပေး လုပ်ပြီး စီးပွားမရှာဘူးဆိုရင် ဒီအခင်းအကျင်းဟာ အကြမ်းဖက်နှိမ်နင်းရေး အောင်မြင်မှုအတွက် လက်တစ်ကမ်းမှာပဲ ရှိပါတော့တယ်။ တရားမဝင်လမ်းကြောင်းကနေ အကြမ်းဖက်အဖွဲ့များထံ ပေးပို့နေတဲ့ စက်သုံးဆီ ပို့ဆောင်ရေးလမ်းကြောင်းကို ဖြတ်တောက်ရပါမယ်။ ဒါဆိုရင် အကြမ်းဖက်အဖွဲ့များ အခြေပြုနေထိုင်ရာကနေ ဘယ်ကိုမှ ထမပြေးနိုင်တော့ပါဘူး။ ရောက်ရာအရပ်မှာ အခြေပြုနေရမှာ ဖြစ်ပါတယ်။ 

တပ်မတော်အနေနဲ့က ခြောက်လှန့်ပစ်ခတ်ပြီး လက်နက်ချ အညံ့ခံ၊ ဥပဒေဘောင်အတွင်း ဝင်ရောက်ဖို့ ဖိတ်ခေါ်နိုင်ပါတယ်။ ဒီနေရာမှာ အဓိကအရေးကြီးတာကတော့ အစဉ်သဖြင့် ပြည်သူလူထုက တောင်းဆိုနေတဲ့ စကားကိုပဲ ထပ်ပြောရမှာ ဖြစ်ပါတယ်။ ကိုင်းဖျားကိုင်းနားကို လိုက်ခုတ်မနေပါနဲ့။ KIA ဌာနချုပ်၊ KNU ဌာနချုပ် ၂ခုလုံးကို ထိန်းချုပ်လိုက်ရင် အားလုံးဟာ လက်နက်ချ၊ အညံ့ခံပြီး ဥပဒေဘောင်အတွင်း ရောက်ရှိလာကြမှာ ဖြစ်ပါတယ်။

အခု အစ္စရေး၊ အမေရိကန် က တိုက်ခိုက်တဲ့ ပုံစံကို ကြည့်မယ်ဆိုရင် အီရန်ခေါင်းဆောင်ကိုပဲ ပစ်မှတ်ထား တိုက်ခိုက်တဲ့ ပုံစံမျိုး လုပ်ခဲ့တာကို သင်ခန်းစာအဖြစ် မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အကြမ်းဖက်လှုပ်ရှားမှု ပပျောက်ရေး ဆောင်ရွက်ရာမှာ နိုင်ငံရေး သူငယ်နာမစင်တဲ့ နီပိန်း အကြမ်းဖက်သမားတွေကို လိုက်ရှင်းနေရင် လူသားအရင်းအမြစ် ဆုံးရှုံးတာပဲ အဖတ်တင်မှာ ဖြစ်ပါတယ်။ KIA ခေါင်းဆောင် ဂွမ်မော်နဲ့ အပေါင်းအပါများ၊ KNU ခေါင်းဆောင် စောကွယ်ထူးဝင်းနဲ့ အပေါင်းအပါများ ကို ရှင်းလိုက်ခြင်းအားဖြင့် မြန်မာနိုင်ငံအတွင်း အကြမ်းဖက်လှုပ်ရှားမှုဟာ (၈၀)ရာခိုင်နှုန်း ပပျောက်သွားမှာ ဖြစ်ပါတယ်။

ကမ္ဘာ့အရေး မြန်မာ့အရေး ချိန်ဆပြီး တိုင်းပြည်ကို အမှန်တကယ် ငြိမ်းချမ်းစေလိုတယ်။ လက်နက်ကိုင် အကြမ်းဖက်လှုပ်ရှားမှုတွေ ပပျောက်စေလိုတယ်ဆိုရင်ဖြင့် အခက်အခဲ အကြပ်အတည်းကြားထဲက အကောင်းဆုံးနည်းလမ်းကို ရွေးပြီး အကြမ်းဖက်လှုပ်ရှားမှု ပပျောက်ရေးကို အဂတိတရားကင်းရှင်းစွာနဲ့ လုပ်ဆောင်သင့်တယ်လို့ ယူဆပါတယ်။ လက်နက်ကိုင် အကြမ်းဖက်အဖွဲ့အစည်းတွေ အခက်တွေ့နေချိန်မှာ အစိုးရအနေနဲ့က တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနဲ့ အကြမ်းဖက်လှုပ်ရှားမှု ပပျောက်ရေးကို ထိရောက်စွာ လုပ်ဆောင်နိုင်ဖို့ အခွင့်အလမ်းအဖြစ် အသုံးချသင့်ကြောင့် သုံးသပ် တင်ပြလိုက်ရပါတယ်။


နောင်တော်လေး (ဘိုကလေး)

#News #MNP

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)