မန္တလေးငလျင်ကြီး လှုပ်ခတ်မှု(၁)နှစ်ပြည့်အခမ်းအနားကျင်းပ မန္တလေးငလျင်ကြီး တုံ့ပြန်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့သော ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်း များအားအမှတ်တရ ဂုဏ်ပြုတံဆိပ်များ ပေးအပ်ချီးမြှင့် - Myanmar National Post

Myanmar National Post

News Agency

Breaking

မန္တလေးငလျင်ကြီး လှုပ်ခတ်မှု(၁)နှစ်ပြည့်အခမ်းအနားကျင်းပ မန္တလေးငလျင်ကြီး တုံ့ပြန်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့သော ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်း များအားအမှတ်တရ ဂုဏ်ပြုတံဆိပ်များ ပေးအပ်ချီးမြှင့်









နေပြည်တော်၊ မတ်  ၂၈

မန္တလေးငလျင်ကြီး လှုပ်ခတ်မှု(၁)နှစ်ပြည့်အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ၊ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန (၁) (MICC-1)၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားပြီး မန္တလေးငလျင် ကြီးတုံ့ပြန်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့သော ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများအား အမှတ်တရဂုဏ်ပြု တံဆိပ်များ ပေးအပ်ချီးမြှင့်သည်။

အခမ်းအနားသို့ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကော်မ ရှင်အဖွဲ့ဝင်၊ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ အမှုဆောင်ချုပ် ဦးအောင်လင်းဒွေး ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော် အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီး များ၊ မန္တလေးငလျင်ကြီး လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ချိန်တွင် ပါဝင်ခဲ့သည့် ရှာဖွေကယ်ဆယ်ရေးနှင့် ကျန်းမာရေးအဖွဲ့များ၊ ထောက်ပံ့ပစ္စည်းများ လှူဒါန်းခဲ့သော နိုင်ငံ/ အဖွဲ့အစည်းများ၏ သံရုံးများမှ သံအမတ်ကြီးများနှင့် သံရုံး ကိုယ်စားလှယ်များ၊ စစ်သံမှူးများ၊ မန္တလေးငလျင်ကြီး တုံ့ပြန်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့သော တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် ဆောက်လုပ်ရေး အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ ကုလသမဂ္ဂ နှင့် နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ငလျင်ဘေးအန္တရာယ်ကျရောက်ချိန်တွင်ကူညီ ကယ်ဆယ်ရေးလုပ်ငန်း များနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် အတွက် ပါဝင်လှူဒါန်း ခဲ့သည့် အလှူရှင်များ နှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

ဦးစွာ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော အလွန်ပြင်းထန် သည့် မန္တလေးငလျင်ကြီးကြောင့် အသက်ဆုံးရှုံးမှုများနှင့် ပျက်စီးဆုံးရှုံးခဲ့ရမှုများ အတွက်ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် တစ်မိနစ်ငြိမ်သက်၍ ဦးညွတ်ဂါရဝပြု ကြသည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌ က အမှာစကားပြောကြားရာတွင် ယနေ့ပြုလုပ်သည့်အခမ်းအနား သည် ၂၀၂၅ခုနှစ်၊ မတ်လ ၂၈ ရက်နေ့၌ ပမာဏ ၇ ဒသမ ၇ (မက်ဂနီကျူ့)ရှိသည့် အင်အားအလွန်ပြင်းထန်သော မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့သည်မှာ(၁) နှစ်ပြည့်ခဲ့ပြီ ဖြစ်သဖြင့် ငလျင်ကြီးကြောင့် မိဘပြည်သူများ၏ အသက်ဆုံးရှုံးမှုများ၏ ပျက်စီးဆုံးရှုံး ခဲ့ရမှုများအတွက် ဝမ်းနည်းကြေကွဲမှုများနှင့်အတူ ပြန်လည်ထူထောင်မှုများ လုပ်ဆောင် နေမှု အထိမ်းအမှတ် နှစ်ပတ်လည်အခမ်းအနားပင်ဖြစ်ကြောင်း။

မန္တလေးငလျင်ကြီးကြောင့် နေပြည်တော်အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ် (၁၀)ခု၌ သေဆုံးသူ (၃,၈၁၈) ဦး၊ ပျောက်ဆုံးသူ (၅) ဦး၊ ဒဏ်ရာရသူ (၅,၁၀၄)ဦး၊ ဘေး သင့် အိမ်ထောင်စု (၁၆၂,၅၆၃)စု၊ ဘေးသင့်လူဦးရေ (၄၂၄,၀၆၃) ဦးနှင့် ယာယီရွှေ့ ပြောင်းလူဦးရေ (၂၇၉,၁၁၁)ဦး ရှိခဲ့ကြောင်း၊ ပျက်စီးဆုံးရှုံးမှုအနေဖြင့် စုစုပေါင်းတန်ဖိုး ကျပ်(၇၉၇၉) ဘီလီယံကျော်ရှိကြောင်း၊ နိုင်ငံတော်အနေဖြင့် ဆုံးရှုံးခဲ့ရမှု များစွာ ရှိခဲ့သ ကဲ့သို့ ပြည်သူတစ်ဦး၊ တစ်ယောက်ချင်းစီနှင့် မိသားစုများတွင်လည်း စီးပွားရေး၊ လူမှုရေးကအစ ထိခိုက်နစ်နာဆုံးရှုံးမှုများစွာ ရှိခဲ့ရသောကြောင့် မိမိတို့အတွက် ကြီးမား သည့် သင်ခန်းစာဟုပင် ပြောရမည် ဖြစ်ကြောင်း။

မိမိအနေဖြင့် မန္တလေးငလျင်ကြီး လှုပ်ခတ်ပြီးပြီးချင်း ငလျင်ဘေးသင့်နေရာများ ကို ချက်ချင်းသွားရောက်ကြည့်ရှုခဲ့ရာ ပျက်စီးဆုံးရှုံးမှု ပမာဏများပြားသည်ကိုတွေ့ရ ကြောင်း၊ ထို့ကြောင့် ချက်ချင်းဆိုသကဲ့သို့ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသ ကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်း ဒေသကြီးတို့ရှိ ငလျင်ဒဏ်သင့်နေရာများကို အရေးပေါ်အခြေအနေအဖြစ် ထုတ်ပြန်ကြေညာပြီး ကယ်ဆယ်ရေးနှင့်ကူညီထောက်ပံ့ရေးလုပ်ငန်းများ ပြည်တွင်း ပြည်ပက အကူအညီ အထောက်အပံ့များ ပေးအပ်နိုင်ရန် ချက်ချင်းဖိတ်ခေါ်ကမ်းလှမ်းခဲ့ကြောင်း။

ငလျင်ဒဏ်သင့်သူများအတွက် ပြည်တွင်း ပြည်ပအလှူရှင်များထံမှ လူသားချင်း စာနာမှုအကူအညီများသည် ရေလမ်း၊ ကုန်းလမ်း၊ လေကြောင်းတို့ဖြင့် တစ်ဖွဲဖွဲ ရောက် ရှိလာခဲ့ကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဘယ်လာရုစ်နိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘရာဇီးနိုင်ငံ၊ ဘရူနိုင်းနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ဂျပန်နိုင်ငံ၊ လာအိုနိုင်ငံ၊ မလေးရှားနိုင်ငံ၊ နီပေါနိုင်ငံ၊ ပါကစ္စတန်နိုင်ငံ၊ စင်္ကာပူနိုင်ငံမှ အဖွဲ့အစည်းများ၊ သီရိလင်္ကာနိုင်ငံ၊ ထိုင်းနိုင်ငံ၊ UAE နိုင်ငံ၊ ဗင်နီဇွဲလားသမ္မတနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ AHA Centre စသည့် နိုင်ငံနှင့်အဖွဲ့အစည်းများမှ ပေးပို့လှူဒါန်းသည့် ပစ္စည်း စုစုပေါင်း ၂၆၆၁ ဒသမ ၃၂၁ တန်ကို လက်ခံရရှိခဲ့ပြီး အချိန်နှင့် တစ်ပြေးညီ ငလျင် ဘေးသင့်ဒေသများဆီသို့ လက်ကျန်မရှိ ဖြန့်ခွဲပေးခဲ့ကြောင်း။

ထို့အပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်းသည့် ယာယီနေထိုင်ရေး၊ ယာယီ : : Prefabricated Office : Prefabricated House များ၊ ငလျင်ဘေးတုံ့ပြန်ရေး လုပ်ငန်းများအတွက် စက်သုံးဆီများ၊ အရေးပေါ်ခွဲစိတ်ခန်း များ၊ ဆေးဝါးများကိုလည်း စနစ်တကျ ဖြန့်ခွဲအသုံးပြုခဲ့ကြောင်း။

အရေးပေါ် ရှာဖွေကယ်ဆယ်ရန်၊ ကျန်းမာရေးစောင့်ရှောက်ရန်အတွက် နိုင်ငံ ပေါင်း(၂၅)နိုင်ငံမှ ရှာဖွေကယ်ဆယ်ရေးဝန်ထမ်း(၁,၉၃၅)ဦး၊ ကျန်းမာရေးစောင့်ရှောက် ရေးပညာရှင်နှင့် ဆရာဝန် (၈၄၅) ဦးတို့ လာရောက်ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း များနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို လုပ်ဆောင်ပေးခဲ့ကြကြောင်း၊ ထိုကဲ့သို့ နိုင်ငံတကာမှ ကူညီကယ်ဆယ်ရေးအဖွဲ့များအပါအဝင် မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များသည် အဆောက်အအုံများအတွင်း ပိတ်မိနေသူများကို ခက် ခက်ခဲခဲ အင်တိုက်အားတိုက် စွန့်စားပြီး ကြိုးပမ်းရှာဖွေကယ်ဆယ် ပေးခဲ့ကြသည့် အတွက် အသက်ရှင်လျက် စုစုပေါင်း (၆၅၃)ဦး ကယ်ဆယ်နိုင်ခဲ့ကြောင်း။

ငလျင်ဘေးကယ်ဆယ်ရေး လုပ်ငန်းများတွင် ပြသခဲ့ကြသည့် မိဘ ပြည်သူများ၏ မေတ္တာစေတနာ၊ ရဲစွမ်းသတ္တိ၊ စည်းလုံးညီညွတ်မှုနှင့် ဇွဲလုံ့လများသည် မိမိတို့နိုင်ငံ အတွက် အကြီးမားဆုံးနှင့် ဂုဏ်ယူစရာ အကောင်းဆုံး အမျိုးသားရေးဆိုင်ရာ အရင်းအနှီးများပင်ဖြစ်ကြောင်း၊ အသက်အန္တရာယ်များကြားမှ ကြံ့ခိုင်ရဲဝံ့စွာဖြင့် သတ္တိရှိရှိ ကြိုး စား ရှင်သန်ကျန်ရစ်ပေးကြသည့် ပြည်သူများကို ဝမ်းမြောက်ဂုဏ်ပြုပါကြောင်းနှင့် သက်စွန့်ကြိုးပမ်း ရှာဖွေကယ်ဆယ်ပေးခဲ့ကြသည့် နိုင်ငံတကာမှ ကူညီကယ်ဆယ်ရေး အဖွဲ့များအပါအဝင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော် သားများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များကိုလည်း နိုင်ငံတော်၊ ပြည်သူအားလုံးနှင့် ရှင်သန်ကျန်ရစ်သူများ ကိုယ်စား အသိအမှတ်ပြု ကျေးဇူးတင်ပါ ကြောင်းကို အလေးအနက် ပြောကြားလိုကြောင်း။

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန (Disaster Management Centre-DMC)ကို ငလျင်ဖြစ်ဖြစ်ပြီးချင်း ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့ညနေ ပိုင်းတွင် စတင်ဖွင့်လှစ်ခဲ့ပြီး အရေးပေါ်တုံ့ပြန်ရေးနှင့် ပြန်လည်ထူထောင်ရေး ဆိုင်ရာများကို ကဏ္ဍအလိုက် နေ့ညမပြတ် အားသွန်ခွန်စိုက်ဖြင့် စနစ်တကျဆောင် ရွက်ပေးခဲ့ကြကြောင်း၊ နိုင်ငံတော်အနေဖြင့် ငလျင်ဒဏ်ကြောင့် ပြိုကျအဆောက် အအုံများအတွင်း ပိတ်မိနေသူများကို ရှာဖွေကယ်ဆယ်နိုင်ရေး၊ ငလျင်ဘေးသင့်သူများ မိုးမကျမီ ယာယီ အမိုးအကာအောက်ရောက်ရှိရေး၊ လတ်တလော စားဝတ်နေရေး အဆင်ပြေစေရေး၊ ဆက်သွယ်ရေး၊ လျှပ်စစ်မီးနှင့်သောက်သုံးရေရရှိရေး၊ ကျောင်းများ အချိန်မီပြန်ဖွင့်နိုင်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးစသည်များကို ဦးစား ပေးပြီး အလျင်အမြန် လုပ်ပေးခဲ့ကြောင်း။

နိုင်ငံတော်အနေဖြင့် မန္တလေးငလျင်ကြောင့် သေဆုံးခဲ့သူ တစ်ဦးကို ကျပ် (၁၀) သိန်းနှုန်းဖြင့် ကျန်ရစ်သူမိသားစုများကို ထောက်ပံ့ပေးခဲ့သကဲ့သို့ ထိခိုက်ဒဏ်ရာရသူ များနှင့် ပြည်သူလူထု အိမ်ရာပျက်စီးမှုများအတွက် ငွေနှင့် တည်ဆောက်ရေးပစ္စည်း များကို ငွေကျပ်ဘီလီယံ (၁,၆၀၀)ကျော် ထောက်ပံ့ပေးခဲ့ကြောင်း၊ ဘာသာရေးကျောင်း များ၊ ရုံးဌာနများနှင့် ဝန်ထမ်းအိမ်ရာများ၊ ပညာရေးကျန်းမာရေးနှင့် အခြေခံ အဆောက် အအုံများ၊ သာသနာရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ အဆောက်အအုံများ ပြန် လည်ပြင်ဆင်မွမ်းမံရန်၊ အသစ်ပြန်လည်တည်ဆောက်ရန် ထောက်ပံ့ခြင်း စသည်တို့ အတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ငွေကျပ် (၃၄၂၁ ဒသမ ၉၅၇) ဘီလီယံကျော် ထောက်ပံ့ပေးခဲ့ကြောင်း။

နိုင်ငံတော်အနေဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ရေတိုရေရှည် အစီ အမံများ ချမှတ်ဆောင်ရွက်လျက်ရှိရာ မူလအခြေအနေထက် ပိုမိုသာလွန်ကောင်းမွန် သည့် ပြန်လည်ထူထောင်မှုဖြစ်စေရေး၊ မည်သူတစ်ဦးတစ်ယောက်မှ ချန်လှပ်မှု မရှိစေ ရေးတို့ကို အလေးထား ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထို့ကြောင့်လည်း လူသား ချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီပေးမှုနှင့် လူမှုကာကွယ်ရေး၊ အဆောက် အအုံများ ပြန်လည်တည်ဆောက်ရေး၊ စီးပွားရေး ပြန်လည်ရှင်သန်ရေးနှင့် ကြံ့ကြံ့ခံပြီး ခြုံငုံမှုရှိသည့် ပြုပြင်ပြောင်းလဲမှုများဖြစ်ရေး စသည့် မဟာဗျူဟာမြောက် မဏ္ဍိုင်ကြီး သုံးရပ်ဖြင့် အခြေခံဆောင်ရွက်ရန်လမ်းညွှန်အုတ်မြစ်ချပေးခဲ့ခြင်းဖြစ်ကြောင်း။ 

တစ်ဖက်တွင်လည်း ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေး ပြန်လည်ကုစားခြင်း နှင့် ပြန်လည်ထူထောင်ခြင်း သုံးသပ်ဆွေးနွေးပွဲကို ကျင်းပခဲ့ပြီး မန္တလေးငလျင်ကြီး ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် စီးပွားရေးလုပ်ငန်းများ ပြန်လည်နိုးထရုန်းကန် ရှင်သန်နိုင်ရေး နည်းလမ်းနှင့်အခွင့်အလမ်းများကို ဖော်ထုတ်ဆွေးနွေးအဖြေရှာ ဆောင်ရွက်ခဲ့ကြကြောင်း။

အလားတူ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းနှင့်စပ်လျဉ်းပြီး ငလျင်ဘေး ကြောင့် လူသေဆုံးမှုအများစုအနေဖြင့် အင်ဂျင်နီယာပိုင်းဆိုင်ရာ သတ်မှတ်ချက်များ၊ ဆောက်လုပ်ရေးပိုင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်မညီညွတ်ဘဲ ဆောက်လုပ် ထားသည့် အဆောက်အအုံများ ပြိုကျပျက်စီးမှုကြောင့်ဖြစ်သည်ကို စိစစ်တွေ့ရှိရ ကြောင်း၊ ထို့ကြောင့် နောင်အနာဂတ်ကာလ အဆောက်အအုံများ ဆောက်လုပ်ရာတွင် ပြင်းအားအဆင့်(၈)အထိ ခံနိုင်ရည်ရှိသည့် အဆောက်အအုံများ ဆောက်လုပ်သွားရန်၊ မူလထက် ပိုမိုကောင်းမွန်သည့်အဆောက်အအုံများ၊ လမ်းတံတားများဖြစ်စေရေး၊ ယခု ထက် ပိုမိုဖွံ့ဖြိုးတိုးတက်သည့်မြို့များကိုဖော်ဆောင်ပေးနိုင်ရေး မူဝါဒများချမှတ် ဆောင်ရွက်ပေးလျက်ရှိပြီး အလေးနက်ထားလိုက်နာဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း။

အနာဂတ်တွင် ဘေးအန္တရာယ်မှ လုံခြုံအာမခံမှုရှိသည့်နိုင်ငံ တစ်နိုင်ငံအဖြစ် ဖန်တီးတည်ဆောက်မည်ဆိုပါက ဘေးကြောင့် ထိခိုက်ဆုံးရှုံးခဲ့ရမှုများအပေါ် သင်ခန်း စာယူပြီး နောင်တွင် အဆောက်အအုံများ၊ လမ်းတံတားများတည်ဆောက်ရာတွင် Building Codes အပါအဝင် သတ်မှတ်စံချိန်စံညွှန်းများ ပြည့်မီအောင် ဆောင်ရွက်သွားကြရေးသည် အဓိက ကျပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်၏ တည်ဆောက်ရေး ကဏ္ဍ တွင် ဦးထမ်းပဲ့ထမ်း ပါဝင်ဆောင်ရွက်နေကြသည့် သက်ဆိုင်ရာဌာနများ ပုဂ္ဂလိက ကဏ္ဍမှ အင်ဂျင်နီယာနှင့် ဗိသုကာပညာရှင်များ၊ ရင်းနှီးမြှုပ်နှံသူ Developer များ၊ တည်ဆောက်ရေးလုပ်ငန်းသုံး ပစ္စည်းထုတ်လုပ်တင်သွင်း ဖြန့်ဖြူးရောင်းချသူများ အပါ အဝင် သက်ဆိုင်သူအားလုံးအနေဖြင့် အနာဂတ်ကာလများတွင် မိမိတို့ နိုင်ငံသူနိုင်ငံ သားများအတွက် ဘေးအန္တရာယ်ကင်းရှင်းပြီး စိတ်ချလုံခြုံသည့် အခြေခံအဆောက် အအုံများ ဖန်တီးဆောက်လုပ်ပေးကြရန် ထပ်မံတိုက်တွန်း မှာကြားလိုကြောင်း။

နိုင်ငံတော်အနေဖြင့် ငလျင်ဘေးပြန်လည်ထူထောင်ရေးကို ကဏ္ဍအလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိ အချိန်ထိ ကဏ္ဍအသီးသီး တွင် ပြီးစီးမှု ၈၄ ရာခိုင်နှုန်းခန့်ရှိပြီး အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း၊ မကြာမီကာလအတွင်း နိုင်ငံ့တာဝန်ကို လွှဲပြောင်းယူမည့် အစိုးရသစ်အနေ ဖြင့် လက်ရှိအရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသည့် ငလျင်ဘေးပြန်လည်ထူထောင် ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်သွားနိုင်လိမ့်မည်ဟု ယုံ ကြည်ကြောင်း။

ထိုကဲ့သို့ ရာသီဥတုသဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးလာမှု၊ ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုများအပြင် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေရှိသည့် စီးပွားရေး၊ လူမှုရေး စသည့် ကဏ္ဍစုံတွင် လိုက်လျောညီထွေဖြစ်အောင် ပြုပြင်ပြောင်း လဲနိုင်စွမ်းတို့ကို အခြေခံတွက်ချက်ထားသည့် ကမ္ဘာ့လုံးဆိုင်ရာ ဘေးဖြစ်နိုင်ခြေနှင့် ထိခိုက်ဆုံးရှုံး နိုင်ခြေညွှန်ကိန်း ၂၀၂၅ (World Risk Index)အရလည်း မြန်မာနိုင်ငံသည် အဆင့် ၆ နေရာတွင် ရှိနေကြောင်း၊ ယင်းတို့ကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံအနေ ဖြင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများကို ကဏ္ဍတိုင်းတွင် သေချာထည့်သွင်းဆောင် ရွက်ကြရန် အရေးတကြီး လိုအပ်နေသည်ကို အထူးသတိပြု လိုက်နာဆောင်ရွက်ကြရန် အသိပေးပြောကြားလိုကြောင်း။

တပ်မတော်အစိုးရ တာဝန်ယူသည့် ၅ နှစ်တာ ကာလအတွင်း ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာတစ်ဝန်းဖြစ်ပွားသည့် ကိုဗစ် ၁၉ ကူးစက် ရောဂါဘေး၊ ၂၀၂၃ ခုနှစ် မိုခါမုန်တိုင်းဘေး၊ ၂၀၂၄ ခုနှစ် ရာဂီမုန်တိုင်းဘေးနှင့် ၂၀၂၅ ခုနှစ်တွင် မန္တလေး ငလျင်ဘေးတို့ကို ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီး အဆိုပါသဘာဝဘေးအန္တရာယ်များကြောင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ထိခိုက်ပျက်စီးခဲ့ရုံမျှမက နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း အဟန့်အတား ဖြစ်စေခဲ့ကြောင်း။

အင်အားအလွန်ပြင်းထန်သည့် မန္တလေးငလျင်ကြီးကြောင့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ် ပိုင်းဆိုင်ရာထိခိုက်ပျက်စီးမှုများဖြစ်ခဲ့ရုံမျှမက နိုင်ငံတော်၏ဖွံ့ဖြိုးတိုးတက်မှု လမ်း ကြောင်းကိုလည်း ကြီးမားစွာထိခိုက်ခဲ့ရသော်လည်း မြန်မာလူမျိုးများ၏ ပြင်းပြသည့် စိတ်ဓာတ်နှင့် ကြံ့ကြံ့ခံနိုင်မှု၊ စုစည်းညီညွတ်မှုများကြောင့် အခက်အခဲ၊ အဟန့်အတား များကို အောင်မြင်သည့် အတိုင်းအတာတစ်ခုအထိ ရင်ဆိုင်ကျော်လွှားသွားနိုင်ခဲ့ပြီဖြစ် ကြောင်း၊ ဆက်လက်၍လည်း မူလအခြေအနေထက် သာလွန်အောင် ပြန်လည်တည် ဆောက်နိုင်လိမ့်မည်ဟု အခိုင်အမာ ပြောကြားလိုကြောင်း။

အစကောင်းမှ အနှောင်းသေချာဆိုသကဲ့သို့ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးလုပ်ငန်းများတွင် မူလကတည်းက ထိထိရောက်ရောက် ကြိုတင်စီမံ ဆောင်ရွက်ထားကြရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ထားမှသာလျင် သဘာဝဘေးကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် သုံးစွဲရသည့် ကုန်ကျ စရိတ်ကို ခုနှစ်ဆခန့် လျော့နည်းသက်သာစေနိုင်သည်ဟု ပညာရှင်များက ဖော်ထုတ် ထားသည့်အတွက် အနာဂတ်နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် ဘေး ဒဏ်ကြံ့ကြံ့ခံနိုင်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရေးတို့ကို မဖြစ်မနေ ထည့်သွင်းစဉ်းစား အကောင်အထည်ဖော် ဆောင်ရွက်ကြရန်လိုအပ်ကြောင်း။

ထိုကဲ့သို့ ကြိုးပမ်းတည်ဆောက်ရာတွင်လည်း နိုင်ငံတော်အစိုးရ၏ အင်အား တစ်ခုတည်းဖြင့် မလုံလောက်ဘဲ အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ခြင်းနည်းလမ်းဖြင့် ဆောင်ရွက်မှသာ အောင်မြင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်သူများအနေဖြင့် ဘေး အန္တရာယ် အမျိုးမျိုး၊ အခက်အခဲအမျိုးမျိုး ရင်ဆိုင်ရချိန်တိုင်းတွင် “We are stronger, We are Together ဟူသည့် စိတ်ဓာတ်ခံယူချက်ဖြင့် ကြံ့ကြံ့ခံ ကျော်လွှားပေးခဲ့ကြ သကဲ့သို့ အနာဂတ်ကာလ နိုင်ငံ၏မျက်နှာစာသစ် ဖွင့်လှစ်မှုခရီးတွင်လည်း အလားတူ စိတ်ခွန်အားများကို ဆက်လက်မွေးမြူပြီး နိုင်ငံတော်နှင့် ပြည်သူ ကြည်ဖြူစွာ လက်တွဲ ရင်ဆိုင် ကျော်ဖြတ် သွားကြရန် မှာကြားလိုကြောင်း။

အနာဂတ်တွင် သဘာဝဘေးဒဏ်အပါအဝင် နိုင်ငံ့အတွက် ကျရောက်လာမည့် အန္တရာယ်ရန်စွယ်အခက်အခဲမှန်သမျှကို စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းရင်ဆိုင်ပြီး ကြံ့ကြံ့ခံနိုင်သည့် ရေရှည်ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကြီးကို တည်ဆောက်ကြပါ ဟု တိုက်တွန်းပြောကြားရင်း ငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် အသက်ဆုံးရှုံးခဲ့ရသည့် ရဟန်းရှင်လူအပေါင်း ကောင်းရာမွန်ရာရောက်ရှိကြပါစေကြောင်း၊ နိုင်ငံတော်ကြီး သည်လည်း အနာဂတ်တွင် ဘေးအန္တရာယ်အမျိုးမျိုးမှကင်းရှင်းပြီး တိုင်းရင်းသား မိဘ ပြည်သူအားလုံး ကျန်းမာချမ်းသာကြပါစေကြောင်းကို ဆန္ဒပြုပါကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် မန္တလေးငလျင်ကြီး တုံ့ပြန်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ သော ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းများအား အမှတ်တရဂုဏ်ပြုတံဆိပ်များပေးအပ် ချီးမြှင့်ရာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌက မန္တလေးငလျင်ကြီး တုံ့ပြန်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ သော တပ်မတော်သားများကိုယ်စား တပ်မတော်အရာရှိကြီးတစ်ဦးကို လည်းကောင်း၊ တရုတ်နိုင်ငံကယ်ဆယ်ရေးအဖွဲ့ကိုယ်စား မြန်မာနိုင်ငံဆိုင်ရာတရုတ်နိုင်ငံသံအမတ်ကြီး ကိုလည်းကောင်း၊ ရုရှားနိုင်ငံကယ်ဆယ်ရေးအဖွဲ့ကိုယ်စား မြန်မာနိုင်ငံဆိုင်ရာ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီးကိုလည်းကောင်း၊ အိန္ဒိယနိုင်ငံကယ်ဆယ်ရေး အဖွဲ့ကိုယ်စား မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံသံအမတ်ကြီးကိုလည်းကောင်း အမှတ် တရဂုဏ်ပြုတံဆိပ်များ ပေးအပ်ချီးမြှင့်သည်။

ထို့နောက် ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက နီပေါနိုင်ငံ ကယ်ဆယ်ရေးအဖွဲ့ကိုယ်စား မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံ သံအမတ်ကြီးကို လည်းကောင်း၊ ဘရာဇီးနိုင်ငံကယ်ဆယ်ရေးအဖွဲ့ကိုယ်စား ဘရာဇီးနိုင်ငံသံအမတ်ကြီး ကိုလည်းကောင်း၊ ယူအေအီး နိုင်ငံကယ်ဆယ်ရေးအဖွဲ့ကိုယ်စား မြန်မာနိုင်ငံဆိုင်ရာ ယူအေအီးနိုင်ငံသံအမတ်ကြီးကို လည်းကောင်း၊ သီရိလင်္ကာနိုင်ငံကယ်ဆယ်ရေးအဖွဲ့ ကိုယ်စား မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာဒီမိုကရက်တစ်ဆိုရှယ်လစ် သမ္မတနိုင်ငံ သံအမတ်ကြီးကိုလည်းကောင်း အမှတ်တရဂုဏ်ပြုတံဆိပ်များ ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ အမှုဆောင် ချုပ် ဦးအောင်လင်းဒွေး၊ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် ကော်မရှင် အဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး တို့က မန္တလေးငလျင်ကြီး တုံ့ပြန်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ သော နိုင်ငံ

များအလိုက်မှ ကယ်ဆယ်ရေးအဖွဲ့များကိုယ်စား မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးများ၊ သံရုံးတာဝန်ခံများ၊ စစ်သံမှူးများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံငလျင်ကော်မတီ၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၊ မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်းချုပ်၊ မြန်မာနိုင်ငံဘူမိသိပ္ပံအသင်းတို့မှ ကိုယ်စားလှယ်များအား အမှတ်တရ ဂုဏ်ပြုတံဆိပ်များ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် မန္တလေးငလျင် ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့် မှတ်တမ်းဗီဒီယိုအားကြည့်ရှုကြသည်။

၎င်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌက အခမ်းအနားတက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

အခမ်းအနားအပြီးတွင်နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေး ကော်မရှင်ဥက္ကဋ္ဌ နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် မန္တလေး ငလျင်ကြီးတုံ့ပြန်ရေးဆောင်ရွက်ချက် မှတ်တမ်းဓာတ်ပုံများနှင့် ဝန်ကြီးဌာန များအလိုက် ပြခန်းများအား လိုက်လံကြည်ရှုခဲ့ကြကြောင်းသတင်းရရှိသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)