ပဲခူးမြို့ ဆုတောင်းပြည့်ဆံတော်ရှင် ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ (၂၆၀၈)နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲ အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပဲခူးမြို့ ဆုတောင်းပြည့်ဆံတော်ရှင် ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ (၂၆၀၈)နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲ အခမ်းအနားကျင်းပ






ပဲခူး၊ မတ် ၂၈

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ဦးဆောင်ပြုလုပ်သည့် ပဲခူးမြို့၊ ဆုတောင်းပြည့်ဆံတော်ရှင် ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ (၂၆၀၈)နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲအခမ်းအနားကို မတ်လ(၂၇)ရက်နေ့ ညနေပိုင်းအချိန်က ရွှေမော်ဓောစေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်ရှိ ရွှေကျောင်းတော် ကျောက်ပန်းတောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ဩဝါဒါစရိယဆရာတော်ကြီးများနှင့် အခမ်းအနားတက်ရောက်လာကြသူများက နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး စေတီတော်မြတ်ကြီး၏ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယ၊ ပဲခူးမြို့၊ ကြခတ်ဝိုင်းပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒန္တဉေယျဓမ္မာဘိဝံသ မဟာထေရ် ဆရာတော်ကြီးထံမှ ဧည့်ပရိတ်သတ်အပေါင်းက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

ထို့နောက် စိတ္တသုခသဟပုညကာရီဝတ်အသင်းမှ ဦးမြင့်ရွှေက သမ္မာဒေဝနတ်များအား ပင့်ဖိတ်ပြီး ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များက ပရိတ်တရားတော်များကို ရွတ်ပွားသရဇ္ဈာယ် ချီးမြင့်တော်မူကြသည်။

ယင်းနောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး ဆရာတော်ကြီးများထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုအဓိဋ္ဌာန်ပြု၍ သာဓု(၃)ကြိမ်ခေါ်ဆိုပြီး ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်က မီးခလုတ်နှိပ်၍ စေတီတော်မြတ်ကြီးအား လျှပ်စစ်မီးများထွန်းညှိပူဇော်ပေးခဲ့ပြီး ဆုတောင်းပြည့် ဆံတော်ရှင် ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ (၂၆၀၈)နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။

အဆိုပါ ဆုတောင်းပြည့် ဆံတော်ရှင်ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ (၂၆၀၈)နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကြီးအား ဘုရား၊ တရား၊ သံဃာ သုံးဌာနပူဇော်ပွဲနှင့်အတူ နိုင်ငံကျော်ဇာတ်သဘင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများ၊ မြန်မာ့ရိုးရာလက်ဝှေ့ပွဲ၊ ဒေသထွက်နှင့် မြန်မာနိုင်ငံအနယ်နယ်အရပ်ရပ်မှထွက်ရှိသည့် လူသုံးကုန်၊ စားသောက်ကုန်၊ အလှကုန်ပစ္စည်းများရောင်းချသည့် ဈေးရောင်းပွဲတော်ပါထည့်သွင်း၍ မတ်လ(၂၇)ရက်နေ့မှ ဧပြီလ(၅)ရက်နေ့အထိ (၁၀)ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်သည့်အပြင် တန်ခူးလပြည့်နေ့၊ ဧပြီလ(၁)ရက်နေ့၌ သုံးဂိုဏ်းဝင်သံဃာတော် အရှင်သူမြတ်အပါး (၅၀၀)အား ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူပူဇော်သွားမှာဖြစ်ကြောင်း သတင်းရရှိသည်။


သက်ဖြိုးကြိုင် 

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)