လဲချားမြို့နယ်၊ ကောင်းစံကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ကိုင်နေသည့် တရားမဝင် ပြည်ပနိုင်ငံသားများအား ဖမ်းဆီးရမိ - Myanmar National Post

Myanmar National Post

News Agency

Breaking

လဲချားမြို့နယ်၊ ကောင်းစံကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ကိုင်နေသည့် တရားမဝင် ပြည်ပနိုင်ငံသားများအား ဖမ်းဆီးရမိ



နေပြည်တော်၊ မတ် ၂၁ 

မြန်မာနိုင်ငံအစိုးရအနေဖြင့် နိုင်ငံအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ငန်းများ လုံးဝအခြေမပြုနိုင်စေရေးအတွက် အွန်လိုင်းလိမ်လည်လောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံ အစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ တက်ကြွစွာ ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များသည်လည်း အွန်လိုင်းလိမ်လည်လောင်းကစားမှုတိုက်ဖျက်ရေးလုပ်ငန်းများနှင့် နိုင်ငံအတွင်းသို့ ပြည်ပနိုင်ငံသားများ တရားမဝင် ဝင်ရောက်နေထိုင်မှုမရှိစေရေးတို့ကို အသေးစိတ် စစ်ဆေးကြပ်မတ် ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိစဉ် နယ်မြေလုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေး တပ်ဖွဲ့ဝင်များသည် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ်၊ ကောင်းစံကျေးရွာ အနီးတစ်ဝိုက်တွင် နယ်မြေရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်စဉ် မတ် ၂၀ ရက် ညနေပိုင်း၌ အဆိုပါကျေးရွာ၏ အနောက်ဘက် မီတာ ၃၀၀၀ ခန့် အကွာတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် လူနေအဆောက် အအုံများနှင့် ဆက်စပ်ပစ္စည်းများအား ဖော်ထုတ်သိမ်းဆည်းနိုင်ခဲ့သည့် သတင်းအား ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။

ဆက်လက်၍ နယ်မြေလုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များ သည် လဲချားမြို့နယ်၊ ကောင်းစံကျေးရွာအနီးတစ်ဝိုက်အား နယ်မြေရှင်းလင်းရေးလုပ် ငန်းများဆက်လက်ဆောင်ရွက်စဉ် မတ် ၂၀ ရက် ည ၉ နာရီခွဲခန့်တွင် ပထမဖမ်းဆီးရမိသည့်နေရာ၏ အနောက်ဘက် မီတာ ၁၇၀၀ ခန့်အကွာသို့ရောက်၌ တရားမဝင် အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား အမျိုးသား ၂၃ ဦးနှင့် ဗီယက်နမ်နိုင်ငံသား အမျိုးသမီး ၁ ဦးတို့ကို လည်းကောင်း၊ ဒုတိယဖမ်းဆီးရမိ နေရာ၏ မြောက်ဘက် မီတာ ၁၁၀၀ ခန့်အကွာသို့အရောက်၌ တရုတ်နိုင်ငံသား ၂၆ ဦးတို့ကို လည်းကောင်း အသီးသီး ထပ်မံဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ပြီး ဖမ်းဆီးရမိသူများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

နိုင်ငံတော်အနေဖြင့် အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်ခြင်းများ ပပျောက်စေရေးနှင့် မြန်မာနိုင်ငံအတွင်း အခြေချလုပ်ကိုင်နိုင်မှု မရှိစေရေးအတွက် အိမ်နီးချင်း နိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတာကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အွန်လိုင်းလိမ်လည်လောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို တက်ကြွစွာ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)