သထုံ၊ မတ် ၁၆
မွန်ပြည်နယ်၊ သထုံမြို့၊ ဘင်လှိုင်ရပ်ကွက်ရှိ အာစိဏ္ဏာရာမကျောင်းတိုက်၏ (၉၀)ကြိမ်မြောက် ပရိယတ္တိ သာသနောဒယစာမေးပွဲ စာအောင်သံဃာ ဓမ္မပူဇာ ဆုနှင်းသဘင်အခမ်းအနားကို ယမန်နေ့ နံနက်က အဆိုပါကျောင်း၀င်းအတွင်းရှိ ဓမ္မသီတလကျောင်းဆောင်၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ရှေးဦးစွာ စာအောင်ပုဂ္ဂိုလ်တို့အား ကြိုဆိုပင့်ဆောင်ကြပြီး သထုံမြို့၊ လိပ်အင်းရပ်ကွက်၊ မဟာနိဗ္ဗိန္ဒတောရကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယကဆရာတော် ဦးအရိယဝံသထံမှ ဧည့်ပရိတ်သတ်အပေါင်းတို့က သီလခံယူဆောက်တည်၍ အနုမောဒနာ တရားနာကြားကြသည်။
ယင်းနောက် စာအောင်သံဃာတော်နှင့် သီလရှင်တို့အား အာစိဏ္ဏာရာမ ပရိယတ္တိ သာသနောဒယစာမေးပွဲကျင်းပရေးကော်မတီမှတာဝန်ရှိသူတို့က စာအောင်ဆုများ ချီးမြှင့်ပေးကြကာကြွရောက်လာကြသည့်ဧည့်ပရိတ်သတ်နှင့်အလှူရှင်များက စာအောင်ဓမ္မပူဇာ လှူဖွယ်များဆက်ကပ်လှူဒါန်းကြပြီးလှူဒါန်းမှုအစုစုတို့အတွက်ရေစက်သွန်ချအမျှ ပေး၀ေခဲ့ကြသည်။
အာစိဏ္ဏာရာမပရိယတ္တိစာမေးပွဲအား သထုံမြို့နယ် ပရိယတ္တိသာသနာ့၀န်ဆောင် ဆရာတော်များဦးဆောင်၍ နှစ်စဉ်ကျင်းပခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင်(၉၀)ကြိမ်မြောက်အဖြစ် ဖေဖော်ဝါရီလ ၄ ရက်နေ့မှ ၉ ရက်နေ့အထိ ၆ ရက်ကြာကျင်းပခဲ့ရာ စုစုပေါင်းရဟန်း၊ ရှင်သာမဏေသီလရှင်(၈၆၉)ပါး ၀င်ရောက်ဖြေဆိုတော်မူခဲ့ရာသာနောဒယဓမ္မာစရိယ တန်း(၂)ပါး၊ ဓမ္မာစရိယတန်း(၂)ကျမ်းစွဲ(၅)ပါး၊ ဓမ္မာစရိယတန်း(၁)ကျမ်းစွဲ(၂၄)ပါး၊ ပထမကြီးတန်း (၇)ပါး၊ ပထမလတ်တန်း(၂၂)ပါး၊ ပထမငယ်တန်း(၆၂)ပါး၊ အခြေပြုမှုလတန်း(၁၆၇)ပါး၊ စုစုပေါင်း (၂၈၉)ပါးအောင်မြင်တော်မူခဲ့ကြကြောင်း သိရသည်။
#News #MNP

No comments:
Post a Comment