ဟားခါး၊ မတ် ၃၁
တတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို မတ် ၃၀ ရက် နံနက် ၁၀ နာရီတွင် ဟားခါးမြို့ရှိ ချင်းပြည်နယ်လွှတ်တော်အဆောက်အအုံ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ချင်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးကောလ်လျန်ထန်းက တတိယအကြိမ် ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့သို့ တက်ရောက်ခွင့်ရှိသည့် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်ဦးရေ စုစုပေါင်း ၁၅ ဦးရှိသည့်အနက် ယနေ့အစည်းအဝေးသို့ ၁၅ ဦး တက်ရောက်သဖြင့် ရာနှုန်းပြည့်တက်ရောက်သည့်အတွက် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာကာ အစည်းအဝေးတက်ရောက်မှုအခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍ အတည်ပြုမှတ်တမ်းတင်သည်။
ထို့နောက် ချင်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီကို အဖွဲ့ဝင် ၅ ဦးဖြင့် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်းနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များစိစစ်ရေးကော်မတီဥက္ကဋ္ဌအဖြစ် ဟားခါးမြို့နယ်မဲဆန္ဒနယ် အမှတ်(၂)မှ ဦးဆန်အုပ်မန်းနှင့် အတွင်းရေးမှူးအဖြစ် တွန်းဇံမြို့နယ်မဲဆန္ဒနယ် အမှတ်(၂)မှ ဦးဇမ်းရှင်းဒါလ်းတို့ကို အဆိုပြုခဲ့ပြီး အဆိုပြုခဲ့သည့် အမည်စာရင်းနှင့်စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးရန်မရှိသဖြင့် အတည်ပြုမှတ်တမ်းတင်ကြောင်း ကြေညာသည်။
ဆက်လက်၍ ချင်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ပြည်နယ်ဥပဒေပြုရေးဆိုင်ရာကော်မတီကို အဖွဲ့ဝင် ၈ ဦးဖြင့် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်းနှင့် ပြည်နယ်ဥပဒေပြုရေးဆိုင်ရာကော်မတီဥက္ကဋ္ဌအဖြစ် တီးတိန်မြို့နယ်မဲဆန္ဒနယ် အမှတ်(၂)မှ ဦးပေါင်ဇလန်းနှင့် အတွင်းရေးမှူးအဖြစ် မင်းတပ်မြို့နယ်မဲဆန္ဒနယ် အမှတ်(၂)မှ ဦးထန်ရှင်းထောင်းတို့ကို အဆိုပြုခဲ့ပြီး အဆိုပြုခဲ့သည့် အမည်စာရင်းနှင့်စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးရန်မရှိသဖြင့် အတည်ပြုမှတ်တမ်းတင်ကြောင်း ကြေညာသည်။
ယင်းနောက် ချင်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက အစိုးရ၏ အာမခံချက်များ၊ ကတိများ၊ တာဝန်ခံချက်များ၊ တိုင်ကြားစာ၊ အသနားခံစာဆိုင်ရာစိစစ်ရေးကော်မတီကို အဖွဲ့ဝင် ၇ ဦးဖြင့် ဖွဲ့စည်း သွားမည်ဖြစ်ကြောင်းနှင့် အစိုးရ၏ အာမခံချက်များ၊ ကတိများ၊ တာဝန်ခံချက်များ၊ တိုင်ကြားစာ၊ အသနားခံစာဆိုင်ရာ စိစစ်ရေးကော်မတီဥက္ကဋ္ဌအဖြစ် ချင်းပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးသန့်စင်ဦးနှင့် အတွင်းရေးမှူးအဖြစ် တပ်မတော်သားကိုယ်စားလှယ်မှ ဗိုလ်ကြီးဇော်ရဲနိုင်တို့ကို အဆိုပြုခဲ့ပြီး ၎င်းကော်မတီတွင် အဖွဲ့ဝင်အဖြစ်အဆိုပြုခဲ့သည့် တီးတိန်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂)မှ ဦးတင်ကာကျင်အစား တီးတိန်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးဝုမ်းလျန်းထန်အား အစားထိုးရန် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးသဘောတူခဲ့ကြသဖြင့် အတည်ပြု မှတ်တမ်းတင်ကြောင်း ကြေညာသည်။
ထို့နောက် ပြည်သူ့ငွေစာရင်းကော်မတီကို အဖွဲ့ဝင် ၇ ဦးဖြင့် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်းနှင့် ပြည်သူ့ငွေစာရင်းကော်မတီဥက္ကဋ္ဌအဖြစ် တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးကြီးစောထွန်းနှင့် အတွင်းရေးမှူးအဖြစ် ထန်တလန်မြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ ဦးအောင်ကျော်ဌေးတို့ကို အဆိုပြုခဲ့ပြီး အဆိုပြုခဲ့သည့် အမည်စာရင်းနှင့်စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးရန်မရှိသဖြင့် အတည်ပြုမှတ်တမ်းတင်ကြောင်း ကြေညာသည်။
ဆက်လက်၍ ကော်မတီများ၏ သက်တမ်း၊ တာဝန်များ၊ လုပ်ငန်းများ၊ ကော်မတီများအစားထိုး လဲလှယ်ခြင်း၊ ရပိုင်ခွင့်များ၊ လုပ်ပိုင်ခွင့်များ၊ ကော်မတီမှရပ်စဲခြင်း၊ အရေးယူခြင်းဆိုင်ရာကော်မတီ နှင့်စပ်လျဉ်း၍ ချင်းပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးသန့်စင်ဦးက ရှင်းလင်းတင်ပြပြီး ကော်မတီတွင် လျာထားတာဝန်ပေးအပ်ခြင်းခံရသည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ပါတီစွဲ၊ ဝါဒစွဲ၊ လူမျိုးစွဲ၊ ဘာသာစွဲများမရှိဘဲ နိုင်ငံတော်၊ ပြည်ထောင်စုနှင့် ချင်းပြည်နယ်၏ အကျိုးစီးပွားအတွက် လုပ်ဆောင်မည်ဖြစ်ကြောင်း ရှင်းလင်းတင်ပြသည်။
ယင်းနောက် တတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေး တတိယနေ့ကျင်းပမည့် နေ့ရက်နှင့်အချိန်ကို အသိပေးကြေညာသွား မည်ဖြစ်ကြောင်း သိရသည်။
#MNP #News

No comments:
Post a Comment