တောင်ကြီး၊ မတ် ၃၁
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာ ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို မိရိုးဖလာရိုးရာယဉ်ကျေးမှုနှင့် ကိုက်ညီသည့် သင်္ကြန်ပွဲတော်ဖြစ်စေရေးနှင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများက ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီများဖွဲ့စည်း၍ စနစ်တကျ ပေါင်စပ်ညှိနှိုင်းဆောင်ရွက်လျက်ရှိကြကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် တောင်ကြီးမြို့ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ကျင်းပရန် ဗဟိုမဏ္ဍပ်အား အလျား(၁၀၄)ပေ၊ အနံ(၄၀)ပေဖြင့်လည်းကောင်း၊ အခြားရေကစားမဏ္ဍပ်(၈)ခုတို့အား အလျား(၅၀)ပေ၊ အနံ(၃၀)ပေဖြင့်လည်းကောင်း စုစုပေါင်းမဏ္ဍပ်(၉)ခုဖြင့် ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီးတစ်လျှောက်တွင် ထည့်သွင်းဆောင်ရွက်သွားမည်ဖြစ်ပြီး စက်သုံးဆီချွေတာခြင်းအားဖြင့် လမ်းလျှောက်သင်္ကြန်ကိုလည်း တောင်ကြီးမြို့ သပြေလမ်းထိပ်မှ မဲခေါင်ရိပ်သာအထိ ပေ(၁၆၀၀)ခန့်ဖြင့်လည်းကောင်း၊ Ocean Center မှ Jasmine Hotel အထိ ပေ(၇၅၀)ခန့်ဖြင့်လည်းကောင်း တိုင်းရင်းသားမိဘပြည်သူများအားလုံး ပါဝင်ဆောင်ရွက်နိုင်ရေး စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြကြောင်း သိရသည်။ ထို့အပြင် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်အား နှစ်စဉ်နှစ်တိုင်းထက် ပိုမိုထူးခြားလေးနက်စွာ ကျင်းပသွားနိုင်ရန် စတုဒိသာကျွေးမွေးမည့် အစီအစဉ်များအပြင် မြန်မာ့ရိုးရာသနပ်ခါးသင်္ကြန်ကမ်ပိန်း၊ မြန်မာ့ရိုးရာကော်ဖီနှင့်လက်ဖက်ကမ်ပိန်း၊ မြန်မာ့ရိုးရာထမနဲကမ်ပိန်းစသည့် ထူးထူးခြားခြားအစီအစဉ်များကို ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
တောင်ကြီးမြို့ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်တွင် ယိမ်းအကအလှပြိုင်ပွဲများအား တက္ကသိုလ်ဒီဂရီကောလိပ်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာများမှပါဝင်မည့် ယိမ်းအကပြိုင်ပွဲဝင်များနှင့် ဖျော်ဖြေရေးယိမ်းအကအဖွဲ့များ၊ နိုင်ငံကျော်အဆိုတော်များ၊ ဒေသခံခေတ်ပေါ် တေးဂီတအဆိုတော်များဖြင့် ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ပြီး၊ ဒေသခံတိုင်းရင်းသာပြည်သူလူထုများ နှစ်သစ်တွင် ဘေးအန္တရာယ်ကင်းရှင်းပြီး၊ စိတ်အေးချမ်းသာယာရေးအတွက် သင်္ကြန်အကြိုနေ့မှစ၍ နှစ်ဆန်း(၃)ရက်နေ့အထိ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခြင်း၊ နှစ်ဆန်း(၁)ရက်နေ့တွင် ဇီဝိတဒါနငါးလွှတ်ပွဲများ၊ သက်ကြီးပူဇော်ပွဲများ၊ အန္တရာယ်ကင်းပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ပွဲများကိုလည်း စီစဉ်ဆောင်ရွက်လျက်ရှိကြကြောင်း သိရသည်။
ထို့အပြင် ရှမ်းပြည်နယ်၏ ခရီးသွားကဏ္ဍလုပ်ငန်းများ ဖွဲ့ဖြိုးတိုးတက်စေရန်ရည်ရွယ်ပြီး ညောင်ရွှေမြို့ အင်းလေးရေပေါ်သင်္ကြန်ပွဲတော်ကိုလည်း မြန်မာ့ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများနှင့်အညီ ယိမ်းအကပြိုင်ပွဲများ၊ ဖျော်ဖြေရေးအစီအစဉ်များ၊ ခေတ်ပေါ်တေးဂီတအစီအစဉ်များဖြင့် စည်းကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်သွားမည်ရာ အနယ်နယ်အရပ်ရပ်မှ တိုင်းရင်းသား မိဘပြည်သူများအနေဖြင့် ရှမ်းပြည်နယ် တောင်ကြီးမြို့၏ ၁၃၈၇ ခုနှစ်၊ တောင်ကြီးမြို့ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်နှင့် အင်းလေးရေပေါ်သင်္ကြန်ပွဲတော်များကို လာရောက်လည်ပတ်၍ ပါဝင်ဆင်နွဲကြရန် ဖိတ်ခေါ်ထားကြောင်း သိရသည်။
ထက်ဝေ
#MNP #News


No comments:
Post a Comment