ဘားအံ ၊ မတ် ၁
ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် ဖေဖော်ဝါရီလ (၅)ရက်နေ့မှ (၆)ရက်နေ့အထိ ကျင်းပခဲ့သော ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ် တရားလွှတ်တော်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း တရားရုံး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတရားရုံး၊ ခရိုင်တရားရုံးများ၏ (၃၀)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ လမ်းညွှန်မှာကြားချက်များအပေါ် ထပ်ဆင့်ရှင်းလင်းသည့် အခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီက ကရင်ပြည်နယ် တရားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ထပ်ဆင့်ရှင်းလင်းပွဲတွင် ကရင်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးညွန့်လင်းက ပြည်ထောင်စုတရားသူကြီးချုပ်၏ မှာကြားချက်များဖြစ်သည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ အွန်လိုင်းငွေကြေးလိမ်လည်မှု တိုက်ဖျက်ရေးတို့ကို နိုင်ငံတော်က အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်လျက်ရှိရာ တရားရုံးများအနေဖြင့် တရားစီရင်ရာတွင် ဥပဒေနှင့်အညီ ထိရောက်ဟန့်တားသည့် ပြစ်ဒဏ်များ ချမှတ်ဆောင်ရွက်ကြရန်လိုကြောင်း၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေကို ပြဋ္ဌာန်းထားပြီးဖြစ်၍ ယင်းဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ တရားရုံးအားလုံးက လိုက်နာစစ်ဆေးစီရင်ကြရန်လိုကြောင်း၊ သီးသန့်တရားရုံးဖြင့် ရုံးထိုင်စစ်ဆေးသည့်အမှုများ၊ ဘဏ်များကစွဲဆိုသည့် အမှုများကိုလည်း ဥပဒေနှင့်အညီ မှန်ကန်မြန်ဆန်စွာ စစ်ဆေးစီရင်ကြရန်လိုကြောင်း၊ သက်သေခံပစ္စည်းများစီမံခန့်ခွဲခြင်းနှင့် စပ်လျဉ်း၍ ဘဏ္ဍာသိမ်းသက်သေခံယာဉ်များကို သတ်မှတ်အချိန်ကာလအတွင်း အပ်နှံကြရန်နှင့် ကြန့်ကြာမှုမရှိစေရေး ဆောင်ရွက်ကြရန်လိုကြောင်း၊ တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကောင်းမွန်သည့်ရလဒ် ပိုမိုထွက်ပေါ်လာစေရန် ကြိုးပမ်းဆောင်ရွက်သွားကြရန်နှင့် မူပိုင်ခွင့်ဆိုင်ရာ၊ အနုညာတစီရင်ဆုံးဖြတ်ခြင်းဆိုင်ရာ၊ လူမွဲခံယူခြင်းဆိုင်ရာတို့နှင့် စပ်လျဉ်းသည့်ဥပဒေများ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့် နိုင်ငံတကာသဘောတူစာချုပ်များကိုလည်း နားလည်ကျွမ်းကျင်အောင် ဖတ်ရှုလေ့လာမှတ်သားကြရန်လိုကြောင်း၊ တရားရုံးများ စစ်ဆေးခြင်းကိုလည်း မပျက်မကွက် ပုံမှန်စစ်ဆေးသွားကြရန်နှင့် ရှောင်တခင်စစ်ဆေးခြင်းများကိုလည်း အခါအားလျော်စွာစစ်ဆေးဆောင်ရွက် သွားကြရန်လိုကြောင်း၊ တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၂၇) ၏ စတုတ္ထနှစ်လုပ်ငန်းအစီအစဉ် ၂၀၂၆ တွင် ချမှတ်ထားသည့် လုပ်ငန်းအစီအစဉ်များ အောင်မြင်အောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန်လိုကြောင်း၊ နိုင်ငံခြားသားနှင့် မြန်မာအမျိုးသမီး ထိမ်းမြားလက်ထက်ပေးသည့် ကိစ္စများတွင် မြန်မာနိုင်ငံရှိအမျိုးသမီးများ၏ လက်ထပ်ထိမ်းမြားမှုတရားဝင်ဖြစ်စေရေး၊ အလွယ်တကူလက်ထက်ထိမ်းမြားပေးခြင်းဖြင့် မလိုလားအပ်သော လူကုန်ကူးမှုကဲ့သို့ ဥပဒေပြဿနာများ ပေါ်ပေါက်လာနိုင်သည့် အခြေအနေများကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် ထိမ်းမြားလက်ထပ်ရာတွင် လိုအပ်သည့်အချက်အလက်များကို ပြည့်စုံမှုရှိ/မရှိ သေချာစွာစိစစ်ပြီး ဆောင်ရွက်ကြရန်နှင့် ခရစ်ယာန်ထိမ်းမြားခြင်းဆိုင်ရာ အက်ဥပဒေအရ ဝိနည်းနှင့်အညီ ထိမ်းမြားလက်ထပ်ရာတွင်လည်း ထုတ်ပြန်ထားသည့် ညွှန်ကြားချက်နှင့်အညီ လိုက်နာဆောင်ရွက်ကြရန်လိုအပ်ကြောင်း ထပ်ဆင့်ရှင်းလင်းမှာကြားသည်။
ထို့နောက် ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်ခင်ပြုံးရီက (၃၀)ကြိမ်မြောက် အကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၏ တရားစီရင်ရေး၊ စီမံခန့်ခွဲရေးနှင့် ရုံးလုပ်ငန်းဆိုင်ရာ မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်းဆွေးနွေးမှာကြားခဲ့ပြီး အဆိုပါထပ်ဆင့်ရှင်းလင်းပွဲသို့ ကရင်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးများ၊ ပြည်နယ်တရားရေးဦးစီးမှူးနှင့် ပြည်နယ်တရားလွှတ်တော်၊ ခရိုင်/မြို့နယ် တရားရုံးများမှ တရားသူကြီးများ၊ တရားရေးအရာရှိများ စုစုပေါင်း (၂၉)ဦး တက်ရောက်ကြပြီး မြဝတီ ကြာအင်းဆိပ်ကြီး၊ သံတောင်ကြီး ခရိုင်/မြို့နယ်တရားရုံးများမှ တရားသူကြီး (၆)ဦးတို့မှာ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment