နမ့်စန်(တ) ၊ မတ် ၁
ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် လွိုင်လင်ခရိုင် အထွေထွေရောဂါကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာအောင်မြင့်သူ ဦးဆောင်သော အထူးကုဆရာဝန်ကြီးများအဖွဲ့သည် နမ့်စန်မြို့နယ်အတွင်းရှိ ပြည်သူများ၏ရောဂါဝေဒနာများ အားအခမဲ့စမ်းသပ် စစ်ဆေးကုသပေးခြင်းကို ယမန်နေ့ နံနက် ၈ နာရီကစတင်၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန် မြို့နယ်ပြည်သူ့ဆေးရုံတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်ပြည်သူ့ဆေးရုံတွင် လွိုင်လင်ခရိုင် အထွေထွေရောဂါကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာအောင်မြင့်သူဦးဆောင်၍ အထွေထွေရောဂါအထူးကုဆရာဝန်ကြီး၊ ခွဲစိတ်အထူးကု ဆရာဝန်ကြီး၊ အထူးကုဆရာဝန်ကြီး(ဓာတ်မှန်)၊ အရိုးအထူးကုဆရာဝန်၊ ကလေးအထူးကုဆရာဝန်ကြီး၊ သားဖွားနှင့်မီးယပ်အထူးကုဆရာဝန်နှင့် သွားနှင့်ခံတွင်းအထူးကုဆရာဝန်ကြီးတို့ ပါဝင်သော သက်ဆိုင်ရာတာဝန်ရှိသူများပါဝင်သော အထူးကုဆေးကုသရေးအဖွဲ့သည် ရပ်ကွက်နှင့်ကျေးရွာများ အတွင်းရှိဝေဒနာရှင်တိုင်းရင်းသားပြည်သူများကို အခမဲ့ရောဂါရှာဖွေစမ်းသပ်စစ်ဆေး၍ ကုသခြင်းလုပ်ငန်းများကိုဆောင်ရွက်ပေးခဲ့ပြီး နမ့်စန်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်နိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးမင်းခိုင်တို့ကဦးဆောင်၍ မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကြက်ခြေနီတပ်ဖွဲ့၊ လူမှုကူညီရေးအသင်းများနှင့် ပြည်သူ့ဆေးရုံမှဝန်ထမ်းများက ဝေဒနာရှင် ရဟန်းသံဃာ၊ သီလရှင်နှင့်ပြည်သူများ အဆင်ပြေချောမွေ့စွာ စမ်းသပ်ကုသခံနိုင်ရန်အတွက် ဝေယျာဝစ္စကိစ္စရပ်များနှင့် အခြားလိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို နံနက် ၈ နာရီမှ နေ့လည် ၁နာရီအထိ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး နမ့်စန်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများမှ ရောဂါဝေဒနာရှင် ရဟန်းသံဃာ၊သီလရှင်နှင့် တိုင်းရင်းသားပြည်သူ အထွေထွေရောဂါ(၁၇၇)ဦး၊ ခွဲစိတ်လူနာ (၄၄)ဦး၊ သားဖွားမီးယပ်(၁၈)ဦး၊ ကလေး(၂၇)ဦး၊ အရိုး(၁၄၇)ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်း(၅၆)ဦးနှင့် သွားနှင့်ခံတွင်း(၃၈)ဦး၊ စုစုပေါင်း(၅၀၇)ဦးကို အခမဲ့စမ်းသပ်စစ်ဆေးကုသပေးနိုင်ခဲ့ပြီး ဓါတ်မှန် လူနာ(၃၄)ဦးနှင့် Ultrasoundလူနာ(၃၀) ဦးတို့အား ကြည့်ရှုစစ်ဆေးပေးနိုင်ခဲ့ကြောင်း သိရသည်။
သူရအောင်(နမ့်စန်)
https://t.me/MyanmarNationalPost
No comments:
Post a Comment