ရန်ကုန်၊ မတ် ၃၁
အိန္ဒိယသမ္မတနိုင်ငံမှ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်သို့ ပေးပို့လှူဒါန်းသည့် ငလျင်အပြီး အဆောက်အအုံများ စစ်ဆေးရန် အသုံးပြုမည့် ကိရိယာများ လွှဲပြောင်းပေးအပ်ပွဲကို ယမန်နေ့က ရန်ကုန်မြို့ လှိုင်မြို့နယ် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်ရှိ Function Hall၌ ကျင်းပသည်။
ဦးစွာ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်ဥက္ကဋ္ဌ ဦးခင်မောင်ဌေးက ကြိုဆိုနှုတ်ခွန်းဆက် စကား ပြောကြားပြီး မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Abhay Thakurက အမှာစကား ပြောကြားသည်။
ထို့နောက် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဆန်းကြူက လှူဒါန်းသည့် အဆောက်အအုံ စစ်ဆေးခြင်းအတွက် စက်ပစ္စည်းအသုံးပြုမှုနည်းပညာဆိုင်ရာများကို ရှင်းလင်းတင်ပြပြီး ပစ္စည်း ကိရိယာများနှင့် စာရွက်စာတမ်းများကို မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီးက မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်ဥက္ကဋ္ဌထံ လွှဲပြောင်းပေးအပ်ကာ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်ရှိ မြန်မာနိုင်ငံငလျင်ကော်မတီဥက္ကဋ္ဌ ဦးညွန့်မောင်ဆန်းက နိဂုံးချုပ်အမှာစကားပြောကြားသည်။
မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းဥက္ကဋ္ဌ ဦးခင်မောင်ဌေးက “ဒီနေ့လှူဒါန်းတဲ့ ပစ္စည်းတွေကို အိန္ဒိယကနေ ရန်ကုန်ဆိပ်ကမ်းရောက်အောင် သံရုံးအစီအစဉ်နဲ့ ဆောင်ရွက်ပေးခဲ့တာပါ။ မတ် ၂၄ ရက်မှာ ကျွန်တော်တို့ အင်ဂျင်နီယာအသင်းချုပ်ရုံးကို ရောက်ပါတယ်။ လှူဒါန်းတဲ့ပစ္စည်းက ၁၁ မျိုး ပါဝင်ပြီး တန်ဖိုးက အိန္ဒိယရူပီး သန်းပေါင်း ၂၀ ကျော်ဖြစ်ပြီး မြန်မာငွေတန်ဖိုးအနေနဲ့ ကျပ် သိန်းပေါင်း တစ်သောင်းကျော် တန်ဖိုးရှိပါတယ်။ အခုလိုလှူဒါန်းပေးတဲ့အတွက် အိန္ဒိယသမ္မတ နိုင်ငံနဲ့ အိန္ဒိယပြည်သူပြည်သားတွေ၊ သံအမတ်ကြီးနဲ့တကွ သံရုံးက တာဝန်ရှိသူအားလုံးကို ကျေးဇူး တင်ပါတယ်။ အဓိပ္ပာယ်ရှိတဲ့ ပံ့ပိုးကူညီမှုဟာ စေတနာကောင်းကိုသာမက မြန်မာနိုင်ငံနဲ့ အိန္ဒိယ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု ခိုင်မာပြီး ရေရှည်တည်တံ့တဲ့ မိတ်ဖက်ဆက်ဆံရေးကိုလည်း ထင်ဟပ်စေပါတယ်” ဟု ပြောသည်။
ယနေ့ လှူဒါန်းသည့် စက်ယန္တရားနှင့် ပစ္စည်းကိရိယာများတွင် မြေကြီးထိုးဖောက်စစ်ဆေး ရေး ရေဒါစက် (Ground Penetr-ation Radar)၊ Lidar စကန်နာပါသော တက်ပလက် (Tablet / iPad with Lidar Scanner)၊ လေဗယ်တိုင်းတာရေး လေဆာစက် (Levelling Laser)၊ ဒစ်ဂျစ် တယ် ရေညှိတန်းတိုင်းကိရိယာ (၁ မီတာ) ( Digital Spirit Level 1M Length)၊ အတိုင်းအတာတိုင်း ကိရိယာ (Vernier Clipper)၊ အကွာအဝေးတိုင်းတာရေး လေဆာစက် အများဆုံးအကွာအဝေး(Distance Laser Max)၊ ကွန်ကရစ်ခိုင်ခံ့မှု စမ်းသပ်ဟမ်မာ (Rebound Hammer)၊ တိုင်းတာရေးစက် (Total Station)၊ ကွန်ပျူတာ (Computer)နှင့် ဆက်စပ်ပစ္စည်း များပါဝင်ပြီး ဘေးအန္တရာယ်မတိုင်မီနှင့် ဘေးအန္တရာယ် ဖြစ်ပွားပြီးနောက် အဆောက်အအုံ အကဲဖြတ်ခြင်းများအတွက် အသုံးပြုနိုင်သည့် စက်ယန္တရားနှင့် ပစ္စည်းကိရိယာများဖြစ်ကြောင်း သိရသည်။
#MNP #News



No comments:
Post a Comment