ကယားပြည်နယ်ဝန်ကြီးချုပ် အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများအတွက် နွေရာသီ ယဉ်ကျေးလိမ္မာသင်တန်း၊ အင်္ဂလိပ်စာသင်တန်းနှင့် ပန်းချီသင်တန်းများဖွင့်လှစ်နေမှု သွားရောက်အားပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ကယားပြည်နယ်ဝန်ကြီးချုပ် အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများအတွက် နွေရာသီ ယဉ်ကျေးလိမ္မာသင်တန်း၊ အင်္ဂလိပ်စာသင်တန်းနှင့် ပန်းချီသင်တန်းများဖွင့်လှစ်နေမှု သွားရောက်အားပေး





လွိုင်ကော်၊ မတ် ၂၈

ကယားပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် ၂၀၂၆ ခုနှစ်၊ အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများအတွက် နွေရာသီ ယဉ်ကျေးလိမ္မာသင်တန်း၊ အင်္ဂလိပ်စာသင်တန်းနှင့် ပန်းချီသင်တန်းများ ဖွင့်လှစ်နေမှုကို ယနေ့နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ သွားရောက်ကြည့်ရှု အားပေးခဲ့သည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်မြို့ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) လောဓမ္မသို့သွားရောက်၍ ယဉ်ကျေးလိမ္မာသင်တန်း သင်ကြားပို့ချနေမှုကို ကြည့်ရှုအားပေးပြီး  ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်များအနေဖြင့် နွေရာသီ ကျောင်းပိတ်ရက်ကာလအတွင်းအချိန်ကို အကျိုးရှိစွာအသုံးချပြီး ကိုယ်စိတ်နှလုံးသုံးပါးစလုံး ယဉ်ကျေးသိမ်မွေ့ လာစေရန် သင်ကြားပေးသည့် ယခုသင်တန်းကို စိတ်ပါဝင်စားစွာ တက်ရောက် သည့်အတွက် ကြေနပ်ဝမ်းမြောက်မိပါကြောင်း၊ သင်တန်းမှ ရရှိသည့် အသိအလိမ္မာများကိုလည်း မိမိပတ်ဝန်းကျင်ရှိ မိတ်ဆွေ၊ သူငယ်ချင်း၊ မိသားစုများထံ မျှဝေစေလိုကြောင်း၊ လူငယ်မောင်မယ်များအနေဖြင့် အမျိုးဘာသာ သာသနာကို စောင့်ရှောက်နိုင်သည့် အမျိုးကောင်းသားသမီးများ ဖြစ်လာစေရန် ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း စသည်ဖြင့် ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများကို ချီးမြှင့်ငွေများ ပေးအပ်ရာ သင်တန်းသား ကိုယ်စားလှယ် ၂ ဦးက လက်ခံရယူကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များသည် အမှတ် (၅) အခြေခံပညာ အထက်တန်းကျောင်းသို့‌ ရောက်ရှိပြီး နွေရာသီ အင်္ဂလိပ်စာနှင့် ပန်းချီသင်တန်း ဖွင့်လှစ်သင်ကြားနေမှုကို ကြည့်ရှုအားပေးသည်။ ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းသား ကျောင်းသူများအနေနှင့် မိမိတို့ဝါသနာပါရာ သင်တန်းများကို အားလပ်ရက်များတွင် တက်ရောက် သင်ယူခြင်းဖြင့် မိမိတို့၏ဘဝတိုးတက်မြင့်မားရေးကို အထောက်အပံ့ပြုနိုင်မည်ဖြစ်ကြောင်းနှင့် မိမိတို့ နိုင်ငံတော်နှင့် ပြည်နယ်က အားကိုးအားထားပြုရသည့် လူငယ်များဖြစ်လာအောင် ကြိုးပမ်းကြစေလိုကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများကို ချီးမြှင့်ငွေများ ပေးအပ်ရာ သင်တန်းသားသင်တန်းသူ ကိုယ်စားလှယ် ၂ ဦးက လက်ခံရယူကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များသည် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လွိုင်ကော်ခရိုင်ရုံးသို့ရောက်ရှိပြီး ပြည်သူ့စာကြည့်တိုက် ဖွင့်လှစ် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ စာအုပ်စာစောင်များ ပျက်စီးဆုံးရှုံးမှု မရှိစေရေး၊ စာဖတ်စာငှားဦးရေ တိုးပွားလာစေရေး ဆောင်ရွက်သွားရန်၊ လူငယ်များ စာကြည့်တိုက်သို့လာရောက်မှု များပြားစေရေးအတွက် လူငယ်များနှင့် သက်ဆိုင်သည့် သင်တန်းများ စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြားသွားနိုင်ရန် မှာကြားခဲ့ပြီး ဖွင့်လှစ်သင်ကြားလျက်ရှိသည့်  ပန်းချီသင်တန်းကို ကြည့်ရှုအားပေးသည်။ ထို့နောက် ပြည်နယ် ဝန်ကြီးချုပ်က သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများကို ချီးမြှင့်ငွေများ ပေးအပ်ရာ သင်တန်းသူ ကိုယ်စားလှယ် ၂ ဦးက လက်ခံရယူကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ခရိုင်ရုံးအတွင်း ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည့် ကလေးစာဖတ်ခန်းကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)