ဗဟန်း၊ မတ် ၂၈
ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသော ၂၀၂၆ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ဆရာတော်ကြီးသုံးပါးတို့အား ထပ်ဆင့်ချီးကျူးဂုဏ်ပြုသည့် ဂုဏဝိသိဋ္ဌပူဇာမင်္ဂလာ အခမ်းအနားကို မတ်လ ၂၆ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် ရွှေတိဂုံစေတီတော်ရင်ပြင် တောင်ဘက်မုခ်ရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ကျင်းပသည်။
ဦးစွာ “နမောတဿ” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ဩဝါဒါစရိယ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဒွိပိဋကဓရ၊ ပါဠိပါရဂူ၊ ဆရာတော်ဘဒ္ဒန္တနာဂိတ ထံမှ ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြသည်။ ထို့နောက် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ အလှည့်ကျသဘာပတိ ဦးဘိုသင်းက ဂုဏဝိသိဋ္ဌပူဇာမင်္ဂလာစကားလျှောက်ထားသည်။
ယင်းနောက် ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး သုံးပါးတို့၏ ထေရုပ္ပတ္တိကို ဂေါပကအဖွဲ့ရုံး ဌာနခွဲမှူး ဦးအောင်မြင့်ထွန်းက ဖတ်ကြားလျှောက်ထားသည်။ ထို့နောက် ၂၀၂၆ ခုနှစ် သာသနာ တော်ဆိုင်ရာ အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တနာဂိတ၊ ရွှေပြည်သာပရိယတ္တိ စာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တ သုန္ဒရ၊ တိပိဋကဓရ-ဓမ္မဘဏ္ဍာဂါရိက၊ စွန်းလွန်းဂူရိပ်သာကျောင်းတိုက် ပဓာနနာယက ဆရာတော်နှင့်အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတဘွဲ့တံဆိပ်တော်ရဘဒ္ဒန္တကဉ္စန၊ နိုင်ငံတော် သံဃ မဟာနာယကအဖွဲ့ဝင်၊ သာသနဓဇဓမ္မာစရိယ၊ လှိုင်ရတနာပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော်တို့အား ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များကဘွဲ့တံဆိပ်တော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယ၊ တိပိဋကဓရဓမ္မ ဘဏ္ဍာဂါရိက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တသုန္ဒရဆရာတော်ထံမှ အနုမောဒနာ တရားနာယူ၍ ရေစက်သွန်းချ အမျှပေးဝေပြီး “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနားရုပ်သိမ်းလိုက်ကြောင်း သိရသည်။
အောင်မြင့်
#MNP #News






No comments:
Post a Comment