မကွေး၊ မတ် ၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် ကမ်းနီကျေးရွာ၌ မကွေးမြို့ အောင်ပုံတောရ ကံ့ကော်တစ်ထောင် ဆရာတော်ကြီးအား အမှူးပြု၍ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ မတည်အလှူငွေ၊ ဌာနဆိုင်ရာများ၊ စေတနာရှင် အလှူရှင်များနှင့် ဒေသခံများမှ ထည့်ဝင်လှူဒါန်း ငွေများဖြင့် မူလပုံစံမပျက် ပြန်လည်ပြုပြင်တည်ထားကိုးကွယ်သော ပုဂံခေတ်လက်ရာ ရှေးဟောင်း သိဒ္ဓိအောင်စေတီတော်မြတ်ကြီး ရွှေထီးတော်တင်၊ ဌာပနာတော်သွင်း၊ ဗုဒ္ဓါဘိသေက ဘုရားအနေ ကဇာတင်လှူပူဇော်ပွဲ မင်္ဂလာအခမ်းအနားကို မတ်လ ၈ ရက် နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင် ဝန်ကြီးများ၊ စေတနာရှင် အလှူရှင်များနှင့် ဒေသခံများ တက်ရောက်သည်။
ဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့်တာဝန်ရှိသူများသည် ကမ်းနီကျေးရွာရှိ ပုဂံခေတ်လက်ရာ ရှေးဟောင်း သိဒ္ဓိအောင်စေတီတော်မြတ်ကြီးအား ပန်း၊ ဆီမီး၊ ဆွမ်းတော်နှင့် သောက်တော်ရေချမ်းများ ဆက်ကပ်လှူဒါန်းပြီး မကွေးမြို့ အောင်ပုံတောရ ကံ့ကော်တစ်ထောင် ဆရာတော်ကြီးထံမှ ကိုးပါးသီလခံယူဆောက်တည်ကာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် စေတနာရှင် အလှူရှင်များ၊ ဘုရားဒါယကာ၊ ဒါယိကာမများက ရတနာစိတ်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်နှင့် ဘုရားဌာပနာတော်ပစ္စည်များအား ဆရာတော်ကြီးထံ ဆက်ကပ်လှူဒါန်းပြီးနောက် အဆိုပါပစ္စည်းများအား ပင့်ဆောင်၍ ရှေးဟောင်း သိဒ္ဓိအောင်စေတီတော်မြတ်ကြီးအား လက်ယာရစ် သုံးပတ်လှည့်လည်ပူဇော်သည်။
ဆက်လက်ပြီး ရွှေထီးတော် တင်လှူပူဇော်ရေးအဖွဲ့မှ ဦးဆောင်၍ စေတနာရှင် အလှူရှင်များ၊ ဘုရားဒါယကာ၊ ဒါယိကာများနှင့် ကမ်းနီကျေးရွာမှ ဒေသခံပြည်သူများက မင်္ဂလာရထားပျံဖြင့် စတင် ပင့်ဆောင်ကာ ဘုရားထီးတော် တင်လှူပူးဇော်ခြင်း လုပ်ငန်းအဆင့်ဆင့်ကို ဆောင်ရွက်၍ မကွေးတိုင်း ဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရတနာစိတ်ဖူးတော်အား ပင့်ဆောင်ကာ စေတီတော် အထွတ်ထိပ်သို့ တင်လှူပူဇော်၍ ဌာပနာပစ္စည်းများအား ဌာပနာတိုက်သို့ ပင့်ဆောင်ကာ ဌာပနာ တော်သွင်းခြင်းဆောင်ရွက်ကာ ရွှေထီးတော်တင် အောင်မြင်ခြင်းအထိမ်းအမှတ် ရတနာရွှေမိုး ငွေမိုးများ ရွာသွန်းဖြိုးခြင်း ဆောင်ရွက်ခဲ့ပြီး ပင့်ဖိတ်ထားသော ဆရာတော်ကြီးများက ရှေးဟောင်း သိဒ္ဓိအောင်စေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင်လှူပူဇော်ခဲ့ကြသည်။
ထို့နောက် ဘုရားရွှေထီးတော်တင်လှူပူဇော်ခြင်း အောင်မြင်ခြင်းအထိမ်းအမှတ် မင်္ဂလာ အခမ်းအနားကို ကျင်းပရာ မကွေးမြို့ အောင်ပုံတောရ ကံ့ကော်တစ်ထောင် ဆရာတော်ကြီး အမှူပြုသော ပင့်သံဃာ ဆရာတော်ကြီးများထံမှ ငါးပါးသီလ ခံယူဆောက်တည်၍ ပရိတ်တရား တော်နှင့် အနုမောဒနာတရားတော်များ နာယူကြည်ညိုကာ ဘုရားကြီးအတွက် အလှူငွေနှင့် ဆရာတော်ကြီးများထံ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုတို့ အတွက် ရေစက်သွန်းချ အမျှအတမ်းများ ပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု ကြိမ်ရွတ်ဆို ဆုတောင်၍ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
#News #MNP











No comments:
Post a Comment