မန္တလေး၊ မတ် ၂၂
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ သံလျှက်မှော်အနောက်ရပ်ကွက် အကွက်(၄ဝ၅-A) အုတ်ကျင်းရပ်ရှိ နေအိမ်များကို ကျူးကျော်နေအိမ်များဟုဆိုကာ အမြန်ဆုံးဖျက်သိမ်းပေးရန် သက်ဆိုင်ရာအာဏာပိုင်အဖွဲ့က ညွှန်ကြားလာသည်ကို သံလျှက်မှော်အနောက်ရပ်ကွက်ရှိ ဥက္ကဋ္ဌဆရာတော် နှင့်တကွ ဂေါစရဂံကျောင်းရှိဆရာတော်များ ရဟန်းသံဃာတော်များမှ လွန်စွာမှစိတ်မကောင်းဖြစ်ရပါကြောင်း၊ စိတ်မသက်မသာဖြစ်ရပါကြောင်း၊ ရပ်ကွက်နေ တပည့်ဒါယကာများ၏ ဘဝရပ်တည်ရေးနှင့် ကျောင်းသားလူငယ်များ၏ ပညာရေးအတွက် များစွာစိတ်ပူပန်မိပါကြောင်း ၂၀၂၆ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့က ထုတ်ပြန်ထားသည်။
သံဃာတော်များ လက်မှတ်ရေးထိုးထားသည့် အကြောင်းအရာတွင် အကွက်(၄ဝ၅-A) အုတ်ကျင်းရပ်ရှိ နေအိမ်များကို ကျူးကျော်နေအိမ်များဟုဆိုကာ ဖျက်သိမ်းပေးရန် လုပ်ဆောင်နေမှုကို ရပ်ဆိုင်းပေးရန်ကိစ္စ ဟု ဖော်ပြထားပြီး လွန်ခဲ့သောနှစ်ပေါင်း(၇၀)နီးပါးကထဲကနှစ်စဉ်မပြတ် ဆွမ်းကြီးလောင်း လှူပွဲများ ပြုလုပ်ခြင်း၊ ဝါတွင်းသီလပွဲများ၊ သင်္ကြန်သီလပွဲများပြုလုပ်ခြင်း၊ တရားပွဲတော်များပြုလုပ်ခြင်း၊ ဆွမ်း၊ ကွမ်းများကပ်လှူခြင်းစသည့် ကောင်းမှုကုသိုလ်များဖြင့် သံလျှက်မှော်အနောက်ရပ်ကွက် ဂေါစရဂံကျောင်း ရဟန်းသံဃာများ၏ ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး ပစ္စည်းလေးပါး ဒါယကာ၊ ဒါယိကာမများဖြစ်ကြပါသည်။
တပည့်ဒါယကာများ၏ အခက်အခဲများကို ဆရာတော်များထံ အသနားခံလျှောက်ထား တောင်းပန် အကူအညီ တောင်းခံလာပါသဖြင့် နေအိမ်များ ဖျက်သိမ်းဖယ်ရှားပေးရန် လုပ်ဆောင်နေမှုအပေါ် ပြန်လည်စစ်ဆေး၍ ဖြစ်သင့်သည့် အစီအမံများဖြင့် ကူညီဆောင်ရွက်ပေးနိုင်ပါရန် သံလျှက်မှော်အနောက် ရပ်ကွက်ဥက္ကဋ္ဌဆရာတော်နှင့် ဂေါစရဂံကျောင်းဆရာတော်များက လက်မှတ်ရေးထိုး၍ မေတ္တာရပ်ခံထားသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌထံသို့လည်း ကျူးကျော်မြေ / ကျူးကျော်အဆောက်အဦး၌ နေထိုင်ခြင်း မဟုတ်၍ အဆောက်အဦးဖျက်သိမ်းပေးရန်(၁၅.၃.၂ဝ၂၆)နေ့ကအကြောင်းကြား လာမှုအပေါ် သနားငဲ့ညှာပေးပါရန် အသနားခံတင်ပြထားသည်ကို တွေ့ရသည်။
#MNP #News






No comments:
Post a Comment