အလုပ်သမားဝန်ကြီးဌာန အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့ အစည်းအဝေးကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

အလုပ်သမားဝန်ကြီးဌာန အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့ အစည်းအဝေးကျင်းပ


နေပြည်တော်၊ မတ် ၄

အလုပ်သမားဝန်ကြီးဌာန အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့၏ (၁/၂၀၂၆) ကြိမ်မြောက် အစည်းအဝေးကို ယမန်နေ့က လူမှုဖူလုံရေးအဖွဲ့ (ရုံးချုပ်) ၌ ကျင်းပသည်။

အစည်းအဝေးတွင် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး၊ အမျိုးသားအဆင့်အဖွဲ့ဝင်များနှင့် အလုပ်ရှင်/အလုပ်သမားအဖွဲ့အစည်း ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက လူမှုဖူလုံရေးအဖွဲ့အနေဖြင့် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားသုံးပွင့်ဆိုင်ပါဝင်သည့် အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့ကို ဖွဲ့စည်း၍ အာမခံအလုပ်သမားများအတွက် ထိရောက်ကောင်းမွန်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ အလွယ်တကူ လက်လှမ်းမီရယူနိုင်ရန်နှင့် လူမှုဖူလုံရေးအကျိုးခံစားခွင့်များကို ဥပဒေနှင့်အညီပေးအပ်နိုင်ရန် အဓိကထားဆောင်ရွက်ပေးလျက်ရှိရာ လက်ရှိတွင် နှစ် (၇၀) ကျော်ကာလသို့ ရောက်ရှိခဲ့ပြီး လူမှုဖူလုံရေးစီမံကိန်းကို အကျုံးဝင်မြို့နယ် ၁၂၈ မြို့နယ်အထိ အာမခံအလုပ်သမား ၁ ဒသမ ၃၄ သန်းကျော်ဖြင့် တိုးချဲ့ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း။

လူမှုဖူလုံရေးအဖွဲ့သည် အာမခံအလုပ်သမားများကို ပိုမိုထိရောက်ကောင်းမွန်သည့် ကျန်းမာရေးဝန်ဆောင်မှုများ ပေးနိုင်ရန်အတွက် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများနှင့် စာချုပ်ချုပ်ဆို၍ Fee for Service Payment ဖြင့် ဆေးခန်း ၇၅ ခန်းနှင့် သားဖွားခန်းရှစ်ခန်းဖွင့်လှစ်၍ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိပြီး စိုက်ထုတ်ကုန်ကျခဲ့သည့် ဆေးဖိုးစိုက်ထုတ်ငွေများကို အမြန်ဆုံးပြန်လည်ပေးအမ်းလျက်ရှိကြောင်း။

လူမှုဖူလုံရေးအဖွဲ့အနေဖြင့် အာမခံအလုပ်သမားများ၏ အကျိုးကိုရှေးရှုပြီး ၂၀၂၅ ခုနှစ်၌ မန္တလေးမြေငလျင်လှုပ်ခတ်မှုဖြစ်စဉ်ကြောင့် ငလျင်ဘေးသင့်ခဲ့သည့် တိုင်းဒေသကြီး/ ပြည်နယ် ခြောက်ခုရှိ အာမခံအလုပ်သမားတစ်သိန်းကျော်အတွက် ငွေကျပ် ၁၀၉၈၆ ဒသမ ၃၆၈ သန်းနှင့် သဘာဝဘေးအန္တရာယ်ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှုအကျိုးခံစားခွင့်အတွက် အာမခံအလုပ်သမားများ၏ အချိန်ပြည့်ပညာသင်ကြားနေသော သားသမီးကိုးသောင်းခန့်အား ငွေကျပ် ၃၅၈၀ ဒသမ ၁၃၀ သန်းကို ပညာသင်စရိတ်အနေဖြင့် ခွင့်ပြုထုတ်ပေးနိုင်ခဲ့ကြောင်း။

လူမှုဖူလုံရေးအဖွဲ့ကို အာမခံအလုပ်သမားများ အားကိုးအားထားပြုထိုက်သော ဌာနတစ်ခုဖြစ်စေရန်နှင့် အာမခံအလုပ်သမားများအတွက် ယခုထက်ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများ ဆောင်ရွက်ပေးနိုင်စေရန်နှင့် တစ်မျိုးသားလုံးအကျုံးဝင်သည့် စီမံကိန်းဖြစ်စေရန်အတွက် အိမ်နီးချင်းနိုင်ငံများတွင် ကျင့်သုံးသည့် လူမှုဖူလုံရေးစနစ်များနှင့် နှိုင်းယှဉ်လေ့လာသုံးသပ်မှုများပြုလုပ်ပြီး လိုအပ်သည့် ပြုပြင်ပြောင်းလဲမှုများကိုလည်း ဆက်လက်ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)