နေပြည်တော်၊ မတ် ၃၀
ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ် နယ်မြေတွင် တရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် အီသီယိုးပီးယားနိုင်ငံသား ၃၆ ဦး၊ ဗီယက်နမ်နိုင်ငံသား ၂၇ ဦး၊ ကင်ညာ နိုင်ငံသား တစ် ဦးနှင့် ရဝမ်ဒါနိုင်ငံသား တစ် ဦး၊ စုစုပေါင်း ပြည်ပနိုင်ငံသား ၆၅ ဦးတို့အား မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေး တံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်း စာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ ဥပဒေ လုပ်ထုံး လုပ်နည်း များနှင့်အညီ ထပ်မံလွှဲပြောင်းပေးသည်။
အဆိုပါ ပြည်နှင်လွှဲပြောင်းပေးမှုလုပ်ငန်းများ စနစ်တကျရှိစေရေးနှင့် အဆင်ပြေ ချောမွေ့ စေရေးအတွက် မြဝတီခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး နှင့် တာဝန်ရှိသူများက ဌာနဆိုင်ရာများနှင့်တွေ့ဆုံကာ စာရင်းဇယား၊ ကိုက်ညီမှုရှိရေးနှင့် ပြည့်စုံမှန်ကန်မှုရှိရေးတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ အချက်အလက်များ
ထိုသို့ ပြည်နှင်လွှဲပြောင်းပေးအပ်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံသံရုံးမှ တာဝန်ရှိသူများ အီသီယိုးပီးယားနိုင်ငံ၊ ကင်ညာနိုင်ငံနှင့် ရဝမ်ဒါနိုင်ငံသံရုံး တို့မှ သံရုံးကိုယ်စားလှယ် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံမှ တာဝန်ရှိသူတို့က သက်ဆိုင်ရာနိုင်ငံများမှ တာဝန်ရှိသူများထံသို့ ပြည်နှင်လွှဲပြောင်း လက်ခံရေးဆိုင်ရာ အထောက်အထား စာရွက်စာတမ်း များကို စနစ်တကျ လွှဲပြောင်းပေးအပ်သည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ ၂၀၂၆ ခုနှစ်၊ မတ်လ ၃၀ ရက်အထိ မြဝတီမြို့နယ် အတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၁၄၆၁၆ ဦး ထိန်းသိမ်းနိုင်ခဲ့ ကြောင်းနှင့် ယင်းနိုင်ငံသားအားလုံးကို စစ်ဆေးပြီးစီးခဲ့ပြီး ၎င်းတို့အနက်မှ ၁၃၄၀၁ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ လုပ်ထုံး လုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၁၂၁၅ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက် ထားရှိသည်။
နိုင်ငံတော်အနေဖြင့် Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက် နေသူများနှင့် နောက်ကွယ်မှကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် အရေးယူနိုင်ရေး အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်း များနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက် ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခ ရောက်နေကြသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့် နိုင်ငံခြားသားများကို သက်ဆိုင်ရာ နိုင်ငံများသို့ အမြန်ဆုံး ပြည်နှင်လွှဲပြောင်းပေးနိုင်ရေး ထိရောက်စွာညှိနှိုင်း ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။
#MNP #News

No comments:
Post a Comment