တရုတ်ဇနီးမယားအဖြစ် လက်ထပ်ပေါင်းသင်းစေကာ ငွေကြေးအကျိုးအမြတ်ခေါင်းပုံဖြတ် ရယူဆောင်ရွက်ကြသူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ်ချမှတ် - Myanmar National Post

Myanmar National Post

News Agency

Breaking

တရုတ်ဇနီးမယားအဖြစ် လက်ထပ်ပေါင်းသင်းစေကာ ငွေကြေးအကျိုးအမြတ်ခေါင်းပုံဖြတ် ရယူဆောင်ရွက်ကြသူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ်ချမှတ်


နေပြည်တော်၊ မတ် ၃၁

အမျိုးသမီးကို တရုတ်ဇနီးမယားအဖြစ် လက်ထပ်ပေါင်းသင်းစေကာ ရရှိသော ငွေကြေး အကျိုးအမြတ် ခေါင်းပုံဖြတ်ရယူ ဆောင်ရွက်ကြသူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။ 

ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် မကျီးပင်စောက်ကျေးရွာ နေ အမျိုးသမီးတစ်ဦးသည် ခင်ပွန်းဖြစ်သူနှင့် စကားများရန်ဖြစ်ပြီး အလုပ်လုပ်ကိုင်ရန် လေယာဉ်ဖြင့် ကျိုင်းတုံမြို့သို့ ရောက်ရှိနေစဉ် ရှမ်းပြည်နယ် ကျိုင်းတုံမြို့ ယန်းခမ်းကားကြီး ဝင်းနေ မအိမူမူအောင်(ခ)မသဲသဲ မိုင်းပေါက်မြို့ရှိ ပွဲစားဒေါ်အိနှင့် ချိတ်ဆက် ပေးမည်၊ တရုတ်အငှားမယား လုပ်မည် ဆိုပါက မိုင်းပေါက်မြို့သို့ သွားရောက်ရမည်၊ တင်တောင်းငွေ ယွမ် ၁၅၀၀၀ ရရှိမည်ဖြစ် ကြောင်း ပြောဆိုစည်းရုံးခဲ့သဖြင့် သဘောတူ ပြီး ၂၀၂၅ ခုနှစ် ဇူလိုင်လတွင် မအိမူမူအောင် (ခ) မသဲသဲ က ကျိုင်းတုံမှ မိုင်းပေါက်မြို့သို့ ပို့ဆောင်ခဲ့ရာ ပွဲစား ဒေါ်အိထံသို့ ရောက်ရှိခဲ့ကြောင်း။

ဒေါ်အိက တရုတ်ပွဲစားများထံ ၎င်း၏ ဓာတ်ပုံများ ပို့ပေးခဲ့ရာမှ လာရောက်ကြည့်ရှု ကြပြီး တရုတ်ပွဲစားများက ဒေါ်အိ ကို တရုတ်ငွေများပေးနေသည်ကို တွေ့ရှိရကြောင်း၊ မည်မျှပေးသည်ကို မသိရှိကြောင်း၊ တရုတ်ပြည်ရှိ တရုတ်အမျိုးသားနှင့် လက်ထပ် ပြီးပါက တင်တောင်းငွေ တရုတ်ယွမ် ၁၅၀၀၀ ရရှိမည်ဟု ဒေါ်အိ နှင့် မအိမူမူအောင်(ခ) မသဲသဲ တို့က ပြောဆိုခဲ့ကြကြောင်း။

ယင်းနောက် တရုတ်ပွဲစားများနှင့်အတူ တောလမ်းများမှ သွားရောက်ခဲ့ရာ တရုတ်ပြည်ရှိ အမည်မသိရွာတစ်ရွာသို့ ရောက်ရှိခဲ့ပြီး ထိုရွာရှိ တရုတ်နိုင်ငံသား "ဝ"အမျိုးသား အဲကား ဆိုသူနှင့် လက်ထပ်ခဲ့ရကြောင်း၊ တင်တောင်းငွေမရသဖြင့် သားမယားအဖြစ် နေထိုင်ရန်ပြောဆိုမှုကို ငြင်းဆန်ခဲ့ရာ ပွဲစားများထံမှ ဝယ်ယူပြီးဖြစ်၍ ကလေးမွေးပြီးမှသာ ပြန်ခိုင်းမည်ဖြစ်ကြောင်း ပြောဆို၍ သားမယားအဖြစ် နေထိုင်ခဲ့ကြောင်း၊ သားမယားအဖြစ်နေထိုင်ရန် ငြင်းဆန်သည့် နေ့များတွင် အခန်းတွင်း တံခါးပိတ်ပြီး ခြေဖြင့်ကန်ခြင်း၊ ကြိုးဖြင့်ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့သဖြင့် အဲကားတောင်ယာသို့သွားစဉ် နေအိမ်မှ ထွက်ပြေးပြီး လျန်စန်းရဲစခန်းသို့ ရောက်ရှိကာ တရားမဝင် ဝင်ရောက်မှုအတွက် ထောင်ဒဏ် နှစ်လနှင့် နှစ်ရက် ချမှတ်ခံခဲ့ရပြီး မြန်မာနိုင်ငံနယ်စပ်သို့ ပြန်လည်လွှဲပြောင်း ပေးခဲ့ကြောင်း စိစစ်ပေါ်ပေါက်သဖြင့် အမှတ် (၁၈) လူကုန်ကူးမှုတားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့စု(ကျိုင်းတုံ) မှ တရားလိုပြုလုပ် တိုင်တန်းခဲ့ရာ ကျိုင်းတုံမြို့မရဲစခန်း(ပ) ၁၆၇/၂၀၂၅၊ လူကုန်ကူးမှုတားဆီးနှိမ်နင်း ရေးဥပဒေပုဒ်မ ၃၅ ဖြင့် အမှုရေးဖွင့်တရား စွဲတင်ခဲ့ပြီး ၂၀၂၆ ခုနှစ် မတ် ၂၆ ရက်တွင် ကျိုင်းတုံခရိုင် တရားရုံးမှ မအိမူမူအောင် (ခ)မသဲသဲ ကို လူကုန်ကူးမှု တားဆီးနှိမ်နင်း ရေးဥပဒေပုဒ်မ ၃၅ ဖြင့် အလုပ်နှင့် ထောင် ဒဏ် ၁၅ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး တိမ်းရှောင်တရားခံ ဒေါ်အိ ကို လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅/ကျင့် ၅၁၂ အရ ကျင့် ၈၇/၈၈ ထုတ်ဆင့်ခဲ့ကြောင်း သိရသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)