ပန်းတောင်း၊ မတ် ၉
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်းရှိ လူငယ်လူရွယ်များအကြား ကျန်းမာရေးထိခိုက်စေနိုင်သည့် အီလက်ထရောနစ်စနစ်သုံး ဆေးလိပ်အစားထိုး အငွေ့ရှူစက် (Vape) နှင့် ဆက်စပ်ပစ္စည်းများ ရောင်းချခြင်း ရှိ၊ မရှိကို ယနေ့နံနက်ပိုင်းက စားသုံးသူရေးရာဦးစီးဌာနတာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့မှမြို့ပေါ်ကုန်စုံဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထိုသို့ စစ်ဆေးရာတွင် မြို့ပေါ်ရှိ ကုန်စုံဆိုင်များ၊ လူငယ်အသုံးအဆောင်ပစ္စည်း အရောင်းဆိုင်များတွင် တရားမဝင်တင်သွင်းလာသော Vape အငွေ့ရှူစက်များ၊ ဆက်စပ်ပစ္စည်းများနှင့် ဆေးရည်များ ရောင်းချခြင်း ရှိ၊ မရှိကို လိုက်လံကြည့်ရှုစစ်ဆေးကြသည်။
စစ်ဆေးစဉ်အတွင်း ဆိုင်ပိုင်ရှင်များအား အဆိုပါ အီလက်ထရောနစ် အငွေ့ရှူစက်များသည် လူငယ်များ၏ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်သည့်အပြင် ဥပဒေနှင့်မကင်းသော ပစ္စည်းများဖြစ်သဖြင့် တင်သွင်းရောင်းချခြင်းမပြုရန်၊ အကယ်၍ ရောင်းချနေသည်ကို စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေများအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့သည်။
လပြည့်လင်း
#News #MNP

No comments:
Post a Comment