ရန်ကုန် ၊ ဧပြီ ၂၃
၂၀၂၆ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၄) ခရိုင် အသက် (၂၅) နှစ်အောက် အမျိုးသား/ အမျိုးသမီးဘော်လီဘောပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) ၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အားကစားနှင့် ကာယပညာကော်မတီဝင်များ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/ နည်းပြများ၊ အားကစားသမားများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီနာယက၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူက အဖွင့်အမှာစကားပြောကြားရာတွင် ပြိုင်ပွဲတွင် တာဝန်ယူဆောင်ရွက်ကြမည့် ဒိုင်လူကြီးများအနေဖြင့် ဘက်လိုက်မှုကင်းစွာနှင့် ချမှတ်ထားသည့် ပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်းများကို လိုက်နာကြရန်၊ ယှဉ်ပြိုင်မည့် အားကစားသမားများအနေဖြင့်လည်း ပြိုင်ပွဲမှ ချမှတ်ထားသည့် စည်းမျဉ်း/ စည်းကမ်းများကို လိုက်နာကြရန်နှင့် နောင်တစ်ချိန်တွင်လည်း နိုင်ငံဂုဏ်ကို မြှင့်တင်ပေးနိုင်သည့် ထူးချွန်အားကစားသမားများဖြစ်လာအောင် ကြိုးစားကြရန်စသည်တို့ကို ပြောကြားသည်။
ထို့နောက် ပြိုင်ပွဲဝင် အားကစားသမားများက အားကစားသစ္စာဓိဌာန် (၄) ချက်ရွတ်ဆိုပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် အဖွဲ့က ပြိုင်ပွဲဝင် အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြပြီး အားကစားပစ္စည်းများကို ပေးအပ်ကြသည်။ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူက ဘင်ခရာအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်သည်။ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် အဖွဲ့က ပထမပွဲစဉ် အလုံခရိုင်အသင်းနှင့် မရမ်းကုန်းခရိုင်အသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးသည်။အဆိုပါပြိုင်ပွဲကို (၁၄) သင်းဖြင့် ဧပြီလ (၂၃) ရက်နေ့မှ ဧပြီလ (၂၈) ရက်နေ့အထိ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။
ဇွဲထက်ကို
https://t.me/MyanmarNationalPost
No comments:
Post a Comment