လူငယ်ရေးရာဝန်ကြီးဌာန ကို ဒေါက်တာမောင်သင်း ကိုင်တွယ်မည် - Myanmar National Post

Myanmar National Post

News Agency

Breaking

လူငယ်ရေးရာဝန်ကြီးဌာန ကို ဒေါက်တာမောင်သင်း ကိုင်တွယ်မည်


ရွေးကောက်ခံ နိုင်ငံတော်သမ္မတ က အဆိုပြုသည့် ပြည်ထောင်စုဝန်ကြီးများစာရင်းတွင် ဒေါက်တာမောင်သင်း ပါဝင်လာခဲ့ပြီး လူငယ်ရေးရာဝန်ကြီးဌာန ကို ကိုင်တွယ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဒေါက်တာမောင်သင်းသည် တက္ကသိုလ်ဆရာတစ်ဦးဖြစ်ပြီး ယခင် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် တွင်လည်းကောင်း၊ လက်ရှိ တတိယအကြိမ် ပြည်သူ့လွှတ်တော် တွင်လည်းကောင်း မိတ္ထီလာမြို့နယ်မှ နှစ်ကြိမ်ဆက်တိုက် ရွေးချယ်ခံထားရသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြစ်သည်။

ဆရာမောင်သင်းမှာ အခြေခံပညာကို သနပ္ပင်မြို့တွင်သင်ကြားခဲ့သည်။ ရုက္ခဗေဒအထူးပြုဖြင့် မော်လမြိုင်တက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်တို့တွင် ၁၉၇၃ မှ ၁၉၈၃ အထိ သင်ကြားခဲ့ပြီး သိပ္ပံဘွဲ့၊ မဟာသိပ္ပံဘွဲ့များ ရရှိခဲ့သည်။ ၁၉၈၅ မှ ၁၉၈၉ အထိ ဂျာမနီနိုင်ငံ၊ မားဘတ်တက္ကသိုလ်မှ စာပေပါရဂူဘွဲ့ ရရှိခဲ့သည်။ အိန္ဒိယနိုင်ငံ ဂျာဒါဗျူတက္ကသိုလ်တွင် ၂၀၀၇ ခုနှစ် ဇွန်လ ၂၆ ရက်မှ ဇူလိုင်လ ၁၇ ရက်နေ့အထိ ခရိုင်ရိုဘိုင်အိုလော်ဂျီ ဘာသာရပ်ကို ဘွဲ့လွန်သင်တန်းတက်ခဲ့သည်။ တဖန် ၁၉၉၆၊ ၁၉၉၉၊ ၂၀၀၁ ခုနှစ်များတွင်လည်း မားဘတ်တက္ကသိုလ်တွင် ဘွဲ့လွန်သုတေသနတန်းများ တက်ရောက်ခဲ့သည်။

ဒေါက်တာမောင်သင်းသည် ၁၉၈၀ မှ ၁၉၈၁ ခုနှစ်အထိ ရန်ကုန်ဆေးတက္ကသိုလ် ၁ ၊ ရုက္ခဗေဒဌာနတွင် သရုပ်ပြအဖြစ် စတင်လုပ်ကိုင်ခဲ့သည်။ ၁၉၈၂ ခု ဇန်နဝါရီ ၁ ရက်မှ ၁၉၉၂ ခု ဒီဇင်ဘာ ၃၁ ရက်နေ့အထိ ရန်ကုန်တက္ကသိုလ်တွင် သရုပ်ပြ၊ လက်ထောက်ကထိက ရာထူးများဖြင့် အလုပ်လုပ်ခဲ့သည်။ ၁၉၉၃ ခုနှစ် ဇန်နဝါရီ ၇ ရက်မှ ၂၀၀၀ ခုနှစ်မေလ ၂၁ ရက်နေ့အထိ မော်လမြိုင်တက္ကသိုလ်တွင် လက်ထောက်ကထိက၊ ကထိကရာထူးများဖြင့် လုပ်ကိုင်ခဲ့သည်။ ၂၀၀၀ ခုနှစ် ဇွန် ၁ ရက်မှ ၂၀၀၁ ခု ဒီဇင်ဘာ ၁၁ ရက်နေ့အထိ တောင်ငူတက္ကသိုလ်တွင် တွဲဖက်ပါမောက္ခ၊ ၂၀၀၁ခုနှစ် ဒီဇင်ဘာ ၁၂ ရက်မှ ၂၀၀၅ နိုဝင်ဘာ ၂၁ ရက်နေ့အထိ မန္တလေးတက္ကသိုလ်၊ ရုက္ခဗေဒဌာန ပါမောက္ခ (ဌာနမှူး) ဖြစ်လာသည်။ ထိုအတောအတွင်း ၂၀၀၄ ခုနှစ် ဇန်နဝါရီ ၁၇ ရက်မှ မတ်လ ၁၄ ရက်နေ့အထိ မားဘတ်တက္ကသိုလ်တွင် ဧည့်ပါမောက္ခအဖြစ် လုပ်ကိုင်ခဲ့သည်။ ၂၀၀၅ ခုနှစ် နိုဝင်ဘာ ၂၁ ရက်နေ့မှ ၂၀၀၇ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ ရတနာပုံတက္ကသိုလ်၏ ဒုတိယပါမောက္ခချုပ်၊ ၂၀၀၇ ဧပြီ ၁ ရက်မှ ၂၀၀၈ ဇွန် ၂၆ ရက်နေ့အထိ အဆင့်မြင့်ပညာဦးစီးဌာန (အထက်မြန်မာပြည်)၏ ဒုတိယညွှန်ကြားရေးမှူးချုပ်အဖြစ် ဆောင်ရွက်ခဲ့သည်။ ထို့နောက် ၂၀၀၈ ခုနှစ် ဇွန်လ ၂၇ ရက်မှ ၂၀၁၄ မေလ ၆ ရက်နေ့အထိ မိတ္ထီလာတက္ကသိုလ် ပါမောက္ခချုပ်၊ ၂၀၁၄ ခုနှစ် မေလ ၆ ရက်နေ့မှ ၂၀၁၅ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့အထိ မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်ရင်း ဝန်ထမ်းဘဝမှ အငြိမ်းစားယူခဲ့သည်။

၂၀၁၅ခုနှစ် ရွေးကောက်ပွဲတွင် မိတ္ထီလာမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ရာ အနိုင်ရရှိခဲ့သည်။

၂၀၁၈ခုနှစ် မတ်လတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် ရာထူးမှ နှုတ်ထွက်ခဲ့သည်။ ဤတွင် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် လွှတ်တော်ဥက္ကဋ္ဌ ဖြစ်သွားခဲ့သည်။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်၏ ဒုတိယဥက္ကဋ္ဌနေရာအတွက် ၎င်းဝင်ရောက် ယှဉ်ပြိုင်ခဲ့သော်လည်း ရွေးကောက်မခံရဘဲ ဦးထွန်းထွန်းဟိန်သည် ဒုတိယဥက္ကဋ္ဌ ဖြစ်သွားခဲ့သည်။

အထွေထွေရွေးကောက်ပွဲ ၂၀၂၅-၂၀၂၆ တွင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုပြီး မိတ္ထီလာမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ အဆိုပါမဲဆန္ဒနယ်တွင် ပြည်သူ့ပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ၊ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီတို့ပါ ဝင်ပြိုင်ခဲ့ကြသည်။ ဒေါက်တာ မောင်သင်းသည် မိတ္ထီလာမြို့နယ်အတွင်း မဲပေးကြသူများ၏ ခိုင်လုံမဲ စုစုပေါင်း ၁၃၈၅၆၀ မဲ ရှိရာတွင် ၇၇၈၄၁မဲ ဖြင့် (မဲပေးကြသူများ၏ ရာခိုင်နှုန်း ၅၆.၁၈ ရာခိုင်နှုန်းဖြင့်)အနိုင်ရရှိခဲ့သည်။ ဤသို့ဖြင့် တတိယအကြိမ် ပြည်သူ့လွှတ်တော် တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာခဲ့သည်။

ပြည်ထောင်စုလွှတ်တော်တွင် ရွေးကောက်ခံသမ္မတမှ အဆိုပြုတင်ပြသည့် ပြည်ထောင်စုအစိုးရအဖွဲ့ ဝန်ကြီးဌာန (၃၁)ကို အတည်ပြုခဲ့ပြီး လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တာဝန်ကို ဒေါက်တာမောင်သင်း တာဝန်ယူ ဆောင်ရွက်ရမည် ဖြစ်သည်။


#MNP #News


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)