၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကနေ ပေါ်ထွက်လာတဲ့ အစိုးရသစ်ကို ဦးဆောင်မယ့် နိုင်ငံတော်သမ္မတကြီးနှင့် ဒုသမ္မတများ၊ ပြည်ထောင်စုအဆင့် ဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ ကတိသစ္စာပြုပြီးနောက် ၂၀၂၆ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့မှာ နိုင်ငံတော်သမ္မတကြီးက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးမှာ အမှာစကား ပြောကြားခဲ့ပါတယ်။
အဲဒီ အစည်းအဝေးမှာ နိုင်ငံတော်သမ္မတကြီးက တည်ငြိမ်အေးချမ်းမှုရှိမှသာ ဖွံ့ဖြိုးတိုးတက်မှုကိုဖော်ဆောင်နိုင်မှာ ဖြစ်သည့်အတွက် ရက် (၁၀၀)အတွင်း ဆောင်ရွက်ပေးသွားမည့် ကိစ္စရပ်များကို ပြောကြားရာမှာ PDF များ ငြိမ်းချမ်းရေးအတွက် လာကြဖို့လည်း ဖိတ်ခေါ်ထားတာကို သတိပြုမိကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။
နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင် က "ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ PDF အမည်ခံအကြမ်းဖက်အဖွဲ့များအနေဖြင့် နိုင်ငံ၏ အချို့သောနေရာဒေသများတွင် အဖျက်အမှောင့်လုပ်ရပ်မျိုးစုံကို ကျူးလွန်နေကြသည်ကိုတွေ့ရှိရပြီး အများစုအနေဖြင့် ဆက်ကြေးများ၊ ဂိတ်ကြေးများတောင်းခံခြင်း၊ ဒေသအလိုက်မှထွက်ရှိသည့် သစ်တောသယံဇာတများ၊ မြေပေါ်မြေအောက် သယံဇာတများကို တရားမဝင်ထုတ်ယူ၍ ၎င်းတို့ ကိုယ်ကျိုးအတွက် အသုံးပြုနေကြကြောင်း၊ ၎င်းတို့အနေဖြင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင်ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုရလဒ်များအရ ဖြစ်ပေါ်လာသည့် နိုင်ငံရေးပြဿနာကိုနိုင်ငံရေးအရ ဖြေရှင်းခြင်းမပြုဘဲ လက်နက်ကိုင်အကြမ်းဖက်သည့် နည်းလမ်းကိုရွေးချယ်ခဲ့ရာမှ ပေါ်ပေါက်လာခဲ့ကြခြင်းဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် ဒီမိုကရေစီ နည်းလမ်းတကျပေါ်ပေါက်လာသည့် ရွေးချယ်ခံအစိုးရအနေဖြင့် နိုင်ငံတော်တွင် တာဝန်ထမ်းဆောင်နေပြီဖြစ်ကြောင်း၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များအား တရားဥပဒေဘောင်အတွင်းသို့ ဝင်ရောက် လာစေရေး ဖိတ်ခေါ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။ ထို့နောက် နိုင်ငံတော်သမ္မတက အစိုးရအဖွဲ့ ရက်ပေါင်း ၁၀၀ နှင့် ပတ်သက်၍ ဦးစားပေးဆောင်ရွက်သွားမည့်ကိစ္စရပ်များနှင့်ပတ်သက် ၍ ပြောကြားရာတွင် “ရက် ၁၀၀ ဆိုတော့ ဒီနေ့က ၂၀ ရက်ပေါ့၊ မှတ်ရ လွယ်ပါတယ်။ ဇူလိုင်လ ၃၁ ရက်နေ့က ရက် ၁၀၀ လို့ သတ်မှတ်လိုက် ပေါ့။ ဇူလိုင် ၃၁ ရက်နေ့နောက်ဆုံးထားပြီးတော့ ရက် ၁၀၀ နဲ့ ပတ်သက် ပြီး ကျွန်တော် နည်းနည်းပြောချင်ပါတယ်။ ခုနကပြောတဲ့ PDF နဲ့ ပတ်သက်ပြီးတော့ PDF ကတော့ ကျွန်တော်တို့ ဒီတွေ့ဆုံဆွေးနွေးခြင်း နဲ့ငြိမ်းချမ်းရေးအတွက် အလင်းဝင်ဖို့လည်း ပြောထားတာရှိပါတယ်။ အခုလည်း အလင်းဝင်တာတွေ အများကြီးရှိပါတယ်။ လပခ နယ်မြေတို့၊ တပခနယ်မြေတို့ဆိုရင် အလင်းဝင်ကြတာတွေအများကြီးပဲရှိတယ်။ လပခကတော့ ပိုများတာပေါ့၊ ရာနဲ့ချီပြီးတော့ ဝင်ကြတယ်။ ဒါထက်လည်း လာဖို့အတွက် သူတို့တောင်းဆိုနေတာတွေလည်း ရှိပါတယ်။ ကျွန်တော်တို့က ကြိုဆိုပါတယ်။ PDF နဲ့ပတ်သက်ပြီးတော့ ရက်ပေါင်း ၁၀၀ အတွင်းမှာ ငြိမ်းချမ်းရေးအတွက်လာကြပါ" လို့ ပြောကြားထားခြင်း ဖြစ်ပါတယ်။
နိုင်ငံတော်သမ္မတကြီးနှင့် ဒုသမ္မတများ ကတိသစ္စာမပြုမိအချိန်ကတည်းက PDF အပါအဝင် လက်နက်ကိုင် သောင်းကျန်းသူအဖွဲ့အစည်းများထဲမှ အဖွဲ့ဝင်များ တဖွဲဖွဲနဲ့ ဥပဒေဘောင်အတွင်း ဝင်ရောက်နေကြတာလည်း ရှိပါတယ်။ "လက်ရှိအချိန်တွင် ဒီမိုကရေစီ နည်းလမ်းတကျပေါ်ပေါက်လာသည့် ရွေးချယ်ခံအစိုးရအနေဖြင့် နိုင်ငံတော်တွင် တာဝန်ထမ်းဆောင်နေပြီဖြစ်ကြောင်း" နိုင်ငံတော်သမ္မတကြီး က အလေးပေးပြီး ပြောကြားလိုက်ခြင်းက PDF အဖွဲ့ထဲကို ရောက်ရှိနေတဲ့ လူငယ်များ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေရဲ့ မှိုင်းမိပြီး ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင်နေတယ်ဆိုတဲ့ အတွေးကို ပြန်လည်ပြုပြင်နိုင်စေဖို့ပဲ ဖြစ်ပါတယ်။ ဒီမိုကရေစီကို အမှန်တကယ်လိုလားတယ်ဆိုရင် ဒီမိုကရေစီ နည်းလမ်းတကျ ရွေးချယ်ထားတဲ့ အစိုးရလက်ထက်ကို ရောက်ရှိပြီဖြစ်တဲ့အတွက် ဆက်ပြီး မိုက်တွန်း နက်မနေကြဖို့ အပြုသဘောဆန်ဆန် ဖိတ်ခေါ်လိုက်ခြင်းပဲ ဖြစ်ပါတယ်။
အကြမ်းဖက်လှုပ်ရှားမှုက မြန်မာပြည်အထက်ပိုင်းမှာ ဖြစ်နေတဲ့အတွက် အကြမ်းဖက်သမားအများစုကလည်း နီပိန်း အညာသားတွေပဲ များပါတယ်။ တပ်မတော်က နောင်ချို၊ ကျောက်မဲ အပါအဝင် မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း၊ တကောင်း၊ မိုးကုတ် အစရှိတဲ့ အကြမ်းဖက်သမား အခြေပြုလှုပ်ရှားနေတဲ့ ဒေသများကို ထိုးစစ်ဆင်ရှင်းလင်း ဆောင်ရွက်လိုက်တဲ့အချိန်မှာ အကြမ်းဖက်အဖွဲ့ထဲရောက်နေတဲ့ လူငယ်တွေလည်း အသိမှန် အမြင်မှန်ရလာကြတယ်လို့ ယူဆရပါတယ်။
ဥပဒေဘောင်အတွင်း ဝင်ရောက်လာတဲ့ အခြေအနေကို ကြည့်ရင် ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့သည် ကျောင်းနေအရွယ် အသက် (၁၅)(၁၆)(၁၇) အရွယ်ကစလို့ လူငယ်တွေကို အကြမ်းဖက်သမားများအဖြစ် အသုံးချနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် NUG အကြမ်းဖက်အဖွဲ့ရဲ့ လက်အောက်ခံ PDF အကြမ်းဖက်သမားများဟာ လူငယ်များကို အဓမ္မလူသစ်စုဆောင်းပြီး အကြမ်းဖက်သမားများအဖြစ် ခိုင်းစေနေတာလည်း ထင်ရှားပါတယ်။ ဘာကြောင့်လဲဆိုရင် ဥပဒေဘောင်အတွင်း ဝင်ရောက်ရန် PDF စခန်းများမှ ထွက်ပြေးလာကြတဲ့ လူငယ်တွေဟာ သူတို့ရဲ့ စိတ်ဆန္ဒအလျောက် PDF အကြမ်းဖက်အဖွဲ့ထဲ ရောက်သွားကြတာမျိုး မဟုတ်ဘဲ အလုပ်အကိုင် ရမယ်ဆိုပြီး မက်လုံးပေး ခေါ်ဆောင်ခြင်းကြောင့် PDF အကြမ်းဖက်အဖွဲ့ထဲ ရောက်သွားကြသူတွေ ရှိသလို မိသားစုဝင်များကို သတ်ဖြတ်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေကြောင့် PDF အကြမ်းဖက်အဖွဲ့ထဲမှာ ခိုင်းသမျှ လုပ်နေရတဲ့ လူငယ်တွေလည်း ပါဝင်နေတာကို တွေ့ရပါတယ်။
၂၄-၄-၂၀၂၆ ရက်နေ့က မန္တလေးမြို့၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများကို မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံတဲ့ အခမ်းအနားမှာ တိုင်းမှူးကြီး က အသက် (၁၅)မှ (၂၅) ကြား လူငယ်တွေ အကြမ်းဖက်အဖွဲ့ထဲ ရောက်နေတာကို လွန်စွာ စိတ်မကောင်းဖြစ်ရကြောင်း၊ ဒီအသက်အရွယ်သည် မိဘရင်ခွင်တွင် ကျောင်းနေရမည့် အရွယ်များဖြစ်ကြောင်း ပြောကြားသွားပါတယ်။ အခမ်းအနားပြီးတဲ့အခါ မိဘအုပ်ထိန်းသူများနဲ့ တွေ့ဆုံပြီးတော့ ကျောင်းနေရမယ့် ကလေးများကို ကျောင်းပြန်တက်ခိုင်းဖို့ တိုက်တွန်းပြောကြားတာမျိုး ရှိသလို ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် လူငယ်များကို တွေ့ဆုံပြီး ကျောင်းပြန်တက်ရမယ့်သူက ကျောင်းပြန်တက်ကြဖို့၊ အလုပ် လုပ်ဖို့ ရည်ရွယ်ထားသူများကလည်း အလုပ်အကိုင် အခွင့်အလမ်း လိုအပ်ရင် ဆက်သွယ်၍ အကူအညီတောင်းခံနိုင်ကြောင်း အားပေးစကား ပြောကြားနေတာကို ကျွန်တော်တို့ မှတ်တမ်းတင် ဖော်ပြနိုင်ခဲ့ပါတယ်။
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးကြီး က အကြမ်းဖက်အဖွဲ့များထဲမှာ ကျန်ရှိနေသေးတဲ့ သူငယ်ချင်းများကိုလည်း ဥပဒေဘောင်အတွင်း ဝင်ရောက်နိုင်အောင် မိသားစုနဲ့အတူ အေးချမ်းပျော်ရွှင်တဲ့ ဘဝများကို ပြန်လည်တည်ဆောင်နိုင်အောင် သတင်းစကားပါးကြဖို့လည်း မှာကြားသွားပါတယ်။
အခုလို အသိမှန် အမြင်မှန်ရပြီး ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများ ရှိသလို PDF အပါအဝင် KIA, AA, KNU, KNLA အကြမ်းဖက်အဖွဲ့များရဲ့ လှုပ်ရှားမှုတွေကလည်း ရှိနေဆဲပဲ ဖြစ်ပါတယ်။ ဒီရက်ပိုင်းအတွင်း အကြမ်းဖက်လှုပ်ရှားမှု ပပျောက်ရေး၊ တည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်ချက် သတင်းကောင်းတွေလည်း ကြားသိနေရပါတယ်။
၂၀၂၆ခုနှစ်၊ ဧပြီလ (၂၀) ရက်နေ့ က ရွှေကူမြို့နယ်အတွင်း နယ်မြေရှင်းလင်းစဉ် အကြမ်းဖက်သမား အလောင်းနဲ့ လက်နက်များ ရရှိခဲ့ပါတယ်။ အလားတူ ၂၀၂၆ခုနှစ်၊ ဧပြီလ (၂၁)ရက်နေ့ က ဗန်းမောင်မြို့နယ်၊ သာစည်ရပ်ကွက်အနီး နယ်မြေရှင်းလင်းရေး ဆောင်ရွက်ရာမှာ စစ်ကြောင်းနှင့် KIA/PDF အကြမ်းဖက်သမားများ ထိတွေ့မှု ဖြစ်ပေါ်ခဲ့ပြီး လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ပါတယ်။
AA အကြမ်းဖက်အဖွဲ့ အခြေပြုလှုပ်ရှားရာ စက်စက်ယိုဒေသတွင်း နယ်မြေရှင်းလင်းစဉ်မှာလည်း AA အကြမ်းဖက်သမား ၂လောင်းနဲ့ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ပါတယ်။ ထို့အတူ မြောက်စမ်းဒေသမှာလည်း AA အကြမ်းဖက်သမား ၃လောင်းနဲ့ လက်နက်ခဲယမ်းများ ရရှိခဲ့ပါတယ်။
KIA ရဲ့ လက်ပါးစေ အညာမြေက အကြမ်းဖက်သမားတွေကို ရှင်းလင်းဆောင်ရွက်မှုအနေနဲ့ ၂၀၂၆ခုနှစ်၊ ဧပြီလ (၂၁)ရက်နေ့ က ထီးချိုင့်မြို့နယ်၊ ကမ်းနီရွာအနီးရှိ အကြမ်းဖက်စခန်းကို ရှင်းလင်းဆောင်ရွက်ရာမှာ PDF အကြမ်းဖက်သမား ၃လောင်း နဲ့ လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းရရှိခဲ့ပါတယ်။ အလားတူ ဗန်းမောင်မြို့နယ်အတွင်း နယ်မြေရှင်းလင်းစဉ်မှာလည်း KIA အကြမ်းဖက်သမား အလောင်းနဲ့ လက်နက်ခဲယမ်းများ ရရှိခဲ့ပါတယ်။ ထို့အတူ ဆောင်းပြောင်းဒေသ၊ တောစလုံရွာအနီး နယ်မြေရှင်းလင်းရာမှာ KNDF အကြမ်းဖက်သမား အလောင်းနဲ့ လက်နက်ခဲယမ်းတချို့ သိမ်းပိုက်ရရှိခဲ့ပါတယ်။ အကြမ်းဖက်သမား ပြောက်ကျားလှုပ်ရှားမှုအနေနဲ့ ရမည်းသင်းမြို့နယ်၊ ရုံပင်ကွက်ရွာကို စစ်ကြောင်းသွားရောက်တဲ့အချိန် မိုင်းထောင်ရန် ပြင်ဆင်နေတဲ့ အကြမ်းဖက်သမား ၂ကောင်ကို အသေဖမ်းဆီးရမိပြီး မိုင်းမျိုးစုံ ၄လုံးနဲ့ ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ပါတယ်။
၂၀၂၆ခုနှစ်၊ ဧပြီလ (၂၂)ရက်နေ့ နယ်မြေရှင်းလင်းရေး သတင်းတွေမှာတော့ တနိုင်းဒေသ၊ ရေကန်တောင်စခန်းအနီးမှာတပ်မတော်၊ ပြည်သူ့စစ် စစ်ကြောင်းနဲ့ KIA/PDF ထိတွေ့မှု ဖြစ်ပေါ်ခဲ့ပြီး အကြမ်းဖက်သမား ၂လောင်း နဲ့ လက်နက်ခဲယမ်းများ ရရှိခဲ့ပါတယ်။ အလားတူ တနင်္သာရီမြို့နယ်၊ သဲဖြူရွာအနီး မိုင်းလာထောင်တဲ့ အကြမ်းဖက်သမားများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှင်းလင်းဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ ရွှေကျင်မြို့နယ်အတွင်း အကြမ်းဖက်သမား အခြေပြုခိုအောင်း နေရာများကို ရှင်းလင်းဆောင်ရွက်ရာမှာ အကြမ်းဖက်သမား ၁လောင်းနဲ့ လက်နက်ခဲယမ်းတချို့ ရရှိခဲ့ပါတယ်။
၂၀၂၆ခုနှစ်၊ ဧပြီလ (၂၃)ရက်နေ့ သတင်းများအရ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့မှ အင်းတော်မြို့ကို ချီတက်ပြီး နယ်မြေရှင်းလင်းနေတဲ့ စစ်ကြောင်းဟာ နတ်ရေတွင်းရွာအနီးမှာ KIA/PDF အကြမ်းဖက်သမားများနဲ့ ထိတွေ့မှု ဖြစ်ပေါ်ခဲ့ပြီး စစ်သည် ၂ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို အကြမ်းဖက်သမား အလောင်း ၄လောင်း၊ လက်နက်ခဲယမ်းများ ရရှိခဲ့ပါတယ်။
၂၀၂၆ ခုနှစ်၊ ဧပြီလ (၂၄) ရက်နေ့မှာ ဆိုရင်တော့ ပခုက္ကူမြို့နယ်၊ ရွှေဒါးရွာဝန်းကျင်မှာ နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် ထိတွေ့မှုဖြစ်ပေါ်ပြီး အကြမ်းဖက်သမား အခြေပြုစခန်းကို ရှင်းလင်းနိုင်ခဲ့ပါတယ်။ အဲဒီစခန်းမှ လက်နက်ခဲယမ်းနဲ့ ဆက်စက်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ပါတယ်။ အလားတူ ထီးချိုင့်၊ မြင်းခြံတို့မှာ နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် အကြမ်းဖက်သမား အလောင်းနဲ့ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိမှုတွေ ရှိခဲ့ပါတယ်။
ရေနီမြို့နယ်အတွင်း နယ်မြေရှင်းလင်းစဉ် KNLA အကြမ်းဖက်စခန်းတစ်ခုကို ရှင်းလင်းနိုင်ခဲ့ပါတယ်။ လက်နက်ခဲယမ်းနဲ့ ဆက်စပ်ပစ္စည်းများလည်း သိမ်းဆည်းရရှိခဲ့ပါတယ်။ ဖာပွန်မြို့နယ်အတွင်း နယ်မြေရှင်းလင်းရာမှာ KNLA အကြမ်းဖက်သမား အလောင်းနဲ့ လက်နက်ခဲယမ်းများ ရရှိခဲ့ပါတယ်။ မိုးမိတ်မြို့နယ်အတွင်း နယ်မြေရှင်းလင်းရေး ဆောင်ရွက်ရာမှာလည်း အကြမ်းဖက်သမား ၂လောင်းနဲ့ လက်နက်ခဲယမ်းများ ရရှိခဲ့ပါတယ်။
ဒါက ၂၀၂၆ခုနှစ်၊ ဧပြီလ တတိယပတ်အတွင်း နယ်မြေရှင်းလင်းရေး အောင်မြင်မှုတချို့ကို ကောက်နှုတ်ဖော်ပြခြင်း ဖြစ်ပါတယ်။
အစောပိုင်းကာလမှာတော့ တပ်မတော်က စခန်းတချို့ လက်လွှတ်ရတာ၊ အကြမ်းဖက်သမားများရဲ့ လက်ထဲကို လက်နက်ခဲယမ်းတွေ ပါသွားတာ စသည်အားဖြင့် ဝမ်းနည်းကြေကွဲဖွယ်ရာ သတင်းဆိုးတွေ ကြားသိခဲ့ရပါတယ်။ အားနည်းချက် ရှိတာကိုလည်း မထောက်မညှာ ပြောရရင် တချို့သော အရာရှိတချို့သည် နိုင်ငံတော်အကြီးအကဲရဲ့ လမ်းညွှန်ချက်တွေကို အလေးမထားဘဲ မိမိရောက်ရာဌာနမှာ နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးကို အလေးမထားဘဲ စီးပွားရှာနေတာမျိုးကြောင်း အရေးနိမ့်ခဲ့ရတာတွေလည်း ရှိပါတယ်။ တချို့သော ဒေသတွေမှာတော့ အကြမ်းဖက်နှိမ်နင်းရေးကို ထိပ်တိုက် ရင်ဆိုင်ဆောင်ရွက်နေပါလျက် နောက်က ကူညီပံ့ပိုးမှု အားနည်းခြင်းကြောင့် မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးခဲ့ရတာတွေလည်း ရှိပါတယ်။ ဒါတွေကတော့ ပြီးခဲ့ပါပြီ။
အဆိုးသံသရာထဲက လွန်မြောက်ပြီး တိုင်းပြည်တည်ငြိမ်အေးချမ်းရေးအတွက် ရက်(၁၀၀) စီမံချက်ပါ နိုင်ငံတော်အကြီးအကဲရဲ့ လမ်းညွှန်ချက်အတိုင်း ဆောင်ရွက်သွားမယ်ဆိုရင် ဒေသတည်ငြိမ်အေးချမ်းရေးကို အလေးမထားတဲ့ ပုဂ္ဂိုလ်တွေ ဖယ်ရှား၊ အကြမ်းဖက်နှိမ်နင်းရေးကို အမှန်တကယ် စိတ်ရင်းစေတနာမှန်နဲ့ ပြည်သူလူထုအကျိုး ရှေးရှုဆောင်ရွက်မယ့် ပုဂ္ဂိုလ်တွေနဲ့ အစားထိုး၊ ကူညီပံ့ပိုးရေးမှာလည်း လစ်ဟင်းမှု မရှိရလေအောင် ဆောင်ရွက်သွားမယ်ဆိုရင် နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင် ရဲ့ ရက်(၁၀၀) စီမံကိန်းမှာ အကြမ်းဖက်ကင်းစင်ရေးနဲ့ တည်ငြိမ်အေးချမ်းရေးအတွက် ထိရောက်တဲ့ အခြေအနေတစ်ခုကို ရောက်ရှိသွားမှာ ဖြစ်ပါတယ်။
အကြမ်းဖက်အဖွဲ့အတွင်း ရောက်ရှိနေသည့် လူငယ်များ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာမှု အခြေအနေကို ကြည့်ရင် ၂၀၂၆ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့အထိ စာရင်းများအရ ကျား ၂၉၉၅ ဦး၊ မ ၄၁၉ ဦးအထိ ဥပဒေဘောင်အတွင်း ဝင်ရောက်လာပြီး ဖြစ်ပါတယ်။ ဥပဒေဘောင်အတွင်း ဝင်ရောက်လာခြင်းမရှိဘဲ လက်နက်ကိုင်အကြမ်းဖက်လမ်းစဉ်နောက်ကို လိုက်ခဲ့ခြင်းကြောင့် ဘဝနိဂုံး အဆုံးမလှ ဖြစ်ခဲ့ရတာတွေလည်း ရှိခဲ့ပါတယ်။
အကြမ်းဖက်အဖွဲ့များအတွင်း ကျန်ရှိနေသေးတဲ့ လူငယ်များကိုတော့ ဥပဒေဘောင်အတွင်း ဝင်ရောက်လာတဲ့ မိမိတို့ရဲ့ သူငယ်ချင်းများနဲ့ ချိတ်ဆက်ပြီး ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများက တပ်မတော်က မည်သို့မည်ပုံ ဆောင်ရွက်ပေးနေသလဲဆိုတာကို လေ့လာစုံစမ်းပါ။ မိမိအတွက်လည်း ကောင်းကျိုးမရှိ၊ မိမိတို့ရဲ့ လုပ်ရပ်ကြောင့် အများပြည်သူ အတိဒုက္ခရောက်ရမယ့် အကြမ်းဖက်လုပ်ရပ်တွေကို ဆက်လက်လုပ်ဆောင်လိုခြင်း မရှိတော့ဘူးဆိုရင် ဥပဒေဘောင်အတွင်း ဝင်ရောက်ပြီး မိသားစုနဲ့အတူ အေးချမ်းစွာ ပြန်လည်နေထိုင်ကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။ နိုင်ငံရေးဆိုတာ နိုင်ငံသူ၊ နိုင်ငံသားများရဲ့ ကောင်းကျိုးကို ရှေးရှုဆောင်ရွက်ရခြင်း ဖြစ်တဲ့အတွက် မိမိ၊ သူတပါး နှစ်ဦးနှစ်ဝ အကျိုးရှိအောင် လုပ်မှသာ နိုင်ငံရေးလုပ်တယ်လို့ ဆိုနိုင်ပါတယ်။ အကြမ်းဖက်သမားများအဖြစ် တိုက်ပွဲ ဝင်နေကြတဲ့ ညီငယ်၊ ညီမငယ်များမှာ နိုင်ငံရေးဆိုတဲ့ အဓိပ္ပာယ်ကို သိဖို့ ဝေးစွ၊ ဘာမှန်းတောင် မသိဘဲ ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့ဝင်တွေနဲ့ ပြည်ဖျက်မီဒီယာတွေရဲ့ ဝါဒမှိုင်းမိပြီး ကိုယ့်အရပ် ကိုယ့်ဒေသကို ဖျက်ဆီးတဲ့ ငမိုက်သားများ ဖြစ်ခဲ့ရတာကို မှန်ကန်စွာ သိမြင်နားလည်ရမယ့် အချိန်ကို ရောက်ပါပြီ။ ဥပဒေဘောင်အတွင်း ဝင်ရောက်ပြီး အေးချမ်းစွာ နေထိုင်ခြင်းက အားလုံးအတွက် ကောင်းကျိုးဖြစ်စေမယ့် ဆုံးဖြတ်ချက် ဖြစ်ပါလိမ့်မယ်။
နောင်တော်လေး (ဘိုကလေး)
#MNP #News




No comments:
Post a Comment