ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ “ရွှေစင်ဝင်း”ရွှေဆိုင်နှင့် တောင်ဥက္ကလာပ မြို့နယ်ရှိ “ရောင်နီဦး”ရွှေဆိုင်တို့အား သေနတ်ပစ်ဖောက်လုယက်မှုကျူးလွန်ခဲ့ကြသည့် တရားခံ အမျိုးသားသုံးဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ “ရွှေစင်ဝင်း”ရွှေဆိုင်နှင့် တောင်ဥက္ကလာပ မြို့နယ်ရှိ “ရောင်နီဦး”ရွှေဆိုင်တို့အား သေနတ်ပစ်ဖောက်လုယက်မှုကျူးလွန်ခဲ့ကြသည့် တရားခံ အမျိုးသားသုံးဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ


နေပြည်တော်၊ ဧပြီ ၃

၂၀၂၆ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၈)ရပ်ကွက်ရှိ “ရွှေစင်ဝင်း”ရွှေဆိုင်တွင် ဆိုင်ရှင်ဖြစ်သူသည် ဆိုင်ဝန်ထမ်း ဖြစ်သူနှင့်အတူ ဆိုင်ရှိ ရွှေဆွဲကြိုး ၁၈၄ ကုံးပါ ရွှေထည်ပစ္စည်းမျိုးစုံ အလေးချိန် ၁ ပိဿာ ၅၀ ကျပ်သားခန့်၊ တန်ဖိုးငွေကျပ်သိန်း ၈၅၀၀ ခန့်အား ခရီးဆောင်အိတ်ဖြင့် သိမ်းဆည်းပြီး ဆိုင်ပိတ်ကာ နေအိမ်သို့ ပြန်ရန် မော်တော်ယာဉ်အား စောင့်ဆိုင်းနေစဉ် အမျိုးသား နှစ်ဦးရောက်ရှိလာပြီး သေနတ်ပစ်ဖောက်ခြိမ်းခြောက်ကာ ကားဘီးဖြုတ်သည့် ဂွင်းဂွဖြင့် ရိုက်နှက်ပြီး ရွှေထည် ပစ္စည်းများထည့်ထားသော အိတ်အား လုယက်ယူဆောင်၍ အသင့်စောင့်နေသည့် အမျိုးသားတစ်ဦး မောင်းနှင်သည့် ဆိုင်ကယ်ဖြင့် ထွက်ပြေးသွားခဲ့ကြောင်း သတင်းပေးပို့တိုင်ကြားလာသဖြင့် ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့မရဲစခန်း၌ (ပ)၇၆/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၉၄ ဖြင့် အမှုဖွင့်လှစ်ကာ ပြစ်မှု ကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး စုံစမ်းဆောင်ရွက်ခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြစ်မှုကျူးလွန်သူတရားခံများအား ဖမ်းဆီးရမိနိုင်ရေး အခင်း ဖြစ်ရပ်မှတ်တမ်းများရယူခြင်း၊ နယ်မြေအတွင်းသတင်းရယူစုံစမ်းခြင်းများ ဆောင်ရွက်ခဲ့ရာ လုယက် မှုကျူးလွန်ရာတွင် ပါဝင်သူ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၄)ရပ်ကွက်နေ ဇော်လင်းထွန်း (၃၃)နှစ် (ဘ)ဦးထွန်းသောင်းအား ၎င်း၏ဇာတိဖြစ်သော ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်၊ ညောင်တေးကျေးရွာရှိ နေအိမ်၌ ဧပြီလ ၁ ရက်နေ့ ညပိုင်းတွင် ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိတရားခံ ဇော်လင်းထွန်း၏ ထွက်ဆိုချက်အရ သေနတ်ပစ်ဖောက်လုယက်မှု ကျူးလွန်သူ မှန်ကြီး(ခ)သက်နောင်(၅၈)နှစ် (ဘ)ဦးသိန်းအား ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်း မြို့နယ်၊ မင်းရဲရပ်ကွက်ရှိ ရသာမွန်စားသောက်ဆိုင်၌ ဧပြီလ ၂ ရက်နေ့ ညပိုင်းတွင် ထပ်မံဖမ်းဆီး ရမိခဲ့သည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ တရားခံဇော်လင်းထွန်းသည် “ရွှေစင်ဝင်း” ရွှေဆိုင်အား လုယက်မှုမကျူးလွန်မီ ပတ်ဝန်းကျင်အခြေအနေအား စုံစမ်းလေ့လာစောင့်ကြည့်ခြင်းများ ပြုလုပ်ပေးခဲ့ပြီး တရားခံ မှန်ကြီး(ခ)သက်နောင်နှင့် သက်ပိုင်ဦး(ဖမ်းဆီးရန်ကျန်)တို့နှစ်ဦးက သေနတ် ပစ်ဖောက်၍ လုယက်ခဲ့ကြကြောင်း၊ ဇော်လင်းထွန်းက ဆိုင်ကယ်မောင်းနှင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရပြီး တရားခံ မှန်ကြီး(ခ)သက်နောင်ထံမှ ရွှေထည်ပစ္စည်းမျိုးစုံ ၃၀၅ ခု၊ ငွေကျပ်သိန်း ၂၄၀ ၊ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် KUZEY-GN19 စာတမ်းပါ ပစ္စတို သေနတ် (၁)လက်၊ PAC 380 AUTO ကျည် (၁၃)တောင့်၊ THAI ARMS-380 ACP ကျည်(၂)တောင့်၊ ကျည်ဘောက်(၂)ခု၊ ပစ္စတိုသေနတ်ထည့်သည့် MARMY စာတန်းပါအစိမ်းရောင်အိတ်(၁)ခုနှင့် ရွှေထည်ပစ္စည်းမျိုးစုံ ၆၅ခုတို့အားလည်းကောင်း၊ ရွှေပေါက်ကံတံတားအောက် ငမိုးရိပ်ချောင်းအတွင်းမှ လုယက်မှုကျူးလွန် ရာတွင် အသုံးပြုခဲ့သည့် Feiling 110 အမျိုးအစား အနက်ရောင် ဆိုင်ကယ်အားလည်းကောင်း အသီးသီးသိမ်းဆည်းရမိခဲ့သည်။

အမှုမှ တရားခံ မှန်ကြီး(ခ)သက်နောင်နှင့် ဇော်လင်းထွန်းတို့၏ထွက်ဆိုချက်အရ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့ နေ့လယ်ပိုင်းတွင် ၎င်းတို့နှစ်ဦးသည် စည်သူ(၃၈)နှစ် (ဘ)ဦးတင်ထွန်း နှင့်အတူ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ နန္ဒဝန်ဈေးအနီးရှိ“ရောင်နီဦး” ရွှေဆိုင်အား လုယက်မှုကျူးလွန်ခဲ့ကြသည့် တရားခံများဖြစ်ကြောင်း ဖော်ထုတ်ရရှိသဖြင့် တရားခံစည်သူအား ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ ဧပြီလ ၂ ရက်နေ့တွင် ၎င်းကို မြောက်ဥက္ကလာပမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ရွှေပင်လယ်ဘုန်းကြီးကျောင်းအနီး၌ သက်သေခံ ဆိုင်ကယ်နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။

“ရွှေစင်ဝင်း”ရွှေဆိုင်နှင့် “ရောင်နီဦး”ရွှေဆိုင်တို့ကို သေနတ်ပစ်ဖောက်ခြိမ်းခြောက်၍ ရွှေထည်ပစ္စည်းများလုယက်မှုကျူးလွန်ခဲ့ကြသည့် တရားခံများအား ပြည်သူလူထုပူးပေါင်းပါဝင် ကူညီမှုဖြင့် ဖော်ထုတ်နိုင်ခဲ့ပြီး ဖမ်းဆီးရမိတရားခံ မှန်ကြီး(ခ)သက်နောင်၊ ဇော်လင်းထွန်းနှင့် စည်သူ တို့သုံးဦးကို ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး ကျန်တရားခံ သက်ပိုင်ဦးအား ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)