ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်ထံ ဘယ်လာရုစ်နိုင်ငံ၊ အောက်လွှတ်တော်ဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က လာရောက်ဂါရဝပြုတွေ့ဆုံ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်ထံ ဘယ်လာရုစ်နိုင်ငံ၊ အောက်လွှတ်တော်ဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က လာရောက်ဂါရဝပြုတွေ့ဆုံ







နေပြည်တော်၊ ဧပြီ ၁၀

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်ထံ နိုင်ငံတော်သမ္မတအဖြစ် ကတိသစ္စာပြုခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့သည့် ဘယ်လာရုစ်နိုင်ငံ၊ အောက်လွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Igor SERGYENKO ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က ယနေ့မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၌ လာရောက်ဂါရဝပြုတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ သမ္မတရုံးဝန်ကြီး ဦးခင်မောင်ရီ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေတို့ တက်ရောက်ကြပြီး ဘယ်လာရုစ်နိုင်ငံ၊ အောက်လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်နိုင်ငံသံအမတ်ကြီး H.E. Uladzimir BARAVIKOU နှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် ဘယ်လာရုစ်နိုင်ငံကိုယ်စားလှယ်အဖွဲ့အနေဖြင့် သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲသို့ တက်ရောက်ခွင့်ရသည့်အတွက် များစွာဂုဏ်ယူဝမ်းမြောက်လျက်ရှိမှုအခြေအနေများ၊ မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်လျက်ရှိမှုအခြေအနေများ၊ နှစ်နိုင်ငံအကြား နိုင်ငံ့ခေါင်းဆောင်များနှင့် အဆင့်မြင့်အရာရှိကြီးများ ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်သွားရောက်မှုအခြေအနေများ၊ စီးပွားရေးကဏ္ဍ၊ ကုန်သွယ်ရေးကဏ္ဍ၊ စက်မှုစိုက်ပျိုးမွေးမြူရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ခရီးသွားကဏ္ဍ၊ ယဉ်ကျေးမှုကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ လွှတ်တော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတထံ ဘယ်လာရုစ်နိုင်ငံသမ္မတ မစ္စတာ လူကာရှန်ကို ကပေးအပ်လိုက်သည့် သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရခြင်း အထိမ်းအမှတ်ဂုဏ်ပြုလက်ဆောင်အား ဘယ်လာရုစ်နိုင်ငံ၊ အောက်လွှတ်တော်ဥက္ကဋ္ဌက နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထံလက်ရောက်ပေးအပ်သည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတနှင့် ဘယ်လာရုစ်နိုင်ငံ၊ အောက်လွှတ်တော်ဥက္ကဋ္ဌတို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ပြီး တက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)