( ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၀ ရက် )
အားလုံးပဲ မင်္ဂလာပါ။
နိုင်ငံတော်တာဝန်ကို ဒီမိုကရေစီအစိုးရသစ်ဖွဲ့စည်းပြီး စတင် တာဝန်ယူကြ တော့မယ့် ဒုတိယသမ္မတများ၊ နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုအစိုးရ အဖွဲ့ဝင် များ၊ Online ကတက်ရောက်နေကြတဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့များနဲ့ ပြည်နယ်အစိုးရ အဖွဲ့များမှ ဝန်ကြီးချုပ်များ၊ တက်ရောက်လာကြသူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ၊ နိုင်ငံ့အကျိုး ပြည်သူ့အကျိုးကို ဆတက်ထမ်းပိုး တိုးပြီးဆောင် ရွက်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သလိုက်ပါတယ်။
ပြည်ထောင်စုလွှတ်တော်က ဧပြီလ ( ၃ )ရက်နေ့မှာ ကျွန်တော့်ကို နိုင်ငံတော် သမ္မတအဖြစ် ရွေးချယ်တာဝန်ပေးအပ်ခဲ့ပြီး ဒုတိယသမ္မတများကိုလည်း ခန့်အပ်တာဝန် ပေးခဲ့ပါတယ်။ ဒါ့ကြောင့်လည်း ကျွန်တော့်အနေနဲ့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)နဲ့အညီ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတွေရဲ့ အကြီးအကဲများနဲ့ အဖွဲ့ဝင်များ၊ ပြည်ထောင်စုအစိုးရအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးဌာနများ၊ ပြည်ထောင်စုဝန်ကြီး များနဲ့ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးများနဲ့ ပြည်နယ်များရဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးချုပ်များနဲ့ ဝန်ကြီးများကို စိစစ်ရွေးချယ်ပြီး တာဝန်ပေးအပ်ထားပြီး ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ အစိုးရအဖွဲ့သစ်အနေနဲ့ ဆက်လက်တာဝန် ထမ်းဆောင်သွားရာမှာ လိုအပ်တဲ့ မူဝါဒများနဲ့ အကောင်အထည်ဖော် ဆောင်ရွက်သွားရမယ့် လုပ်ငန်း တာဝန်တွေကို မှာကြားသွားမှာဖြစ်ပါတယ်။
အားလုံးသိတဲ့အတိုင်းပဲ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲရဲ့ မဲလိမ်မဲခိုးမှုတွေအပေါ် မှန်မှန် ကန်ကန် သုံးသပ်ရှုမြင်မှုမရှိဘဲ လွဲမှားတဲ့ အတွေးအခေါ် အယူအဆတွေနဲ့ ပြည် တွင်းပြည်ပ အဖျက်အမှောင့်ပယောဂတွေကြောင့် ဆူပူအကြမ်းဖက်မှုတွေ နိုင်ငံအနှံ့မှာဖြစ်ပေါ်ခဲ့ပါတယ်။ အဲဒီအပေါ်မှာ စိတ်သဘောထား မမှန်တဲ့ တစ်ချို့သောတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း ပွဲလန့်တုန်း ဖျာခင်း၊ မီးလောင်ရာလေပင့် လုပ်ပြီး နိုင်ငံကို ဆင်းရဲဒုက္ခတွင်းထဲရောက်အောင် နည်းမျိုးစုံ လုပ်ကြံဖျက်ဆီးခဲ့ကြပါတယ်။ တပ်မတော်အနေနဲ့ အခက်အခဲများနဲ့ စိန်ခေါ်မှု တွေကြားကပဲ ကြိုးစားဆောင်ရွက်ခဲ့ကြပြီး ရွေးကောက်ပွဲကျင်းပကာ နိုင်ငံတော်ကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
ကျွန်တော်တို့ဖြတ်သန်းခဲ့ရတဲ့ သမိုင်းကို ပြန်ကြည့်ရင် လွတ်လပ်ရေး ဆုံးရှုံးခဲ့ရတာ၊ ကိုလိုနီလက်အောက်မှာ ကာလရှည်ကြာခဲ့တာ၊ လွတ်လပ်ရေး ရပြီးစကတည်းက ခုချိန်ထိ တည်ငြိမ်အေးချမ်းမှု မရှိသေးတာတွေရဲ့ အဓိကအကြောင်းရင်းကလည်း အချင်း ချင်းစည်းလုံးညီညွတ်မှုအားနည်းလို့ ဖြစ်တယ်ဆိုတာ အားလုံးအသိပဲဖြစ်ပါတယ်။ ဒါ့ကြောင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနဲ့ ထာဝရငြိမ်းချမ်းရေးကို အလေးထားပြီး ဆက်လက်ဆောင်ရွက်သွားကြဖို့ အလေးထား မှာကြားလိုပါတယ်။
ကျွန်တော့်အနေနဲ့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး (NCA) လမ်းကြောင်းကို မဖြစ်မနေ ဆက်လက်အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်။ ကြုံတွေ့နေရတဲ့ သဘောထားကွဲလွဲမှုတွေ၊ ဆန္ဒနဲ့လိုလားချက်တွေ၊ ဖြစ်သင့်ဖြစ်ထိုက်တာတွေကို လက်နက်ကိုင်နည်းလမ်းနဲ့ ဖြေရှင်းနေကြတာဟာ လုံးဝမှားယွင်းနေတယ်ဆိုတာ သိရှိလက်ခံကြဖို့နဲ့ နိုင်ငံနဲ့ပြည်သူရဲ့ အကျိုးကိုကြည့်ပြီး နိုင်ငံရဲ့အနာဂတ်အတွက် ဒီအမှားကို အချိန်မီ ပြုပြင်ကြဖို့လိုအပ်ပါတယ်။ ဖြစ်ချင်တာတွေ တောင်းဆိုနေမဲ့အစား ဖြစ်သင့်တာဘဲ တောင်းဆိုပြီး ဖြစ်နိုင်တာတွေ ဆောင်ရွက်သွားဖို့ လိုပါတယ်။ ကျွန်တော်တို့ တစ်တွေ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ပြန်လည်တည်ဆောက် သွားကြမယ်ဆိုရင် သိပ်မကြာတဲ့အချိန်မှာ တည်ငြိမ်အေးချမ်းမှုနဲ့အတူ ကျွန်တော်တို့ မျှော်မှန်းတဲ့ နိုင်ငံ သစ်ကို ရောက်မှာအသေအချာပဲဖြစ်ပါတယ်။
အလားတူပါပဲ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနဲ့ ဆူပူအကြမ်းဖက်မှု ကျူးလွန် နေကြသူများအနေနဲ့လည်း အမှန်နဲ့အမှား၊ အကောင်းနဲ့အဆိုး၊ အကျိုးနဲ့ အပြစ်ကို သေသေချာချာ စဉ်းစားသုံးသပ်ပြီး နိုင်ငံ့နဲ့ပြည်သူအကျိုးအတွက် ပူးပေါင်း ဆောင်ရွက်ပေးကြဖို့ တိုက်တွန်းလိုပါတယ်။ အားလုံးဆွေးနွေးညှိနှိုင်း အဖြေရှာပြီးစုစည်းညီညွတ်မှု အင်သစ်အားသစ်တွေနဲ့ နိုင်ငံသစ်ကို တက်ညီလက်ညီ တည်ဆောက် ကြပါစို့လို့ ဖိတ်ခေါ် လိုပါတယ်။
တစ်ဖက်ကလည်း နိုင်ငံရဲ့စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး စတဲ့ ကဏ္ဍအသီးသီးကို မြင့်မားလာစေဖို့နဲ့ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ဖို့ကို နည်းလမ်းမျိုးစုံနဲ့ ကြိုးစားဆောင်ရွက်လျက်ရှိပါတယ်။ နိုင်ငံမှာ စီးပွားရေးအင်အား မတောင့်တင်းရင်၊ နိုင်ငံမချမ်းသာရင် ဖွံ့ဖြိုး တိုးတက်မှု မရှိနိုင်သလို ပြည်သူများရဲ့ လူမှုစီးပွားဘဝဟာလည်း နိမ့်ကျနေမှာ ဖြစ်ပါတယ်။ နိုင်ငံ့စီးပွားရေးဟာ နိုင်ငံရေး၊ လုံခြုံရေး၊ လူမှုရေးအားလုံးနဲ့ ဆက်စပ်နေပါတယ်။ ဒါ့ကြောင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံဖြစ်အောင် ကျွန်တော်တို့ ဝိုင်းဝန်းကြိုးစား အကောင်အထည်ဖော်ကြဖို့ လိုပါတယ်။ ဒေသတွင်း နိုင်ငံများနှင့် နှိုင်းယှဉ်ရင် ကျွန်တော်တို့နိုင်ငံရဲ့ GDP ဟာ လွန်စွာနည်းပါးနေတာ တွေ့ရပါတယ်။ အဓိကကတော့ ကုန်ထုတ်လုပ်မှု အားနည်းခြင်းဖြစ်ပါတယ်။ ကာလကြာရှည်စွာ ကုန်သွယ်မှုမှအပ (Non Trade) ဝင်ငွေကိုသာ အားကိုး ခဲ့တာတွေ့ရပါတယ်။ ဒါကြောင့် ပို့ကုန်တိုးမြှင့်ရေး၊ တစ်နည်းအားဖြင့် ပြည်ပရောင်းတန်းဝင် ကုန်ထုတ်လုပ် မှုရှိမှ ပို့ကုန်ရမှာဖြစ်တဲ့အတွက် အဆင့်ရှိ ကုန်ထုတ်လုပ်မှုများ အားပေးဆောင်ရွက် သွားရမှာဖြစ်ပါတယ်။
ကျွန်တော်တို့နိုင်ငံဟာ စိုက်ပျိုးရေးနဲ့ မွေးမြူရေးကို အခြေခံတဲ့ နိုင်ငံဖြစ်ပါတယ်။ ဒါ့ကြောင့် လယ်ယာစိုက်ပျိုးရေးနဲ့ မွေးမြူရေးကို အခြေခံတဲ့ စက်မှုလုပ်ငန်း(Agro based Industry)ကို တည်ဆောက်ရမှာဖြစ်ပါတယ်။
ဒီနေရာမှာ အချို့က ဒီခေတ်မှာ စက်မှုနိုင်ငံ ဘာလို့မသွားတာလဲလို့ ဝေဖန်ကြတာ ရှိပါတယ်။ မြန်မာနိုင်ငံလူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းကျော်ဟာ ကျေးလက်နေသူများဖြစ်ပြီး ၅၀ ရာခိုင်နှုန်းခန့်က စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေထွက်ပစ္စည်း၊ သစ်တောလုပ်ငန်းများမှာ အလုပ်လုပ်နေသူများ ဖြစ်ပါတယ်။ နိုင်ငံ့လူဦးရေရဲ့ ၅၃ ရာခိုင်နှုန်းဟာ အမျိုးသမီးများ ဖြစ်ပြီး ပညာရေးစစ်တမ်းအရ ကျေးလက်ဒေသနေသူများက အားနည်းတာ ရှိပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့အစီရင်ခံစာအရ မြန်မာနိုင်ငံရဲ့ ဆင်းရဲမွဲတေမှုဟာ ၃၁ ရာခိုင်နှုန်းရှိကြောင်း သိရပါတယ်။ ဒါကြောင့် ကျေးလက်စီးပွားမြှင့်တင်ရေးကို မလွဲမသွေ လုပ်ပေးရပါမယ်။
စက်မှုနိုင်ငံများပင်လျှင် စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ နိုင်ငံစီးပွား အထောက်အကူရအောင် အားပေး ဆောင်ရွက်နေကြတာကိုလည်း တွေ့မြင်နိုင်ပါတယ်။
ကျွန်တော်တို့ တာဝန်ယူစဉ်ကာလတစ်လျှောက်လုံး စိုက်ပျိုးမွေးမြူရေးကို အခြေခံတဲ့ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်း (MSME) တွေကို အားပေး မြှင့်တင်ပြီး နှစ်စဉ်ဒေသအလိုက်နဲ့ နိုင်ငံတော်အဆင့် ပြပွဲပြိုင်ပွဲတွေ လုပ်ပေးခဲ့ပါတယ်။ ဒါ့ကြောင့်လည်း ကျွန်တော်တို့ တာဝန်ယူခဲ့တဲ့ (၅)နှစ်တာကာလ အတွင်းမှာ MSME လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာပြီး အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။ ဒါ့ကြောင့် အခြေခံ ကောင်းများရရှိနေပြီဖြစ်တဲ့အတွက် အစိုးရသစ်ကာလမှာ အရှိန်အဟုန်နဲ့ ဆက်လက် တိုးတက်မှုရအောင် ဆောင်ရွက်သွားကြဖို့ တိုက်တွန်းမှာကြားလိုပါတယ်။ ဒီလို ဆောင်ရွက်နိုင်ဖို့အတွက် အခုအစိုးရသစ်မှာ စက်မှုဝန်ကြီးဌာနကို စက်မှုနဲ့ အသေးစား၊ အငယ်စားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနလို့ ဖြည့်စွက်ပြင်ဆင်ဖွဲ့စည်းထားပြီးဖြစ်လို့ MSME ကဏ္ဍကို ဘက်ပေါင်းစုံက မြှင့်တင်ကြဖို့ တိုက်တွန်းမှာကြားလိုပါတယ်။
စားရေရိက္ခာအတွက် အဓိကကျတဲ့ ဆန်စပါးကို လယ်မြေအားလုံးမှာ ပန်းတိုင် အထွက်နှုန်းရရှိအောင် စိုက်ပျိုးကြဖို့လည်း လိုပါတယ်။ ပြည်တွင်း စားသုံးမှုဖူလုံရုံသာမက တစ်ချိန်က ဒေသတွင်းမှာ ပြည်ပကို ဆန်စပါးတင်ပို့မှုမြင့်မားခဲ့တဲ့ အခြေအနေကို ပြန်လည်ရောက်အောင် ကြိုးစားလုပ်ဆောင်ကြဖို့ မှာချင်ပါတယ်။ ထို့အတူ မြန်မာ့ပေါ်ဆန်း တစ်ခေတ် ဆန်းရမည် မျှော်မှန်းပြီး ကြိုးစားလုပ်ဆောင်သွားဖို့လည်း တိုက်တွန်းပါတယ်။ နောက်တစ်ချက်ကတော့ ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံတွေဖြစ်တဲ့ မြေပဲ၊ နှမ်း၊ ပဲပုတ်၊ နေကြာ စတာတွေကို တိုးချဲ့ စိုက်ပျိုးသွားကြဖို့လိုပါတယ်။ ကျွန်တော် တို့နိုင်ငံမှာ ဆီထွက်သီးနှံတွေ စိုက်ပျိုးပြီး ပြည်တွင်းစားသုံးမှုလိုအပ်ချက် ပြည့်မီနိုင်တဲ့ အခြေအနေ ရှိနေပေမယ့်လည်း လက်တွေ့မှာတော့ ပြည်ပက စားအုံးဆီတွေကို နှစ်စဉ်နိုင်ငံခြားငွေ များစွာသုံးစွဲပြီး ဝယ်ယူတင်သွင်းနေရပါတယ်။ ပြည်တွင်းမှာ တကယ်လုပ်ရင် ဖြစ်နိုင်ပါလျက်နဲ့ ခုလိုနိုင်ငံခြားက တင်သွင်းနေရတာမျိုးဟာ မဖြစ်သင့်တဲ့ကိစ္စ ဖြစ်ပါတယ်။
ဒါ့ကြောင့် ဆီထွက်သီးနှံတွေထဲမှာ ပိုမိုအထောက်အကူ ပြုနိုင်တဲ့ ပဲပုတ်၊ နေကြာနဲ့ နှမ်း စိုက်ပျိုးရေးကို ထိထိရောက်ရောက် ဖြစ်အောင် ဆောင်ရွက်သွားကြဖို့လည်း လိုအပ် ပါ တယ်။ နှမ်း၊ နေကြာ စိုက်ပျိုးရေးမှာ အထွက်နှုန်းတိုးဖို့ အထောက်အကူဖြစ်စေမယ့် ဝတ်မှုန်ကူးတဲ့ ပျားမွေးမြူရေးကိုပါ ယှဉ်တွဲလုပ်ဆောင်သွားကြမယ်ဆိုရင် ဝတ်မှုန်ကူး ကောင်းပြီး အထွက်နှုန်းတိုးစေမှာလည်းဖြစ်ပါတယ်။ တစ်ဖက်ကလည်း ပျားရည် ထုတ်လုပ်နိုင်ပြီး တောင်သူများအတွက် အကျိုးရှိစေနိုင်မှာဖြစ်လို့ ပျားမွေးမြူရေးကို ပူးတွဲလုပ်ဆောင်ကြဖို့ တိုက်တွန်းမှာကြားလိုပါတယ်။
ဒါ့အပြင် စက်မှုကုန်ကြမ်းသီးနှံဖြစ်တဲ့ ရာဘာ၊ ဝါ၊ ဝါး စတာတွေကို တိုးချဲ့ စိုက်ပျိုး ကြဖို့လည်း လိုအပ်ပါတယ်။ ရာဘာကို ပြည်တွင်းမှာ အရည်အသွေးရှိရှိ ထုတ်လုပ်နိုင် မယ်ဆိုရင် နိုင်ငံခြားဝင်ငွေ ပိုမိုတိုးတက်ပြီး ပြည်တွင်းလိုအပ်ချက် သုံးကုန်များစွာကို လုံလောက်စေမှာဖြစ်ပါတယ်။ ရာဘာအခြေခံတဲ့ ကုန်ချောပစ္စည်းထုတ်လုပ်တဲ့ ဆိုင် ကယ်တာယာ၊ စက်ဘီးတာယာ၊ ကျွတ်၊ မိုးစီးဖိနပ်၊ အခြားလူသုံးကုန်ပစ္စည်းများ ထုတ် လုပ်ရပါမယ်။ အလားတူ ကျွန်တော်တို့နိုင်ငံမှာ ဝါကိုအခြေခံတဲ့ စက်မှုလုပ်ငန်းဟာ အသေချာဆုံးနဲ့ အထိရောက်ဆုံးသောလုပ်ငန်း ဖြစ်ပါတယ်။ လူတို့အတွက် အဓိက လိုအပ်တဲ့ အဝတ်အစားကို ပြည်တွင်းဝါ ထုတ်လုပ်မှုက လုံလောက်မှုများစွာပေးနိုင်တဲ့ အခြေအနေရှိပေမယ့် ချည်၊ ချည်ထည်ထုတ်လုပ်ဖို့ လိုအပ်ချက်ရှိနေတာကြောင့် လက်တွေ့မှာ ချည်အမျိုးမျိုးကို ပြည်ပက တင်သွင်းနေရတာကလည်း မဖြစ်သင့်ပါဘူး။ ဝါစိုက်ဧက ၅၂၄,၀၀၀ ခန့် ရှိတာမို့ မျိုးကောင်းတဲ့ ချည်မျှင်ရှည်ဝါကို ထိထိရောက်ရောက် စိုက်ပျိုးပြီး ဝါကိုအခြေခံတဲ့ ဝါဂွမ်း၊ ချည်၊ ချည်ထည် လုပ်ငန်းတွေကို တိုးမြှင့် ဆောင်ရွက်နိုင်မယ်ဆိုရင် အကျိုးများစွာ ရှိမယ်ဆိုတာ ထောက်ပြမှာကြားလိုပါတယ်။
အလားတူ ဝါးကိုအခြေခံတဲ့ စက်မှုလုပ်ငန်းကိုလည်း အလေးထား လုပ်ဆောင်ကြဖို့ လိုပါတယ်။ မြန်မာနိုင်ငံဟာ တစ်နှစ် ဝါးလုံးရေ သန်း ၃၀၀ ကျော်ထုတ်လုပ်သုံးစွဲနိုင် တယ်လို့ တွက်ချက်သိရှိရပါတယ်။ နှစ်စဉ် ပြည်ပမှ စက္ကူမျိုးစုံ တန်ချိန် ၂ သိန်းမှ ၄ သိန်းအထိ တင်သွင်းနေရပြီး ၂၀၁၈ မှ ၂၀၂၅ အတွင်း စက္ကူ တန်ချိန် ၂ သန်းကျော် တင်သွင်းခဲ့ရတဲ့ အတွက် အမေရိကန်ဒေါ်လာ ၂ ဘီလီယံကျော် ကျခံသုံးစွဲခဲ့ရပါတယ်။ ဒါကြောင့် စက္ကူထုတ်ရန် အဓိကကုန်ကြမ်းဖြစ်တဲ့ မြန်မာနိုင်ငံမှာ ပေါက်ရောက်နေတဲ့ ဝါးကို အကျိုးရှိစွာ အသုံးချနိုင်ဖို့လိုပါတယ်။ ဝါးဟာ စားဝတ်နေရေးအတွက် အခြေခံ လိုအပ်ချက်ဖြစ်သလို စက်မှုကုန်ကြမ်းဖြစ်တဲ့ ပျော့ဖတ်၊ ဝါးချည်မျှင် စတာတွေကိုပါ ထုတ်လုပ်နိုင်မှာဖြစ်ပါတယ်။ အနိမ့်ဆုံး ပျော့ဖတ်ထုတ်လုပ်နိုင်အောင် ဆောင်ရွက်ရပါမယ်။ အလားတူ ကော်ဖီဟာ ကမ္ဘာ့ဈေးကွက်ကြီးမားစွာ ရှိနေပါတယ်။ မြန်မာနိုင်ငံ အနှံ့မှာ အကြမ်းဖျင်းအားဖြင့် ခွဲခြားပြောနေတဲ့ ကုန်းမြင့်ကော်ဖီ (Arabica)၊ မြေနိမ့် ကော်ဖီ(Robusta) ကောင်းစွာဖြစ်ထွန်းပါတယ်။ ဒါကြောင့် ကော်ဖီစိုက်ပျိုးရေးမှာလည်း မြေနိမ့်ဒေသနဲ့ တောင်ပေါ်ဒေသတွေမှာ နေရာဒေသအလိုက် ဖြစ်ထွန်းမယ့် ကော်ဖီ စိုက်ပျိုးရေးကို အားပေးမြှင့်တင်ပေးကြရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် သီဟိုဠ်၊ သရက်၊ ဒူးရင်း၊ ထောပတ်များ စိုက်ပျိုးပြီး ကုန်ချောတွေထွက်ရှိအောင် စိုက်ပျိုး နိုင်မယ်ဆိုရင် ပြည်ပအထိ တင်ပို့နိုင်မယ့်အနေအထား ရှိနေတာ အားလုံးအသိပဲ ဖြစ်ပါတယ်။
စိုက်ပျိုးရေးကဏ္ဍကို မြှင့်တင်ဖို့အတွက် အဓိကကျတဲ့ မျိုး၊ မြေ၊ ရေ၊ နည်း စတဲ့ အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းမြှင့်တင်ပြီး သိပ္ပံနည်းကျစိုက်ပျိုးရေးနဲ့ စက်မှု လယ်ယာစိုက်ပျိုးရေးစနစ်ကို ကူးပြောင်းကြဖို့ လိုပါတယ်။ ခုချိန်မှာ တချို့နိုင်ငံတွေမှာ စိုက်ပျိုးရေးကို AI နဲ့ ပေါင်းစပ်ပြီး ဆောင်ရွက်နေကြပြီလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့အနေနဲ့ လည်း မိရိုးဖလာစိုက်ပျိုးရေးကနေ စနစ်တကျစိုက်ပျိုးရေး၊ စက်မှု လယ်ယာစိုက်ပျိုးရေးကို ကူးပြောင်းမှသာ ပြည်တွင်းလိုအပ်ချက်ကို မြှင့်တင် ပေးနိုင်မှာ လည်း ဖြစ်ပါတယ်။ ဒီလို တိုးမြှင့်နိုင်ဖို့အတွက်လည်း MSME လုပ်ငန်းတွေမှာ ပြည်တွင်းထုတ် စိုက်ပျိုးရေးစက်ကိရိယာတွေကို တီထွင်ထုတ်လုပ်နိုင်ဖို့ အားပေးဆောင် ရွက်လျက်ရှိနေပါတယ်။ စက်မှုလယ်ယာအတွက် စက်ပစ္စည်းတွေထုတ်လုပ်နိုင်ဖို့ အကြောင်းအမျိုးမျိုးကြောင့် ရပ်နားထားရတဲ့ ပြည်တွင်းရှိစက်ရုံတွေ ပြန်လည် လည်ပတ် နိုင်ဖို့လိုသလို နိုင်ငံပိုင်စက်ရုံတွေနဲ့ ပုဂ္ဂလိကစက်ရုံတွေကို တိုးချဲ့ ထုတ်လုပ် နိုင်အောင် အားပေးမြှင့်တင်သွားကြရမှာလည်း ဖြစ်ပါတယ်။ “နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှု အားပေးစို့” ဆိုတဲ့ ဆောင်ပုဒ်နဲ့ အညီ စီးပွားရေးကဏ္ဍဘက်စုံ ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ပေးကြဖို့လည်း တိုက်တွန်းမှာကြားလိုပါတယ်။
ကျွန်တော်အထက်မှာ ပြောခဲ့သလို အခြေအနေပေးသလောက်၊ ထုတ်လုပ်နိုင်သလောက် မထုတ်လုပ်နိုင်ကြလို့ ဒီနေ့ဝယ်လိုအားနဲ့ မမျှတတာ ဖြစ်နေပါတယ်။ ဒါ့ကြောင့် မလိုအပ်ဘဲ အများစုကို ပြည်ပက တင်သွင်းနေရတဲ့အတွက် ကုန်ဈေးနှုန်းကြီးမြင့်နေတာလည်း ဖြစ်ပါတယ်။ အလားတူ မွေးမြူရေးမှာလည်း ဥစားကြက်မွေးမြူရေး၊ အသား တိုး ကြက်မွေးမြူရေး၊ အသားတိုးဝက် မွေးမြူရေးတွေမှာ မွေးမြူနေကြတဲ့အရေအတွက်နဲ့ စားသုံးသူဦးရေ အချိုးမမျှတတာတွေ တွေ့ရပါတယ်။
မိသားစုတိုင်း မိသားစုတိုင်း တစ်အိမ်ထောင်စားသုံးရေးအတွက် တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေးလုပ်ကြဖို့ အားပေးဆောင်ရွက် သွားကြစေချင်ပါတယ်။ ရှေးယခင် ကတည်းကရှိခဲ့တဲ့ “အိမ်နောက်ဖေး ဈေးဆိုင်တည်” ဆိုတဲ့စကားဟာ တကယ်လုပ်ကြရင် မိသားစုစားဝတ် နေရေး အဆင်ပြေသလို မြေကိုအကျိုးရှိအောင် အသုံးချတာလည်း ဖြစ် ပါတယ်။ ဒါ့အပြင် ကျန်းမာရေးနဲ့လည်း ညီညွတ်ပြီး ပြည်တွင်း စားသုံးမှု လိုအပ်ချက်ကို ဖြည့်ဆည်းပေးရာလည်း ရောက်မှာဖြစ်ပါတယ်။
တိရစ္ဆာန်အစားအစာနဲ့ပတ်သက်ရင်လည်း ပြည်တွင်းမှာ ဖွဲ၊ ဆန်ကွဲ၊ ပြောင်းတို့ဟာ နိုင်ငံအဝှမ်းမှာ ဖြစ်ထွန်းလျက်ရှိပြီး ပဲဖတ်၊ နှမ်းဖတ်နဲ့ ငါးခြောက်မှုန့် စတဲ့ ကုန်ကြမ်း တွေကနေ များစွာထုတ်လုပ်နိုင်တဲ့ အခြေအနေရှိပါတယ်။ ရောစပ်ဖို့လိုအပ်တဲ့ တိရစ္ဆာန် ဆေးဝါးလောက်သာ ပြည်ပကတင်သွင်းပြီး ကျန်တဲ့ကုန်ကြမ်းတွေကို ပြည်တွင်းက ထွက်ရှိ တာတွေနဲ့ သုံးသွားမယ်ဆိုရင် များစွာအကျိုးရှိ အဆင်ပြေမှာလည်းဖြစ်ပါတယ်။
စိုက်ပျိုးမွေးမြူရေးဟာ ပြည်သူအားလုံးရဲ့ အခြေခံလိုအပ်ချက် ဖြစ်သလို နိုင်ငံ့ စီးပွားရေးအတွက်လည်း အဓိကကျတာဖြစ်လို့ ကျွန်တော်အထက်က ပြောခဲ့တာတွေကို အမှန်တကယ် ထိထိရောက်ရောက် အကောင်အထည် ဖော်ကြစေချင်ပါတယ်။ ခုထိရည်မှန်းချက် မအောင်မြင်သေးတာ၊ လိုအပ်ချက်တွေရှိနေတာဟာ ကျေးလက်နေ ပြည်သူလူထု ၇၀ ရာခိုင်နှုန်းလောက်ကလည်း စိုက်ပျိုးမွေးမြူရေးကို စနစ်တကျ သေသေချာချာ ဆောင်ရွက်နိုင်မှုမရှိခြင်း၊ မြို့နေလူထု ဖြစ်တဲ့ ၃၀ ရာခိုင်နှုန်း လောက်ကလည်း ကုန်ထုတ်လုပ်ငန်းများမှာ ပံ့ပိုး ဆောင်ရွက်မှုကို လုပ်သင့်သလောက် မလုပ်ကြလို့ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အစိုးရသစ်အနေနဲ့ အထက်က ပြောခဲ့တာတွေကို သုံးသပ်ပြီး စိုက်ပျိုး/မွေးမြူရေးပညာရှင်များ၊ ကျွမ်းကျင်သူများမွေးထုတ်ကာ လက်တွေ့မှာ ထိရောက်အောင်မြင်အောင် အနီးကပ် ကြီးကြပ်ဆောင် ရွက် သွားကြဖို့ အလေးထား မှာကြားလိုပါတယ်။
စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ ပြည်သူများ စားဝတ်နေရေး အဆင်ပြေ ချောမွေ့ဖို့ ဆိုရင် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ဖို့နဲ့ လျှပ်စစ်မီး ရရှိရေး၊ ရေကောင်းရေသန့် ရရှိရေး စတဲ့ အခြေခံ အဆောက်အအုံတွေ ပြည့်စုံလုံလောက်ဖို့လည်း လိုအပ်ပါတယ်။ လျှပ်စစ်ကဏ္ဍဟာ နိုင်ငံ့ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ စီးပွားရေးတိုးတက်မှုတို့အတွက် အခြေခံကျ ပါတယ်။ ဒါ့ကြောင့် နိုင်ငံမှာ လိုအပ်နေသေးတဲ့ လျှပ်စစ်စွမ်းအင်ကဏ္ဍ မြှင့်တင်ရေးကို အလေးထား လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။ အဲ့လိုလုပ်ဆောင်ရာမှာ ဆောင်ရွက်ဆဲ စီမံကိန်းတွေကို မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ဖို့ လိုသလို အကြောင်းအမျိုးမျိုးကြောင့် ဆိုင်းငံ့ ထားရတဲ့၊ မလုပ်ဖြစ်သေးတဲ့ လျှပ်စစ်စီမံကိန်းတွေကိုလည်း ပြန်လည်သုံးသပ်ဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်။ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို လျော့နည်းစေတဲ့ ပြည်လည်ပြည့်ဖြိုးမြဲစွမ်းအင် အရင်းအမြစ်တွေနဲ့ လုပ်ဆောင်ကြဖို့လည်း လိုအပ်ပါတယ်။ အချို့မြစ်တွေမှာ မြေနိမ့်တမံတွေ တည်ဆောက်ပြီး ရေကိုထိန်းသိမ်း သိုလှောင်နိုင်မယ်ဆိုရင် စိုက်ပျိုးရေးကို အထောက်အကူပေးနိုင်တဲ့အပြင် လျှပ်စစ်ဓာတ်အားကိုလည်း ထုတ်လုပ် နိုင်မှာဖြစ်လို့ စဉ်းစားဆောင်ရွက်ကြဖို့လိုပါတယ်။
လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် ကျွန်တော်တို့နိုင်ငံနဲ့ ကိုက်ညီတဲ့ ဆိုလာဓာတ်အားပေးစနစ်ကိုလည်း ဆောင်ရွက်သွားကြဖို့ လိုပါတယ်။ နိုင်ငံတော်တော်များများမှာ ဆိုလာစနစ်ဟာ အောင်မြင်နေပြီ ဖြစ်ပေမယ့်လည်း ကျွန်တော်တို့နိုင်ငံမှာ အများကြီး အားနည်းနေပါ သေးတယ်။ မိမိတို့နိုင်ငံ အလယ်ပိုင်းမှာ နေရောင်ခြည်ကို တစ်နှစ်မှာ ရက်(၃၀၀)လောက် ပြည့်ပြည့်ဝဝ ရရှိပါတယ်။ မိုးများတဲ့ မြန်မာနိုင်ငံ အောက်ပိုင်းဒေသ များမှာဆိုရင်တောင် ရက်(၂၅၀)ခန့် နေရောင် ခြည်ရနိုင်ပါတယ်။ ဒါ့ကြောင့် အိမ်သုံးကအစ၊ စီးပွားရေးလုပ်ငန်း၊ စက်မှုလက်မှုလုပ်ငန်းနဲ့ စိုက်ပျိုးရေးအတွက် မြစ်ရေတင်လုပ်ငန်း စတာတွေမှာ ဆိုလာဓာတ်အားပေးစနစ်ကို ပြောင်းလဲသုံးစွဲနိုင်ကြမယ်ဆိုရင် ဓာတ်အား လိုအပ်ချက်ကိုလည်း များစွာဖြည့်တင်းပေးနိုင်မှာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် မီးစက်တွေအတွက် ပြည်ပက တင်သွင်းနေရတဲ့ စက်သုံးဆီ လိုအပ်ချက်ကို လျှော့ချနိုင်ပြီး နိုင်ငံခြားငွေသုံးစွဲမှုကိုလည်း ချွေတာနိုင်မှာ ဖြစ်ပါတယ်။
အလားတူ သယ်ယူပို့ဆောင်ရေးကဏ္ဍကို မြှင့်တင်ပြီး ပြည်သူများ သွားလာမှု အဆင်ပြေစေဖို့နဲ့ ကုန်စည်စီးဆင်းမှုများလည်း မှန်ကန်မြန်ဆန်အောင် ဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်။ ဒါမှသာ ကုန်စည် ပို့ဆောင်မှု အဆင်ပြေပြီး ကုန်ဈေးနှုန်း မြင့်တက်မှုကိုလည်း လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာ မိမိတို့နိုင်ငံ အပါအဝင် နိုင်ငံတကာ ရင်ဆိုင်ကြုံတွေ့နေရတဲ့ လောင်စာဆီ၊ စက်သုံးဆီ ခြိုးခြံချွေတာရေးကို လည်း ချမှတ်ထားတဲ့ မူဝါဒ၊ စည်းမျဉ်းစည်းကမ်းများနဲ့အညီ လိုက်နာဆောင်ရွက်ကြဖို့ လိုပါတယ်။ ခရီးသည်နဲ့ ကုန်စည် ပို့ဆောင်မှုများမှာ ရထားပို့ဆောင်ရေးကဏ္ဍကို ပိုမို တိုးမြှင့်သုံးစွဲကြဖို့နဲ့ ဓာတ်ဆီ၊ ဒီဇယ်သုံးနေတဲ့ ယာဉ်များအစား လျှပ်စစ်စွမ်းအင်သုံးယာဉ် များကို ပိုမိုသုံးစွဲနိုင်အောင် စီမံဆောင်ရွက်ကြဖို့ တိုက်တွန်းမှာကြား လိုပါတယ်။
ပို့ဆောင်ရေးကဏ္ဍမှာ များများတင်နိုင်ပြီး မြန်မြန်ပို့ဆောင် ပေးနိုင်မယ့် ကုန်ကျစရိတ်လည်း သက်သာစေတဲ့ မီးရထားကဏ္ဍကို မဖြစ်မနေ မြှင့်တင်ကြရမှာဖြစ်ပါတယ်။ ရထားလမ်းများကို အဆင့်မြှင့်တင်ပေးကြဖို့ လိုသလို စက်ခေါင်းများနဲ့ တွဲဆိုင်းများကိုလည်း ခေတ်မီအဆင့်မြင့်လာအောင် ပြောင်းလဲဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ပြည်တွင်းမှာပဲ စက်ခေါင်းများ၊ တွဲများ မဖြစ်မနေ ကိုယ်တိုင် တည်ဆောက် ထုတ်လုပ်ရမှာ ဖြစ်ပါတယ်။ ခု စတင်ပြောင်းလဲ ဆောင်ရွက်နေပြီဖြစ်တဲ့ စက်သုံးဆီလောင်စာသုံး စက်ခေါင်းတွေအစား ဘက်ထရီအား သုံးနိုင်တဲ့ စက်ခေါင်းတွေ သုံးစွဲနိုင်မယ်ဆိုရင် စက်သုံးဆီလိုအပ်ချက်ကို လျှော့ချနိုင်မှာဖြစ်သလို သဘာဝပတ်ဝန်းကျင်ကိုလည်း ထိခိုက်မှုနည်းပြီး မြန်ဆန်မှုကအစ အကျိုးပြုလာမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် မီးရထားကဏ္ဍကို ပြည်သူတွေအတွက် သယ်ယူပို့ဆောင်ရေးနဲ့ ကုန်စည်ပို့ဆောင်ရေး ကဏ္ဍတွေ မှာ ယခု ထက် ပိုမိုထိရောက်အောင်၊ အကျိုးရှိအောင်၊ ပြည်သူက ယုံကြည်အားထားရတဲ့ ပို့ဆောင် ရေးဖြစ်အောင် ကြိုးစားမြှင့်တင် ဆောင်ရွက်သွားကြဖို့ မှာကြားလိုပါတယ်။
ကျွန်တော်တို့ နိုင်ငံကို ဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီပြည်ထောင်စုအဖြစ် တည်ဆောက်နိုင်ဖို့အတွက် ထူးချွန်ထက်မြက်တဲ့ အသိပညာရှင်၊ အတတ်ပညာရှင် လူ့စွမ်းအားအရင်းအမြစ်တွေ အများကြီးလိုအပ်ပါတယ်။ ပညာရည်နိမ့်သူတွေ၊ ပညာမဲ့ သူတွေ၊ အသိပညာနိမ့်ကျသူတွေနဲ့ နိုင်ငံကို တည်ဆောက်လို့ မရနိုင်ပါဘူး။ ဒါ့ကြောင့် ကျွန်တော် တို့တာဝန်ယူခဲ့တဲ့ ကာလတစ်လျှောက်လုံး ပညာရေးကဏ္ဍကို ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားတည်ဆောက်ပေးနေတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ ပညာရေးမြှင့် တင်မှုဟာ တစ်ခဏတာကိစ္စမဟုတ်ဘဲ အမြဲတမ်း ဆောင်ရွက်နေရမယ့် ကိစ္စဖြစ်တာကြောင့် တစ်စိုက်မတ်မတ် အလေးထားဆောင်ရွက်သွားကြဖို့ တိုက်တွန်းမှာကြား လိုပါတယ်။
ကျွန်တော်တို့နိုင်ငံရဲ့ ပညာရေးဟာ တစ်ချိန်က နိုင်ငံတကာ အဆင့်မီခဲ့ပါတယ်။ ဒါပေမယ့်လည်း နောက်ပိုင်းမှာ ပညာရေးကဏ္ဍ နိမ့်ကျလာလို့ ဒါကိုပြန်လည် ဦးမော့လာဖို့၊ မြင့်တက်လာဖို့ ကြိုးစားဆောင်ရွက်နေကြတာလည်းဖြစ်ပါတယ်။ လူငယ်များ ဟာ နိုင်ငံရဲ့ အနာဂတ်၊ နိုင်ငံရဲ့အင်အား၊ နိုင်ငံကို တည်ဆောက်မယ့်သူတွေ ဖြစ်ကြပါတယ်။ ဒါ့ကြောင့် လူငယ်ကဏ္ဍကိုလည်း မြှင့်တင်ပေးကြရမှာ ဖြစ်ပါတယ်။ လူငယ်ကဏ္ဍ မြှင့်တင်ပေးဖို့ဆိုရင် မျိုးဆက်အလိုက် တိုးတက်ပြောင်းလဲအောင် လုပ်ရမှာဖြစ်လို့ အချိန်ယူရပါလိမ့်မယ်။ ဒါ့ကြောင့်လည်း အစကတည်းက စနစ်တကျနဲ့ အခြေခံကောင်း ဖို့လိုပါတယ်။
ပညာရေးမြှင့်တင်တယ်ဆိုရာမှာ စာတတ်ရုံ၊ အတန်းပညာတတ်ရုံ၊ တန်းစဉ်အောင်ပြီး ဘွဲ့ရရုံ၊ ဘာသာရပ်ကျွမ်းကျင်သူဖြစ်ရုံလောက်နဲ့ မလုံလောက်နိုင်ပါဘူး။ ဒါပေမယ့် စာတတ်ဖို့၊ ပညာသင်ကြားဖို့ကတော့ အခြေခံလိုအပ်ချက်ဖြစ်ပါတယ်။ ဒါ့အပြင် အသက်အရွယ်၊ အဆင့်အတန်းအလိုက် ရှိသင့်ရှိထိုက်တဲ့ အတွေးအခေါ်၊ အယူအဆ၊ စဉ်းစားဆင် ခြင် သုံးသပ်မှုနဲ့ ဆင်ခြင်တုံတရား စတဲ့ အသိပညာတွေပါ ပြည့်စုံမှ၊ တစ်နည်းအားဖြင့် အတတ်ပညာရော အသိပညာပါ ပြည့်စုံပြည့်ဝပါမှ ပညာတတ်တယ်လို့ ပြောနိုင်မှာဖြစ် ပါတယ်။ ဒီနေ့ ကျွန်တော်တို့ နိုင်ငံမှာ တွေ့ကြုံနေရတဲ့ အခက်အခဲဟာ အတန်းပညာ နည်းပါးသူတွေနဲ့ စာတတ်ကြသော်လည်းပဲ အသိဉာဏ်ပညာနဲ့ စဉ်းစားတွေးခေါ်မှု နိမ့်ပါးနေကြသူတွေကြောင့် ဖြစ်တယ်လို့ဆိုရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော့် အနေနဲ့ ပညာရေးကဏ္ဍမှာ အခြေခံအဆင့်မှာပဲဖြစ်ဖြစ်၊ အဆင့်မြင့်ပညာမှာပဲဖြစ်ဖြစ် “စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ” “အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက” “စာကို လည်းသင် လူကိုလည်းပြင်” ဆိုတဲ့စကားတွေနဲ့အညီ ကျောင်းသား ကျောင်းသူတွေကို အမှန်တကယ် ပညာပြည့်ဝအောင်၊ ဗလငါးတန် ထူးချွန်အောင်၊ လူကောင်းလူတော် တွေဖြစ်အောင် ဆောင်ရွက်ပေးကြဖို့ အလေးထား မှာကြားလိုပါတယ်။
ကျောင်းနေဖို့ နဲ့ ပညာရေးမြှင့်တင်ဖို့ဆိုရင်လည်း ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းနေဖို့ နဲ့ ကျောင်းထွက်နှုန်းလျှော့ချစေဖို့၊ ပညာကို ဆုံးခန်းတိုင် သင်ကြားကြစေဖို့ လိုအပ်ပါတယ်။ ပညာရည်နိမ့်ပါးရင် စဉ်းစားတွေးခေါ်မှုနဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေဟာလည်း နိမ့်ကျနေမှာလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော့်အနေနဲ့ အခြေခံပညာကဏ္ဍမှာ KG+9 အဆင့်ထိ အားလုံးသင်ယူနိုင်ကြဖို့ မူဝါဒချမှတ်ဆောင်ရွက်လျက် ရှိပါတယ်။ ဒါကို မိဘများ၊ ဆရာများ အပါအဝင် တာဝန်ရှိသူများနဲ့ နိုင်ငံသားအားလုံးက သဘောပေါက် လက်ခံပြီး အောင်မြင်အောင် ဆောင်ရွက်ကြဖို့ မှာကြားလိုပါတယ်။ အကြောင်း အမျိုးမျိုးကြောင့် အဆင့်မြင့်ပညာဆက်သင်ဖို့ အခက်အခဲ ရှိရင်လည်း Agro-based Industry ကို အထောက်အကူပြုနိုင်မယ့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး စတဲ့အသက်မွေးဝမ်းကျောင်း ဘာသာရပ်တွေကို သင်ကြားတဲ့ အထက်တန်းကျောင်းတွေ ဖွင့်လှစ်ထားတာမို့ အထက်တန်းအဆင့်မှာ အသက်မွေးဝမ်းကျောင်းပညာကို သင်ယူနိုင်ကြမှာ ဖြစ်ပါတယ်။
အဲဒီလို KG+9 အထိ မဖြစ်မနေသင်ကြမယ်ဆိုရင်လည်း ကျောင်းတွေမှာ ကျောင်းသားဦးရေ များလာမှာဖြစ်တဲ့အလျောက် ကျောင်းသားဦးရေအလိုက် ကျောင်းစာသင်ခန်းတွေကို လိုအပ်ချက်နဲ့အညီ တိုးချဲ့တာ၊ ဆရာ ဆရာမတွေ ပြည့်စုံအောင် ခန့်အပ် ဖြည့်တင်းပေးကြရမှာဖြစ်ပါတယ်။ ကျောင်းနေပျော်ပြီး စာတော်ဖို့အတွက် ကျောင်းဥပဓိရုပ် များ ကောင်းမွန်ဖို့နဲ့ ဆရာ၊ ဆရာမများ သင်ကြားမှုအရည်အသွေး ပြည့်ဝဖို့လိုမှာ ဖြစ်ကြောင်း မှာကြားလိုပါတယ်။
ဒီနေ့ နိုင်ငံမှာ တွေ့ကြုံနေရတာက အများစုဟာ တည်ဆဲဥပဒေတွေကို နားလည်မှု နည်းပါးတာ၊ အလေးဂရု မပြုတာတွေကြောင့် တရားဥပဒေစိုးမိုးမှု အားနည်း နေတာကို တွေ့ရှိရပါတယ်။ ပြည်သူအားလုံး ဥပဒေများကို သိရှိလိုက်နာမှသာ စည်းကမ်းပြည့်ဝပြီး အေးချမ်းသာယာကြမှာ ဖြစ်ပါတယ်။ ဥပဒေများကို သိရှိလိုက်နာတတ်ဖို့ ကျောင်းနေစဉ်ကတည်းက သင်ကြားလေ့ကျင့်ပေးကြရမှာ ဖြစ်ပါတယ်။ ပညာရေး အားနည်းရင် တရားဥပဒေလိုက်နာမှု၊ တရားဥပဒေစိုးမိုးမှုမှာလည်း အားနည်းလာတာဖြစ်ပါတယ်။ ဒါ့ကြောင့် အခြေခံပညာကျောင်းတွေမှာ ဥပဒေအခြေခံတွေကို အထက်တန်း အဆင့်မှာ သင်ကြားပေးနေပြီး ပြည်နယ်/တိုင်း တက္ကသိုလ်အသီးသီးမှာ ဝိဇ္ဇာဘွဲ့ (ဥပဒေ) ပေးနိုင်တဲ့ အထိ တိုးမြှင့်ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဒါ့ကြောင့်လည်း လက်ရှိအခြေအနေမှာ တရားဥပဒေစိုးမိုးရေး အထိုက်အလျောက် တိုးတက်လာတာကို လည်းတွေ့ရှိ ရပါတယ်။ ရှေ့အစိုးရကာလသစ်မှာလည်း ပိုမိုထိရောက်အောင် ဆောင်ရွက်သွားကြဖို့ တိုက်တွန်း မှာကြားလိုပါတယ်။
ပညာရေးနဲ့ပတ်သက်လို့ တစ်ချက် ဆက်လက်မှာကြားလိုတာက ကျောင်းမတက်မီ ရှေးဦးသူငယ်ဘဝတည်းက မူလတန်း စမတက်မီ မူကြိုတက်ခဲ့ကြတဲ့ ကလေးတွေဟာ အခြေခံကောင်းကြတာကို တွေ့ရပါတယ်။ မူကြိုကျောင်းသားတိုင်းဟာ မူလတန်းတက် ကြပါတယ်။ ဒါပေမယ့် မူလတန်းကျောင်းသားတိုင်းကတော့ မူကြိုမတက်ခဲ့ကြရပါဘူး။ ဒီနှစ်ခု ကွာခြားချက်ကတော့ မူကြိုတက်ခဲ့တဲ့ ကလေးတွေဟာ မူလတန်းကအစ ပညာရေးမှာ ပိုမိုပညာလိုလားကြတာတွေ့ရပါတယ်။ ဒါ့ကြောင့် မူကြိုကျောင်းတွေမှာ လူငယ် ပြုစုပျိုးထောင်ရေးကို သက်ဆိုင်ရာဝန်ကြီးဌာနက အလေးထားဆောင်ရွက် သွားကြရမှာ ဖြစ်ပါတယ်။ ထိရောက်တဲ့ မူကြိုကျောင်းတွေဖြစ်ဖို့နဲ့ Early Childhood Care and Development ဖြစ်တဲ့ ရှေးဦးအရွယ်ကလေးသူငယ်ပြုစု ပျိုးထောင်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထား ဆောင်ရွက်ပေးကြဖို့လည်း မှာကြားလိုပါတယ်။ “နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကိုအားပေးစို့” ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ပညာရေးကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားကြဖို့ အလေးထား မှာကြားလိုပါတယ်။
ပညာရေးနဲ့အတူ ကျန်းမာရေးကဏ္ဍကိုလည်း မြှင့်တင်ပေးကြရမှာ ဖြစ်ပါတယ်။ “လူ့အသက်ထက် အရေးကြီးတာ ဘာမျှမရှိ” ဆိုတဲ့ ခံယူချက်နဲ့ ကျွန်တော်တို့ တာဝန် ယူခဲ့တဲ့ကာလတစ်လျှောက် ကျန်းမာရေးကဏ္ဍ အဆင့်မြှင့်တင်မှုကိုလည်း ဘက်ပေါင်းစုံက ဖြည့်ဆည်းဆောင်ရွက်ပေးနေသလို ဆက်လက်ပြီးတော့လည်း မြှင့်တင်ဆောင်ရွက် ပေး သွားမှာ ဖြစ်ပါတယ်။ ဘယ်လောက်ပဲ ပညာတွေ တတ်တတ်၊ ဘယ်လောက်ပဲ ထူးချွန်ထက်မြက်နေပါစေ ကျန်းမာရေး မကောင်းရင်၊ ကျန်းမာရေး ချို့ယွင်းရင် ဘာမှမလုပ်နိုင်၊ မကိုင်နိုင်၊ အကျိုးပြုနိုင်မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ပြည်သူအားလုံး စိတ်ရောကိုယ်ပါ ကျန်းမာကြံ့ခိုင်ရေးကို အလေးထားဆောင်ရွက်ပေးကြဖို့လည်း မှာကြား လိုပါတယ်။
တစ်ဆက်တည်းမှာပဲ ကျန်းမာရေးနဲ့ ဆက်စပ်နေတဲ့ အားကစားကဏ္ဍမြှင့်တင် ရေးကိုလည်း အလေးထားမှာကြားလိုပါတယ်။ နိုင်ငံတကာ ပြိုင်ပွဲတွေမှာ ကျဆင်းနေတဲ့ အားကစားကဏ္ဍကို မြှင့်တင်ပေးဖို့လိုပါတယ်။ အားကစားဆိုတာ ကိုယ်လက်လှုပ်ရှားမှု ကအစ ဝါသနာပါရာ ကစားနည်းတစ်ခုခုကို လေ့လာလေ့ကျင့် လိုက်စားတာဖြစ်တဲ့ အတွက် ကျန်းမာရေးကို များစွာအထောက်အကူပြုတဲ့အပြင် စည်းကမ်း၊ စိတ်ဓာတ် စတာတွေ ကောင်းမွန်ခိုင်မာစေပါတယ်။ “အားကစား မြှင့်တင်ခြင်းသည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ခြင်းဖြစ်သည်” ဆိုတဲ့ စကားနဲ့အညီ နိုင်ငံတကာမှာ အားကစားကို အားပေးပြီး နိုင်ငံ့ဂုဏ်ကို မြှင့်တင်နေကြတာဖြစ်သလို အားကစားကဏ္ဍဖွံ့ဖြိုး တိုးတက်ဖို့ ဆောင်ရွက်ပေးကြပါလို့လည်း မှာကြားလိုပါတယ်။
ဆက်လက်မှာကြားလိုတာကတော့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ကျေးလက်ဒေသသန့်ရှင်းသာယာလှပရေး၊ မြို့ပြများ စနစ်တကျဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အလေးထား ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ဒီအတွက် နေပြည်တော်၊ ရန်ကုန်မြို့နဲ့ မန္တလေးမြို့တို့မှာ မြို့တော်စည်ပင်သာယာရေးကော်မတီတွေရှိသလို တိုင်းဒေသကြီးနဲ့ ပြည်နယ်များမှာလည်း စည်ပင်သာယာရေးဝန်ကြီးဌာနတွေ ဖွဲ့စည်းထားပြီးဖြစ်ပါတယ်။ မြို့ရွာတွေကို အုပ်ချုပ်မှုလွယ်ကူပြီး သန့်ရှင်းသာယာလှပဖို့ စနစ်တကျ အကွက်ချ လုပ်ဆောင်သွားကြဖို့ လိုပါတယ်။ ဒါ့အပြင် ပြည်သူတွေ အနားယူအပန်းဖြေနိုင်ဖို့နဲ့ အားကစား လေ့ကျင့်ခန်းတွေ လုပ်နိုင်မယ့် ပန်းခြံ၊ အားကစားကွင်း၊ အပန်းဖြေ နေရာ စတာတွေကိုလည်း စနစ်တကျ တည်ဆောက်ပေးသွားကြဖို့ လိုပါတယ်။
အားလုံးသိရှိပြီးဖြစ်တဲ့အတိုင်း ယခုအခါမှာဆိုရင် ကမ္ဘာကြီးက ပူနွေးလာပြီး သဘာဝဘေးအန္တရာယ်အမျိုးမျိုး ဖြစ်ပေါ်ခံစားနေရပါတယ်။ သစ်ပင်သစ်တောတွေ ပြုန်းတီးမှုကြောင့် အပူဒဏ်ကို ပြင်းပြင်းထန်ထန်ခံစားနေရပြီး အညာဒေသ တချို့မြို့ တွေမှာ ယခုကတည်းက အပူချိန်တွေ တအားမြင့်တက်နေလို့ သက်ကြီးရွယ်အိုတွေ တော်တော် ထိခိုက်ခံစားနေကြရပါတယ်။ ဒါ့ကြောင့် လတ်တလောအပူဒဏ် ကာကွယ်နိုင်ဖို့ အပူရှောင်စခန်းတွေ စီမံပေးဖို့လိုသလို ရေရှည်အတွက် “နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစို့” ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ သစ်ပင် စိုက်ပျိုးရေးကို အလေးထားဆောင်ရွက်သွားကြဖို့ မှာကြားလိုပါတယ်။
ခုအချိန်မှာ ကျွန်တော်တို့ဟာ ပြည်သူ့ဆန္ဒနဲ့အညီ ပြည်သူတွေလိုလားတဲ့ လမ်းကြောင်းမှန်ပေါ်ကို ပြန်ရောက်နေပါပြီ။ ဒီမိုကရေစီ စာမျက်နှာသစ်၊ တစ်နည်းအားဖြင့် ပြောရရင် ဒုတိယစာမျက်နှာကို ရေးဆွဲကြဖို့ အစပြုနေကြပြီဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့အနေနဲ့ ဥပဒေပြုရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့ တရားစီရင်ရေးမဏ္ဍိုင် တို့ အကြားမှာ ညှိညှိနှိုင်းနှိုင်း၊ တိုင်တိုင်ပင်ပင်နဲ့ နိုင်ငံ့အကျိုးကို ရှေးရှုဆောင်ရွက် သွားကြဖို့ မှာကြားလိုပါတယ်။ တွေ့ကြုံလာရမယ့် အခက်အခဲမှန်သမျှကို ဆွေးနွေး ညှိနှိုင်း အဖြေရှာပြီး စည်းစည်းလုံးလုံး ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။ “အစ ကောင်းမှ အနှောင်းသေချာ” ဆိုသလို အတိတ်ကလို နောက်ကြောင်း ပြန်လှည့်သွားရတာမျိုး မဖြစ်အောင် အားလုံးက ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်သွားကြဖို့ တိုက်တွန်း မှာကြားလိုပါတယ်။
ကျွန်တော်ခေါင်းဆောင်တဲ့ အစိုးရအဖွဲ့ကိုလည်း လုပ်ငန်း အတွေ့အကြုံရှိသူတွေ၊ နိုင်ငံ့အကျိုး ပြည်သူ့အကျိုးကို ရှေးရှုဆောင်ရွက်နိုင်မယ့်သူတွေ၊ အမှန်တကယ် လုပ်နိုင် ကိုင်နိုင်ရှိသူတွေနဲ့ ရွေးချယ်ပြီး ယုံယုံကြည်ကြည်နဲ့ အားကိုးအားထားပြု ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ ဖြစ်ပျက်ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေကို သင်ခန်းစာ ယူပြီး “သန့်ရှင်းတဲ့ အစိုးရ၊ ကောင်းမွန်တဲ့ အုပ်ချုပ်မှု” ဖြစ်အောင် ကြိုးစားဆောင်ရွက် သွားကြရမှာ ဖြစ်ပါတယ်။ ဗဟိုအဆင့် ကဏ္ဍဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများနဲ့ ဒေသဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရများ ပူးပေါင်းဆောင်ရွက်မှုနဲ့ ဦးတည်ချက်၊ ရည်မှန်းချက်တွေ အောင်မြင်အောင် ကြိုးစားဆောင်ရွက်သွားမှာဖြစ်ပါတယ်။ နိုင်ငံဖွံ့ဖြိုး တိုးတက်မှုနဲ့ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ဥပဒေလုပ်ထုံးလုပ်နည်းများနဲ့အညီ ချို့ယွင်းအားနည်းမှု မရှိစေဘဲ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားဆောင်ရွက်သွားကြဖို့ လည်း မှာကြားလိုပါတယ်။
နောက်မဏ္ဍိုင်ကြီးတစ်ခုဖြစ်တဲ့ တရားစီရင်ရေးအပိုင်းကလည်း အမှုအခင်းများကို တိတိကျကျ၊ မှန်မှန်ကန်ကန်၊ မြန်မြန်ဆန်ဆန် စီရင်ဆောင်ရွက်ပေးကြဖို့နဲ့ သမာသမတ်ကျကျ ဥပဒေနဲ့အညီ တိတိကျကျ ဆောင်ရွက်ပေးကြဖို့လည်း လိုအပ်ပါတယ်။ အပြစ်ရှိတဲ့သူကို ထိုက်သင့်တဲ့ ပြစ်ဒဏ်ချမှတ်ပေးနိုင်ဖို့ လိုသလို တစ်ဖက်ကလည်း ပြည်သူတွေကို ရသင့်ရထိုက်တဲ့ တရားဥပဒေအကာအကွယ်ရအောင်လည်း လုပ်ပေးကြရမှာ ဖြစ်ပါတယ်။ ပြည်သူကအားကိုးတဲ့ တရားရုံးတွေ၊ ပြည်သူကယုံကြည်လေးစားတဲ့ တရားသူကြီးတွေဖြစ်အောင် ကြိုးစားပေးကြပါလို့ မှာကြားလိုပါတယ်။ နိုင်ငံသား အားလုံးဟာ ဥပဒေနဲ့ ပတ်သက်ရင် တန်းတူခံစားခွင့် ရရှိစေဖို့နဲ့ တရားရေးမဏ္ဍိုင်ကို ဖြောင့်မတ်တည်ကြည်ခိုင်မာအောင် တည်ဆောက်သွားကြဖို့လည်း လိုအပ်ပါတယ်။
နောက်တစ်ချက်အနေနဲ့ အဂတိလိုက်စားမှု ကင်းရှင်းအောင် ဆောင်ရွက်သွား ကြဖို့ လိုပါတယ်။ အဂတိလိုက်စားမှုဟာ နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို များစွာထိခိုက်စေပြီး လူတစ်ဦးချင်းစီရဲ့ အကျင့်စာရိတ္တနဲ့စိတ်ဓာတ်ကိုလည်း ပျက်စီးစေတာ ဖြစ်ပါတယ်။ သူများ မိုးခါးရေသောက်လို့ သောက်ရပါတယ် ဆိုရာကနေ တစ်စတစ်စ အမြစ်တွယ်လာပြီး အကျင့်ပျက်ခြစားမှုတွေ များလာတာမျိုး မဖြစ်အောင် ထိန်းသိမ်းလုပ် ဆောင်ကြဖို့ လိုအပ်ပါတယ်။ အဓိက ကတော့ ကျွန်တော်တို့ အစိုးရအဖွဲ့နဲ့ နိုင်ငံ့ ဝန်ထမ်းများအပါအဝင် စီးပွားရေးလုပ်ငန်းရှင်များ၊ တိုင်းရင်းသားပြည်သူအားလုံး စိတ်ထား မှန်ကန်ကြဖို့နဲ့ စိတ်ကောင်းစေတနာတွေ ရှိကြဖို့ Mindset တွေကို ပြုပြင်ပြောင်း လဲနိုင်အောင် ကြိုးစားကြပါလို့ တိုက်တွန်းမှာကြား လိုပါတယ်။
ကျွန်တော်တို့အနေနဲ့ ပြည်ထောင်စုလွှတ်တော်ရှေ့မှောက်မှာ ကတိသစ္စာပြုထားကြတဲ့အတိုင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နဲ့ နိုင်ငံသားများအပေါ် သစ္စာစောင့်သိရိုသေသွားကြရမှာ ဖြစ်ပါတယ်။ ဒို့တာဝန် အရေးသုံးပါးဖြစ်တဲ့ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ထာဝစဉ် ဦးထိပ်ပန်ဆင် ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။ နိုင်ငံတော်နဲ့ ပြည်သူအကျိုးကို အလေးထားပြီး နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိန်းသိမ်းစောင့်သိလိုက်နာ ရိုသေပြီး လုပ်ငန်းတာဝန်တွေကို ရိုးသားဖြောင့်မတ်စွာ ဆောင်ရွက်သွားကြဖို့ လိုအပ်တယ်ဆိုတာလည်း အလေးအနက်ထား မှာကြားလိုပါတယ်။
ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်တွေကို အခြေခံ ကောင်းကောင်းနဲ့ ခိုင်မာအားကောင်းအောင် တဖြည်းဖြည်း တည်ဆောက် သွားကြရမှာ ဖြစ်ပါတယ်။ အတိတ်က ကြုံတွေ့ခဲ့ရတာတွေကို သင်ခန်းစာယူပြီး ချို့ယွင်းအားနည်းမှု နည်းနည်းနဲ့ ခိုင်မာအားကောင်းတဲ့ ဒီမိုကရေစီနိုင်ငံတော်ကြီးကို အောင်မြင်အောင် ဆက်လက်တည်ဆောက်သွားနိုင်ဖို့ မိမိတို့အားလုံး တက်ညီလက်ညီ ဆောင်ရွက်သွားကြဖို့ တိုက်တွန်း မှာကြားလိုပါတယ်။
နိဂုံးချုပ်အနေနဲ့ -
မိမိတို့အစိုးရအနေနဲ့ နိုင်ငံတော်နဲ့ပြည်သူက ပေးအပ်လာတဲ့ တာဝန်တွေကို သစ္စာရှိရှိ၊ ကျေကျေပွန်ပွန် ထမ်းဆောင်သွားကြပါ၊
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုနဲ့ ပြည်သူများလူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရေးကို အလေးထားဆောင်ရွက်သွားကြပါ၊
အတိတ်ကကြုံတွေ့ခဲ့ရတဲ့ သင်ခန်းစာတွေကို လေ့လာသုံးသပ်ပြီး နိုင်ငံနဲ့ပြည်သူ့ အကျိုးကို ထိထိရောက်ရောက် မြန်မြန်ဆန်ဆန်၊ မှန်မှန်ကန်ကန် ဆောင်ရွက် ပေးကြပါ၊
ပြည်ထောင်စုနဲ့ တိုင်းဒေသကြီး၊ ပြည်နယ်များ အချင်းချင်း ပေါင်းစပ်ညှိနှိုင်းပြီး နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေး စတဲ့ ကဏ္ဍအသီးသီး တိုးတက်အောင် ပူးပေါင်းဆောင်ရွက်ပေးကြပါ၊
ပြည်သူလူထုရဲ့ ဆန္ဒသဘောထားနဲ့အညီ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီ နိုင်ငံသစ်ကို ဦးတည်ချက်၊ ရည်မှန်းချက် များနဲ့အညီ စိတ်တူကိုယ်တူ အကောင် အထည်ဖော်ဆောင်ရွက် သွားကြပါစို့လို့ တိုက်တွန်းမှာကြားရင်း နိဂုံးချုပ်လိုက် ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။
#News #Speech








No comments:
Post a Comment