နေပြည်တော်၊ ဧပြီ ၂၆
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် နေပြည်တော်သို့ တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံရေးရာဗျူရို အဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ၂၅-၄-၂၀၂၆ ရက်၊ ညနေပိုင်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံ ဆွေးနွေးခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအကြား ဆွေမျိုးပေါက်ဖော် ဆက်ဆံရေး ပိုမိုခိုင်မာစေရေး၊ အေးအတူပူအမျှအသိုက်အဝန်း ထူထောင်ထားရှိမှု၊ နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့ကို အရှိန်အဟုန်မြှင့်တင်နိုင်ရန်ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။ နှစ်နိုင်ငံ နယ်စပ်တစ်လျှောက် တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းရန် ဆက်လက်ပူးပေါင်း ဆောင်ရွက်ရေး၊ မြန်မာအစိုးရ၏ ငြိမ်းချမ်းရေး ကြိုးပမ်းမှုများကို တရုတ်နိုင်ငံက ပံ့ပိုးကူညီရေး၊ မြန်မာနိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုး တက်ရေးအတွက် တရုတ်နိုင်ငံမှ ပံ့ပိုးကူညီသွားရေး၊ နယ်စပ်ဒေသများတွင် အွန်လိုင်းလောင်းကစားနှင့် တရားမဝင်လုပ်ငန်းများ ဆောင်ရွက်နေခြင်းကို တိုက်ဖျက်ရာ၌ နှစ်နိုင်ငံအိမ်နီးချင်းကောင်းပီသစွာဖြင့် ပူးပေါင်းဆောင်ရွက်ရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာ မျက်နှာစာများတွင် အပြန်အလှန်ဆက်လက်ထောက်ခံရပ်တည်သွားရေးနှင့် နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးအပေါ် ဆွေးနွေးအမြင်ချင်းဖလှယ်ခဲ့သည်။
ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေက တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်မှုများကို အသိအမှတ်ပြု အစဉ်တစိုက် ထောက်ခံပေးခြင်းနှင့် ကူညီပံ့ပိုးမှုများ အပေါ် ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်း မူဝါဒကိုထောက်ခံရပ်တည်ပါကြောင်း၊ တရုတ်သမ္မတ မစ္စတာ ရှီကျင့်ဖျင် အဆိုပြုထား သော ကမ္ဘာလုံးဆိုင်ရာ အစီအမံ လေး ခုကိုလည်းထာက်ခံပါကြောင်း၊ အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ကာကွယ်စောင့်ရှောက်ခြင်းနှင့် မြှင့်တင်ခြင်းဆိုင်ရာ အဆိုပြုချက် လေး ချက်အား ထောက်ခံပါကြောင်း၊ နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရေး အရေးကြီးပါကြောင်း၊ တရုတ်နိုင်ငံမှ ပေးအပ်ခဲ့သော ငလျင်ဒဏ်ပြန်လည်ထူ ထောင်ရေးဆိုင်ရာ အကူအညီများအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် နှစ်နိုင်ငံနယ်စပ်တွင် တည်ငြိမ်အေးချမ်းရေးအတွက် ဆက်လက်ပံ့ပိုးကူညီပေးရန် မေတ္တာရပ်ခံလိုပါကြောင်း ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင်ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ပြောကြားခဲ့သည်။
မစ္စတာ ဝမ်ယိ က တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် အစိုးရသစ် တစ်ရပ်ဖွဲ့စည်းနိုင်မှုအပေါ် ဝမ်းမြောက်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ဆက်လက်ပံ့ပိုးမည် ဖြစ်ပါကြောင်း၊ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို အခြေခံသည့် မြန်မာနိုင်ငံက ယုံကြည်အားကိုးနိုင်လောက်သော အိမ်နီးချင်းနိုင်ငံအဖြစ် ရပ်တည်မည်ဖြစ်ပါကြောင်း၊ နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်လိုပါကြောင်း၊ နှစ်နိုင်ငံအကြား အပြန်အလှန်နားလည်မှုနှင့် ယုံကြည်မှု ပိုမိုခိုင်မာစေရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံအကြီးအကဲများအကြား သဘောတူညီချက်များကို ထိရောက်စွာအကောင်အထည်ဖော်ရေး ကြိုးပမ်းသွားမည်ဖြစ်ကြောင်း၊ ကဏ္ဍစုံတွင် အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားမည်ဖြစ်ပါ ကြောင်းနှင့် နှစ်နိုင်ငံအကြားရှိ စီမံကိန်းများကို အရှိန်အဟုန်မြှင့်၍ တိုးချဲ့ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
နှစ်နိုင်ငံဆွေးနွေးပွဲအပြီးတွင် မန္တလေးငလျင်ဒဏ်သင့် ဘုန်းတော်ကြီးများနှင့် သီလရှင်ကျောင်းများအတွက် တရုတ်နိုင်ငံအစိုးရမှ လှူဒါန်းသည့် အသင့်နေအိမ်များ လွှဲပြောင်းလက်ခံခြင်း ဆိုင်ရာ စာလွှာလဲလှယ်ခြင်းနှင့် မြန်မာအာကာသအေဂျင်စီနှင့် တရုတ်အမျိုးသား အာကာသစီမံ ခန့်ခွဲမှုဌာနတို့အကြား အာကာသပူးပေါင်းဆောင်ရွက်မှုနှင့် အာကာသ ဟင်းလင်းပြင် ငြိမ်းချမ်းစွာ အသုံးပြုမှုဆိုင်ရာ နားလည်မှုစာချွန်လွှာ လဲလှယ်ခြင်းတို့ကို နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးများ ရှေ့မှောက်တွင် ပြုလုပ်ခဲ့သည်။
ဆက်လက်၍ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေ က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံရေးရာဗျူရို အဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်ရှိ Jasmine Hotel ၌ ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။
#MNP #News






No comments:
Post a Comment