လုပ်ငန်းခွင်ထိခိုက်မှုကြောင့် ဆေးကုသမှုခံယူရင်းမှ ကွယ်လွန်ခဲ့ရသည့် မြန်မာအလုပ်သမားမောင်စန်းယု ၏ကိစ္စရပ်များကို အလုပ်သမားဝန်ကြီးဌာနနှင့် မြန်မာသံရုံး၊ ဆိုးလ်တို့က လိုအပ်သည်များ ကူညီဆောင်ရွက်ပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

လုပ်ငန်းခွင်ထိခိုက်မှုကြောင့် ဆေးကုသမှုခံယူရင်းမှ ကွယ်လွန်ခဲ့ရသည့် မြန်မာအလုပ်သမားမောင်စန်းယု ၏ကိစ္စရပ်များကို အလုပ်သမားဝန်ကြီးဌာနနှင့် မြန်မာသံရုံး၊ ဆိုးလ်တို့က လိုအပ်သည်များ ကူညီဆောင်ရွက်ပေး



ဆိုးလ်၊ ဧပြီ ၄

ကိုရီးယားသမ္မတနိုင်ငံ၊ ဂယောင်းဂီပြည်နယ်၊ ဟွာဆောင်းမြို့ရှိ သတ္တုပစ္စည်းနှင့်အစိတ်အပိုင်းများ ထုတ်လုပ်သော MARU TECH စက်ရုံတွင် တရားဝင်လာရောက်လုပ်ကိုင်လျက်ရှိသည့် မြန်မာအလုပ်သမား မောင်စန်းယုသည် ၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက်တွင် အလုပ်လုပ်ကိုင်နေစဉ် စက်အတွင်း ခန္ဓာကိုယ် ညပ်ဝင်သွားခဲ့ပြီး ဦးခေါင်းခွံနှင့်မျက်ရိုးများ ကျိုးပဲ့ခြင်း၊ လည်ပင်းဆစ်ရိုးလွဲသွားခြင်းစသည့် ဒဏ်ရာများရရှိခဲ့ရာမှ ဦးနှောက်တွင်းသွေးယိုစိမ့်ခြင်း၊ အောက်ဆီဂျင် မရရှိခြင်းတို့ကြောင့် နှလုံးရပ်တန့် သွားခဲ့ပါသည်။

အလုပ်ရှင်မှ ဆူဝမ်မြို့ Ajou တက္ကသိုလ်ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ပေးခဲ့ရာ Cardiac Arrest ကုသမှုကြောင့် နှလုံးပြန်လည်ခုန်ရန် ပြန်လည်ပြုလုပ်နိုင်ခဲ့သော်လည်း အဆုတ်နှင့် သွေးကြောမကြီးများတွင် ဒဏ်ရာရရှိခြင်းနှင့်အတူ နှလုံးခုန်နေမှုသာရှိပြီး ဦးနှောက်အလုပ်မလုပ်တော့သည့် အခြေအနေတွင် အလုပ်ရှင်သည် မြန်မာသံရုံး၊ ဆိုးလ်မြို့သို့ ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက်၌ ဆက်သွယ်လာခဲ့သည်။

မြန်မာသံရုံး၊ ဆိုးလ်မြို့က သက်ဆိုင်ရာများနှင့် လိုအပ်သည့်ဆက်သွယ်မှုများပြုလုပ်ပြီး သံရုံးရှိ အလုပ်သမား သံအရာရှိသည် ဆူဝမ်မြို့ရှိ Ajou တက္ကသိုလ် ဆေးရုံသို့ ၂၀၂၆ ခုနှစ်၊ မတ်လ ၂၈ ရက်တွင် သွားရောက်ကာ ဆေးရုံတာဝန်ရှိသူများနှင့် တွေ့ဆုံမေးမြန်းခြင်း၊ ICU ခန်းအတွင်းရှိ လူနာ၏ အခြေအနေအား ကြည့်ရှုခြင်းများ ဆောင်ရွက်ခဲ့ရာ မြန်မာအလုပ်သမားလူနာသည် နှလုံးခုန်နေရုံမျှသာ ရှိနေပြီး ဆေးအထောက်အကူပစ္စည်းများဖြင့်သာ အသက်ရှင်နေသည့် အနေအထားတွင် ရှိနေကြောင်း သိရှိခဲ့ရသည်။

တစ်ဆက်တည်းမှာပင် ဆိုးလ်မြို့တွင် အလုပ်လုပ်ကိုင်နေသည့် ဆွေမျိုးသားချင်းတော်စပ်သူများထံ ဆက်သွယ်ပြီး လူနာအခြေအနေကို ရှင်းပြခြင်း၊ မြန်မာနိုင်ငံမှ ဇနီးဖြစ်သူထံ Video Call ခေါ်ဆို၍ အခြေအနေအား ရှင်းပြခြင်းတို့ ဆောင်ရွက်ခဲ့သည်။ မောင်စန်းယု၏ ဆေးကုသမှု ခံယူနေမှုနှင့် စပ်လျဉ်း၍ အဆုံးအဖြတ်ပေးနိုင်သည့် ဇနီးဖြစ်သူဒေါ်အိအိသွယ်၏ ဆန္ဒအရ ဆိုးလ်မြို့သို့ လာရောက်နိုင်ရေးအတွက်  မြန်မာသံရုံး၊ ဆိုးလ်မြို့က ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ၊ မြန်မာသံရုံး(ရန်ကုန်မြို့) ထံ ဆက်သွယ်ကာ လိုအပ်သည်များညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

မောင်စန်းယုသည် ၃၁-၃-၂၀၂၆ ရက် နံနက် ၀၉:၃၀ အချိန်တွင် ကွယ်လွန်သွားခဲ့ရာ သေဆုံးသူ၏ ဇနီးဖြစ်သူ ဒေါ်အိအိသွယ်နှင့် အဒေါ်ဖြစ်သူတို့ ဆိုးလ်မြို့သို့ လိုက်လာသည့်ခရီးစဉ် အဆင်ပြေ ချောမွေ့ စေရေးအတွက် အလုပ်သမားဝန်ကြီးဌာန၊ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီက  လိုက်ပါကူညီ ဆောင်ရွက်ပေးခဲ့သည်။

ကွယ်လွန်သူ မောင်စန်းယု၏ ဇနီးဒေါ်အိအိသွယ်နှင့် အဒေါ်တို့သည် အင်ချွန်း အပြည်ပြည်ဆိုင်ရာလေဆိပ်သို့  ၂-၄-၂၀၂၆ ရက်နေ့ နေ့လည်ပိုင်းတွင် ရောက်ရှိခဲ့ရာ မြန်မာသံရုံး၊ အလုပ်သမား သံအရာရှိက သွားရောက်ကြိုဆိုခဲ့သည်။

သံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး ဦးမျိုးမြင့်မောင်သည် ကွယ်လွန်သူ၏ ဇနီးဖြစ်သူဒေါ်အိအိသွယ် နှင့် အဒေါ်ဖြစ်သူတို့အား တွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့ပြီး လိုအပ်သည်များကို ကူညီဆောင်ရွက် ပေးခဲ့သည်။ မောင်စန်းယုသည် မြန်မာနိုင်ငံတော်အစိုးရ၏ ခွင့်ပြုချက်ဖြင့် တရားဝင်လာရောက်အလုပ် လုပ်ကိုင်သူဖြစ်သဖြင့် လုပ်ငန်းခွင်အတွင်းထိခိုက်မှုကြောင့် သေဆုံးခဲ့ရမှုအတွက် ရသင့်ရထိုက်သည့် အခွင့်အရေးများ အပြည့်အဝရရှိရေးအတွက် သက်ဆိုင်ရာများနှင့်ချိတ်ဆက်ပြီး ဆက်လက်ကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ 

မြန်မာသံရုံး၊ ဆိုးလ်မြို့သည် ကိုရီးယားသမ္မတနိုင်ငံတွင် ရောက်ရှိနေသည့် တရားဝင်အလုပ် လုပ်ကိုင်နေသူ အလုပ်သမားများ၊ ပညာတော်သင်များအပါအဝင် အကြောင်းမျိုးမျိုးဖြင့် ရောက်ရှိနေသော မြန်မာနိုင်ငံသားများ၏ အရေးကိစ္စနှင့်ပတ်သက်၍ သိရှိရမှုအပေါ်မူတည်ပြီး လိုအပ်သည့် ကူညီဆောင်ရွက်မှုများ၊ ချိတ်ဆက်ညှိနှိုင်းပေးမှုများ လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)