နေပြည်တော်၊ ဧပြီ ၁၁
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအစိုးရ၊ ပြည်နယ်အစိုးရများမှ ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများအား တွေ့ဆုံမှာကြားသည့်မိန့်ခွန်းမှာ စိတ်သဘောထားမမှန်တဲ့ တချို့သောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း ပွဲလန့်တုန်းဖျာခင်း၊ မီးလောင်ရာလေပင့်လုပ်ပြီး နိုင်ငံကိုဆင်းရဲဒုက္ခတွင်းထဲရောက်အောင် နည်းမျိုးစုံလုပ်ကြံဖျက်ဆီးခဲ့ကြတယ် လို့ ပြောကြားလိုက်ပါတယ်။
နိုင်ငံတော်သမ္မတကြီး က နိုင်ငံတော်တာဝန်ကို ဒီမိုကရေစီအစိုးရသစ်ဖွဲ့စည်းပြီး စတင်တာဝန်ယူကြတော့မယ့် ဒုတိယသမ္မတများ၊ နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ၊ Online ကတက်ရောက်နေကြတဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့များနဲ့ ပြည်နယ်အစိုးရအဖွဲ့များမှ ဝန်ကြီးချုပ်များ၊ တက်ရောက်လာကြသူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ၊ နိုင်ငံ့အကျိုးပြည်သူ့အကျိုးကို ဆတက်ထမ်းပိုးတိုးပြီး ဆောင်ရွက်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သလိုက်ပါတယ်။
ပြည်ထောင်စုလွှတ်တော်က ဧပြီလ (၃) ရက်နေ့မှာ ကျွန်တော့်ကို နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တာဝန်ပေးအပ်ခဲ့ပြီး ဒုတိယသမ္မတများကိုလည်း ခန့်အပ်တာဝန်ပေးခဲ့ပါတယ်။ ဒါ့ကြောင့်လည်း ကျွန်တော့်အနေနဲ့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) နဲ့အညီ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းတွေရဲ့ အကြီးအကဲများနဲ့အဖွဲ့ဝင်များ၊ ပြည်ထောင်စုအစိုးရအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးဌာနများ၊ ပြည်ထောင်စုဝန်ကြီးများနဲ့ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးများနဲ့ပြည်နယ်များရဲ့ အစိုးရအဖွဲ့ဝင်ဝန်ကြီးချုပ်များနဲ့ ဝန်ကြီးများကို စိစစ်ရွေးချယ်ပြီး တာဝန်ပေးအပ်ထားပြီး ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ အစိုးရအဖွဲ့သစ်အနေနဲ့ ဆက်လက်တာဝန်ထမ်းဆောင်သွားရာမှာ လိုအပ်တဲ့မူဝါဒများနဲ့ အကောင်အထည်ဖော်ဆောင်ရွက်သွားရမယ့် လုပ်ငန်းတာဝန်တွေကို မှာကြားသွားမှာဖြစ်ပါတယ်။
အားလုံးသိတဲ့အတိုင်းပဲ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲရဲ့ မဲလိမ်မဲခိုးမှုတွေအပေါ် မှန်မှန်ကန်ကန် သုံးသပ်ရှုမြင်မှုမရှိဘဲ လွဲမှားတဲ့အတွေးအခေါ် အယူအဆတွေနဲ့ ပြည်တွင်းပြည်ပ အဖျက်အမှောင့်ပယောဂတွေကြောင့် ဆူပူအကြမ်းဖက်မှုတွေ နိုင်ငံအနှံ့မှာဖြစ်ပေါ်ခဲ့ပါတယ်။ အဲဒီအပေါ်မှာ စိတ်သဘောထားမမှန်တဲ့ တချို့သောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း ပွဲလန့်တုန်းဖျာခင်း၊ မီးလောင်ရာလေပင့်လုပ်ပြီး နိုင်ငံကိုဆင်းရဲဒုက္ခတွင်းထဲရောက်အောင် နည်းမျိုးစုံလုပ်ကြံဖျက်ဆီးခဲ့ကြပါတယ်။ တပ်မတော်အနေနဲ့ အခက်အခဲများနဲ့ စိန်ခေါ်မှုတွေကြားကပဲ ကြိုးစားဆောင်ရွက်ခဲ့ကြပြီး ရွေးကောက်ပွဲကျင်းပကာ နိုင်ငံတော်ကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
ကျွန်တော်တို့ဖြတ်သန်းခဲ့ရတဲ့သမိုင်းကိုပြန်ကြည့်ရင် လွတ်လပ်ရေးဆုံးရှုံးခဲ့ရတာ၊ ကိုလိုနီလက်အောက်မှာ ကာလရှည်ကြာခဲ့တာ၊ လွတ်လပ်ရေးရပြီးစကတည်းက ခုချိန်ထိ တည်ငြိမ်အေးချမ်းမှုမရှိသေးတာတွေရဲ့ အဓိကအကြောင်းရင်းကလည်း အချင်းချင်းစည်းလုံးညီညွတ်မှုအားနည်းလို့ဖြစ်တယ်ဆိုတာ အားလုံးအသိပဲဖြစ်ပါတယ်။ ဒါ့ကြောင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနဲ့ ထာဝရငြိမ်းချမ်းရေးကိုအလေးထားပြီး ဆက်လက်ဆောင်ရွက်သွားကြဖို့ အလေးထားမှာကြားလိုပါတယ်။
ကျွန်တော့်အနေနဲ့တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး (NCA) လမ်းကြောင်းကို မဖြစ်မနေ ဆက်လက်အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်။ ကြုံတွေ့နေရတဲ့ သဘောထားကွဲလွဲမှုတွေ၊ ဆန္ဒနဲ့လိုလားချက်တွေ၊ ဖြစ်သင့်ဖြစ်ထိုက်တာတွေကို လက်နက်ကိုင်နည်းလမ်းနဲ့ဖြေရှင်းနေကြတာဟာ လုံးဝမှားယွင်းနေတယ်ဆိုတာ သိရှိလက်ခံကြဖို့နဲ့ နိုင်ငံနဲ့ပြည်သူရဲ့အကျိုးကိုကြည့်ပြီး နိုင်ငံရဲ့အနာဂတ်အတွက် ဒီအမှားကိုအချိန်မီပြုပြင်ကြဖို့လိုအပ်ပါတယ်။ ဖြစ်ချင်တာတွေ တောင်းဆိုနေမဲ့အစား ဖြစ်သင့်တာပဲတောင်းဆိုပြီး ဖြစ်နိုင်တာတွေ ဆောင်ရွက်သွားဖို့လိုပါတယ်။ ကျွန်တော်တို့တစ်တွေ စည်းစည်းလုံးလုံးညီညီညွတ်ညွတ်နဲ့ ပြန်လည်တည်ဆောက်သွားကြမယ်ဆိုရင် သိပ်မကြာတဲ့အချိန်မှာ တည်ငြိမ်အေးချမ်းမှုနဲ့အတူ ကျွန်တော်တို့မျှော်မှန်းတဲ့ နိုင်ငံသစ်ကိုရောက်မှာအသေအချာပဲဖြစ်ပါတယ်။
အလားတူပါပဲ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနဲ့ ဆူပူအကြမ်းဖက်မှု ကျူးလွန်နေကြသူများအနေနဲ့လည်း အမှန်နဲ့အမှား၊ အကောင်းနဲ့အဆိုး၊ အကျိုးနဲ့အပြစ်ကို သေသေချာချာ စဉ်းစားသုံးသပ်ပြီး နိုင်ငံ့နဲ့ပြည်သူအကျိုးအတွက် ပူးပေါင်းဆောင်ရွက်ပေးကြဖို့ တိုက်တွန်းလိုပါတယ်။ အားလုံးဆွေးနွေးညှိနှိုင်းအဖြေရှာပြီး စုစည်းညီညွတ်မှု အင်သစ်အားသစ်တွေနဲ့ နိုင်ငံသစ်ကို တက်ညီလက်ညီ တည်ဆောက်ကြပါစို့လို့ ဖိတ်ခေါ် လိုပါတယ်။
#MNP #News

No comments:
Post a Comment