နေပြည်တော်၊ ဧပြီ ၉
ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးရှစ်ဦးအား ခန့်အပ်ရန် ယနေ့ ဧပြီ ၉ ရက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် သဘောတူ အတည်ပြုခဲ့သည်။
နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသူ ပြည်ထောင်စုတရားသူကြီးချုပ်နှင့်ညှိနှိုင်း၍ တင်ပြထားသည့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများအဖြစ် ခန့်အပ်တာဝန်ပေးမည့် ပုဂ္ဂိုလ်ရှစ်ဦး၏ အမည်စာရင်းကို ဧပြီ ၇ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် လွှတ်တော်နာယကက ကြေညာခဲ့ပြီး ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ကန့်ကွက်ဆွေးနွေးမည့်သူမရှိသဖြင့် လွှတ်တော်ကသဘောတူကြောင်း ကြေညာခဲ့သည်။
ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများအဖြစ် ခန့်အပ်ရန် လွှတ်တော်ကသဘောတူ အတည်ပြုခဲ့သူရှစ်ဦးမှာ ဦးသောင်းနိုင်၊ ဦးသိန်းကိုကို၊ ဒေါ်သင်းသင်းနွဲ့၊ ဒေါ်ပြုံးပြုံးအေး၊ ဒေါက်တာကိုကိုနိုင်၊ ဦးဝင်းမြင့်၊ ဒေါ်စိုးခက်ခက်၊ ဒေါ်သင်းသင်းချိုတို့ဖြစ်သည်။
ထို့ပြင် ပြည်ထောင်စုတရားသူကြီးချုပ်အဖြစ် လက်ရှိပြည်ထောင်စုတရားသူကြီးချုပ်ဦးသာဌေးအား ခန့်အပ်ရန် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသူက အဆိုပြုတင်ပြခဲ့မှုအား ဧပြီ ၇ ရက်တွင်ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် သဘောတူအတည်ပြုခဲ့ပြီးဖြစ်သည်။
#MNP #News

No comments:
Post a Comment