မနီလာ၊ ဧပြီ ၁၀
၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက်မှ ၉ ရက်အထိ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့၌ ကျင်းပပြုလုပ်သည့် အာဆီယံအဆင့်မြင့်အရာရှိကြီးများအစည်းအဝေး၊ အရှေ့တောင်အာရှ နျူကလီးယားလက်နက် ကင်းမဲ့ရေးဇုန် အမှုဆောင်ကော်မတီအစည်းအဝေး၊ အာဆီယံသို့ တီမောလက်စ်တေနိုင်ငံ ဝင်ရောက်ခြင်းဆိုင်ရာ (၁၉) ကြိမ်မြောက် အာဆီယံပေါင်းစပ်ညှိနှိုင်းရေးကောင်စီလုပ်ငန်းအဖွဲ့ အစည်းအဝေးနှင့် (၂၈) ကြိမ်မြောက် အာဆီယံ-အိန္ဒိယ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး တို့သို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်း ဦးဆောင်သည့် မြန်မာ ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့သည်။
အာဆီယံအဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကို ၇-၄-၂၀၂၆ ရက်၌ ကျင်းပပြုလုပ် ရာတွင် အာဆီယံအသိုက်အဝန်းထူထောင်ရေးကိစ္စရပ်များ၊ အရှေ့တောင်အာရှချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးစာချုပ်သို့ ဝင်ရောက်ရန် လျှောက်ထားမှုများနှင့် အကောင်အထည်ဖော်မှု ကိစ္စရပ်များအပါအဝင် အာဆီယံ၏ ပြင်ပဆက်ဆံရေးဆိုင်ရာကိစ္စရပ်များ၊ ပင်လယ်ရေကြောင်း ကဏ္ဍအပါအဝင် အာဆီယံမူဘောင်အတွင်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များအပေါ် ဆွေးနွေးခဲ့ကြသည်။
အရှေ့တောင်အာရှ နျူကလီးယားလက်နက်ကင်းမဲ့ရေးဇုန် အမှုဆောင်ကော်မတီ အစည်းအဝေးနှင့် အာဆီယံသို့ တီမောလက်စ်တေနိုင်ငံ ဝင်ရောက်ခြင်းဆိုင်ရာ (၁၉) ကြိမ်မြောက် အာဆီယံပေါင်းစပ်ညှိနှိုင်းရေးကောင်စီ လုပ်ငန်းအဖွဲ့အစည်းအဝေးတို့ကို ၈-၄-၂၀၂၆ ရက်၌ ကျင်းပပြုလုပ်ရာတွင် အရှေ့တောင်အာရှ နျူကလီးယားလက်နက်ကင်းမဲ့ရေးဇုန် နောက်ဆက်တွဲ စာချုပ်သို့ နျူကလီးယားလက်နက်ပိုင်ဆိုင်သည့် (၅) နိုင်ငံမှ ပါဝင်လက်မှတ်ရေးထိုးရေးကိစ္စ၊ အရှေ့ တောင်အာရှ နျူကလီးယားလက်နက်ကင်းမဲ့ရေးဇုန်လုပ်ငန်းအစီအစဉ် အကောင်အထည်ဖော်မှု ကိစ္စရပ်များနှင့် တီမောလက်စ်တေနိုင်ငံက အာဆီယံအဖွဲ့ဝင်ဖြစ်ပြီးနောက် ဆက်လက်ဆောင်ရွက် ရန်ရှိသည့် ကိစ္စရပ်များအပေါ် ဆွေးနွေးခဲ့ကြသည်။
အာဆီယံ-အိန္ဒိယ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကို ၉-၄-၂၀၂၆ ရက်၌ ကျင်းပ ပြုလုပ်ရာတွင် အာဆီယံ-အိန္ဒိယမိတ်ဖက်ဆက်ဆံရေး ပူးပေါင်းဆောင်ရွက်မှုနှင့် အနာဂတ်ဦးတည် ချက်များနှင့် ဒေသတွင်းနှင့် နိုင်ငံတကာဖြစ်ပေါ်တိုးတက်မှုများနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
မြန်မာကိုယ်စားလှယ်ခေါင်းဆောင်က အစည်းအဝေးများတွင် မြန်မာနိုင်ငံ၏ အပြု သဘောဆောင်သည့် ရပ်တည်ချက်များနှင့် နိုင်ငံခြားရေးမူဝါဒအပေါ် အခြေခံကာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်တိုးတက်မှုများကို အသိပေးခဲ့ပါသည်။ ထို့အပြင် တီမောလက်စ်တေနိုင်ငံက အာဆီယံအဖွဲ့ဝင်ဖြစ်ပြီးနောက် ဆက်လက်ဆောင်ရွက်ရမည့်ကိစ္စ ရပ်များနှင့်ပတ်သက်၍လည်းကောင်း၊ အာဆီယံ၏ ပြင်ပဆက်ဆံရေးတွင်လည်းကောင်း အာဆီယံ ပဋိညာဉ်စာတမ်းနှင့် အရှေ့တောင်အာရှ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးစာချုပ်ပါ အခြေခံမူများ၊ အထူးသဖြင့် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှုမပြု ရေးမူတို့ကို လေးစားလိုက်နာ၍ အာဆီယံအချက်အချာကျမှုကို အလေးထားဆောင်ရွက်သွားရန် အရေးကြီးကြောင်း ဆွေးနွေးခဲ့သည်။
#News





No comments:
Post a Comment