ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး H.E.Mr.Kirti Vardhan Singh အား လက်ခံတွေ့ဆုံ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး H.E.Mr.Kirti Vardhan Singh အား လက်ခံတွေ့ဆုံ






နေပြည်တော်၊ ဧပြီ ၁၀

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် နိုင်ငံတော်သမ္မတအဖြစ် ကတိသစ္စာပြုခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့သည့် အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး H.E.Mr.Kirti Vardhan Singh ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ဝင်များအား ယနေ့မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ သမ္မတရုံးဝန်ကြီး ဦးခင်မောင်ရီ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေ တို့တက်ရောက်ကြပြီး အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E.Mr. Abhay Thakur နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံစဉ် ဦးစွာ အိန္ဒိယသမ္မတနိုင်ငံဝန်ကြီးချုပ် မစ္စတာ နာရန်ဒရာမိုဒီက နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ပေးပို့သည့် ဝမ်းမြောက်ကြောင်းသဝဏ်လွှာအား နိုင်ငံတော်သမ္မတထံ အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက လက်ရောက်ပေးအပ်သည်။

ထို့နောက် အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အနေဖြင့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ကျမ်းသစ္စာ ကျိန်ဆိုပွဲအခမ်းအနားသို့ တက်ရောက်ခွင့်ရရှိခဲ့သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူလျက်ရှိသည့် အခြေအနေများ၊ နှစ်နိုင်ငံအကြား နယ်နိမိတ်များ ထိစပ်လျက်ရှိသည့် အိမ်နီးချင်းနိုင်ငံများဖြစ်သည်နှင့်အညီ နှစ်နိုင်ငံအကြား ရှည်လျားခိုင်မာသည့် သံတမန်ဆက်ဆံရေးရှိမှုနှင့် ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ခိုင်မာလျက်ရှိမှုအခြေအနေများ၊ ကုန်သွယ်ရေးကဏ္ဍတွင် ရူပီးနှင့် ကျပ်ငွေတို့အား တိုက်ရိုက်ပေးချေနိုင်ရေး သဘောတူညီပြီးဖြစ်သဖြင့် ကုန်သွယ်မှုများတိုးတက်အောင် ဆက်လက်ဆောင်ရွက်သွားမည့်အခြေအနေများ၊ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများအား အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် နယ်စပ်ဒေသကုန်သွယ်မှုများ တိုးတက်စေရေး ဆောင်ရွက်လျက်ရှိမှုအခြေအနေများနှင့်ပတ်သက်၍ ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတနှင့် အိန္ဒိယနိုင်ငံပြည်ပရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးတို့သည် တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)