ပုသိမ်၊ မေ ၁၃
ဧရာဝတီဖွံ့ဖြိုးတိုးတက်ရေးအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်မှ ပုသိမ်စက်မှုစီမံကိန်းနှင့် 30 MW Solar Power Generation Project လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ယမန်နေ့က တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေး ခန်းမ(၁)တွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ဌာနဆိုင်ရာများ ကုမ္ပဏီမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ကုမ္ပဏီမှတာဝန်ရှိသူများက (၃၀)မဂ္ဂါဝပ်၊ ပုသိမ်နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ် ဓာတ်အားပေးစက်ရုံစီမံကိန်း၏ စီမံကိန်းဆိုင်ရာအခြေခံအကြောင်းအရာများ၊ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မည့် ကုမ္ပဏီဆိုင်ရာအချက်အလက်များ၊ စီမံကိန်းတည်နေရာ၊ အဆိုပြုစီမံကိန်းဆိုင်ရာအချက်အလက်များ၊ နည်းပညာဆိုင်ရာ အချက်အလက်များ၊ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ အချက်အလက်များ၊ လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများ၊ အဆိုပြုဆိုလာစီမံကိန်း (30)MWမှ ထုတ်လုပ်ပေးနိုင်မည့် လစဉ်ဓာတ်အားအခြေအနေ၊ မဟာဓာတ်အားလိုင်းသို့ ချိတ်ဆက်နိုင်မှု၊ နေရောင်ခြည်စွမ်းအင်ရရှိနိုင်မှုအခြေအနေ၊ စီမံကိန်းတွင်တပ်ဆင် အသုံးပြုမည့် ဆိုလာချပ်များ၊ အင်ဗာတာများ၊ Solar Tracker စနစ်များ၊ စွမ်းအင်သိမ်းဆည်းမှုစနစ် (ESS System)၊ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မည့် အချိန်ကာလ၊ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစဉ်အဆင့်ဆင့်၊ စီမံကိန်းအမြန်ဆုံး စတင်ဆောင်ရွက်နိုင်ရန်အတွက် ပြင်ဆင်ထားရှိမှုများကို ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍအလိုက် အထွေထွေ ဆွေးနွေးတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က "တိုင်းဒေသကြီး၏ လျှပ်စစ်မီး လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မှာဖြစ်သည့်အတွက် လာရောက်ရင်းနှီးမြှုပ်နှံသည့် တာဝန်ရှိသူများအား ကျေးဇူးတင်ရှိပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်း လျှပ်စစ်မီးလုံလောက်စွာရရှိရေးနှင့် စီးပွားရေးပိုမိုတိုးတက် ကောင်းမွန်ရေး၊ ပြည်သူများ၏ လူမှုစီးပွားဘဝများဖွံ့ဖြိုး တိုးတက်ရေးအတွက် အထူးအလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားလုံလောက်စွာရရှိရေးအတွက် ကညင်လှောင်တမံမှ (၁၀.၅)မဂ္ဂါဝပ် ရေအားလျှပ်စစ်စီမံကိန်းကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ လျှပ်စစ်မီးရရှိရေးသည် ပြည်သူလူထု၏ အဓိကလိုအပ်ချက်များတွင်ပါဝင်ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း စီမံကိန်းလုပ်ငန်း အောင်မြင်အောင် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ စီမံကိန်းလုပ်ငန်းများကို သတ်မှတ်ကာလအတွင်း အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်ကြစေလိုကြောင်း” ပြောကြားခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ (၃၀)မဂ္ဂါဝပ်၊ ပုသိမ်နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းကို ၂၀၂၆ ခုနှစ်၊ မေလ(၂၆)ရက်နေ့တွင် စတင်ဆောင်ရွက်သွားမည်ဖြစ်ပြီး ၂၀၂၇ ခုနှစ်၊ မေလ(၂၆)ရက်နေ့တွင် လုပ်ငန်းပြီးစီးမည်ဖြစ်သည်။ ကနဦး(၃၀)မဂ္ဂါဝပ်ဖြင့် စတင်ဆောင်ရွက်သွားမည်ဖြစ်ကာ Topographic တိုင်းတာခြင်း၊ Soil Test တိုင်းတာခြင်းများစသည့် Construction Study လုပ်ငန်းများ ဆောင်ရွက်ပြီးပါက စီမံကိန်းအကောင်အထည်ဖော်နိုင်မည့် မြေနေရာရရှိမှုအပေါ်မူတည်၍ (၉၀)မဂ္ဂါဝပ်အထိ ထုတ်လုပ်မှုစွမ်းအား တိုးမြင့်လုပ်ကိုင် ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း သိရသည်။
#MNP #News





No comments:
Post a Comment