မန္တလေးမြို့၊ မဟာအောင်မြေ ကျောက်ဝိုင်း ပြန်လည်စည်ကားလျက်ရှိကြောင်း ကျောက်သမားများ၏ လူမှုကွန်ရက်တွင် ဖော်ပြသော ရုပ်သံမှတ်တမ်းများအရ သိနိုင်သည်။ ကျောက်လုပ်ငန်း လုပ်သူများမှာ အနယ်နယ်အရပ်ရပ်မှ လာရောက်လုပ်ကိုင်ကြသူများဖြစ်ကြပြီး အဓိက ဝယ်လက်မှာ တရုတ်ကုန်သည်များပင် ဖြစ်သည်။ အခြားသော ဝယ်လက်များလည်း ရှိသကဲ့သို့ ကျောက်စိမ်းကို တရုတ်နိုင်ငံသားများက ပိုမိုနှစ်ခြိုက်ကြသည်။
ယခုရက်ပိုင်း မန္တလေးကျောက်ဝိုင်းအတွင်း တရုတ်နိုင်ငံသား ဖွင့်ထားသည့် ဆိုင်တစ်ဆိုင်တွင် "ကျေးဇူးပြု၍ မြန်မာစကား မပြောပါနှင့်" ဟု ဆိုင်းဘုတ်ချိတ်ဆွဲထားသည်ကို တွေ့မြင်ရသူတစ်ဦးက တရုတ်နိုင်ငံသားများ၏ မလုပ်သင့် မလုပ်အပ်သော လုပ်ရပ်ကို ထောက်ပြပြောဆိုရာမှ လူမှုကွန်ရက်တွင် ဝေဖန်မှုများ မြင့်တက်လာခဲ့သည်။
ဤပြဿနာကို အခြေခံ၍ ပြောလျင် ဝေဖန်ထောက်ပြ ပြောဆိုသူများ မမှားပါ။ ထိုသို့ ဆိုင်းဘုတ်ချိတ်ဆွဲထားခြင်းသည် လွန်စွာ မှားယွင်းသော လုပ်ရပ်ဖြစ်သည်။ မှားယွင်းသော လုပ်ရပ်တစ်ခုသည် အကျယ်ချဲ့လျင် ချဲ့သလောက် ပြဿနာကြီးမားပါသည်။ မလိုလားအပ်သော နောက်ဆက်တွဲ ပြဿနာများလည်း ဖြစ်ပေါ်လာနိုင်ပါသည်။ မန္တလေးကျောက်ဝိုင်းတွင် အရောင်းအဝယ် လာရောက်လုပ်ကိုင်လျက်ရှိသော တရုတ်နိုင်ငံသားများအနေဖြင့် လူမျိုးရေးအစွန်းရောက်စိတ်ဓာတ်ဖြင့် မလုပ်ဆောင်သင့်ပါ။ အပြန်အလှန် လေးစားမှု၊ နားလည်မှုဖြင့် လုပ်ဆောင်သင့်သည်။
မန္တလေးကျောက်ဝိုင်း အာဏာပိုင်များ၊ တာဝန်ရှိသူများအနေဖြင့်လည်း ထိုသို့သော ပြဿနာကို သေးငယ်သည်ဟု မထင်မှတ်သင့်။ တရုတ်နိုင်ငံသားများက လူမျိုးရေးအစွန်းရောက် စိတ်ဓာတ်ကို ရှေ့တန်းတင်၍ လုပ်ကိုင်လာလျင် မြန်မာနိုင်ငံသားများကလည်း မျိုးချစ်စိတ်ဓာတ်ကို အရင်းခံ၍ မလိုလားအပ်သော တုန့်ပြန်မှုများ လုပ်ဆောင်လာသည့်အခါ ပြဿနာသည် ကြီးမားလာနိုင်သည်ကို သတိချပ်၍ လူမျိုးရေးပြဿနာများ မဖြစ်ပေါ်စေရန် ထိန်းသိမ်း ကြပ်မက်ရမည်ဖြစ်သည်။
အမှန်အားဖြင့် မြန်မာနိုင်ငံအတွင်း လုပ်ကိုင်ဆောင်ရွက်လျက်ရှိသော ဈေးဆိုင်၊ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ KTV အစထား၍ မည်သည့် လုပ်ငန်းမျိုးမဆို ဆိုင်းဘုတ်များ ချိတ်ဆွဲရာတွင် မြန်မာအမည်ကို အထူးပြုရေးသား၍ တရုတ်၊ အင်္ဂလိပ်၊ ဂျပန် အစရှိသော ဘာသာများဖြင့် သိသာရုံဖော်ပြခြင်းသည် သင့်လျော်ပါသည်။ ယခုအခါတွင် အချို့သော ဆိုင်များမှာ မြန်မာစာဖြင့် ရေးသားထားခြင်းပင် မရှိ။ အင်္ဂလိပ်၊ တရုတ်ဘာသာတို့ဖြင့်သာ ဆိုင်းဘုတ်တင်ထားကြသည်ကို စနစ်တကျ ဖြစ်စေရန် ဆောင်ရွက်ရမည်မှာ စည်ပင်သာယာဌာန၏ တာဝန်ဖြစ်သည်။
မြန်မာပြည်သည် လူဦးရေများမြောင်လှသော အိမ်နီးချင်းနိုင်ငံများကြားတွင် အဖက်ဖက်မှ မျက်စောင်းထိုးခံနေရသော တိုင်းပြည်ဖြစ်သည်။ အိမ်နီးချင်း နိုင်ငံများက မလိုလားအပ်သော ပြဿနာများ ဖန်တီးလာနိုင်ခြေ ရှိသကဲ့သို့ အိမ်နီးချင်း မဟုတ်သည့် နိုင်ငံများကလည်း နိုင်ငံရေးအရ ဖိအားပေးမှုများဖြင့် ဘေးကြပ်နံကြပ် ရပ်တည်နေရသည့် အခြေအနေတွင် တာဝန်နှင့် လုပ်ပိုင်ခွင့် ရှိသူများ၏ အမျိုးသားရေးအသိအမြင်သည် လွန်စွာ အရေးကြီးပါသည်။ တာဝန်နှင့် လုပ်ပိုင်ခွင့် ရှိသူများသည် ငွေကြေးလာဘ်လာဘတစ်ခုကိုသာ မကြည့်သင့်။ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို အလေးထား၍ အမျိုးသားရေးအသိအမြင် ရှိမှသာ လူမျိုးရေး၊ ဘာသာရေး ပြဿနာဖန်တီးမှုများကို စနစ်တကျ ထိန်းကျောင်းနိုင်ပေလိမ့်မည်။
မန္တလေးကျောက်ဝိုင်း တရုတ်နိုင်ငံသားဖွင့်ထားသည့် ဆိုင်တွင် "ကျေးဇူးပြု၍ မြန်မာစကား မပြောပါနှင့်" ချိတ်ဆွဲထားသည်နှင့် ပတ်သက်၍ အပြုသဘောဆန်ဆန် ပြောဆိုရပါမူ မြန်မာစကားကို များများပြောပါ။ မြန်မာစကားသည် ဗုဒ္ဓ၏ အဆုံးအမများပေါ်တွင် အခြေတည်ခြင်းကြောင့် မြန်မာစကားပြောခြင်းအားဖြင့် ကုသိုလ်၊ အကုသိုလ် ဆိုသည်ကို နားလည်နိုင်သည်။ မင်္ဂလာနှင့် အမင်္ဂလာကို သိမြင်နိုင်သည်။ မြန်မာစကား ပြောခြင်းဖြင့် ကုသိုလ်များစွာ ဖြစ်စေသည်။ တရုတ်နိုင်ငံသား လုပ်ငန်းရှင်များအနေဖြင့် မင်္ဂလာတရားနှင့်အညီ မင်္ဂလာစကားများကို သိမြင်နားလည်စေရန် မြန်မာနိုင်ငံတွင် လုပ်ငန်း လာရောက်လုပ်ကိုင်နေသည် ဖြစ်သည့် အားလျော်စွာ မြန်မာစကားကို ကောင်းစွာ သင်ကြားလေ့လာထားသင့်ပါသည်။ မြန်မာပြည်တွင် စီးပွားရေး လာရောက်လုပ်ကိုင်ခြင်း ဖြစ်သည့် အားလျော်စွာ မြန်မာ - တရုတ် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးကို သိရှိနားလည်ပါ။ မလိုလားအပ်သော ပြဿနာဖန်တီးမှုများကို ရှောင်ရှားကြပါ။ အေးချမ်းပျော်ရွှင်စွာ ရောင်းဝယ်ဖောက်ကားကြပါဟုသာ မေတ္တာရှေ့ထား ပြောလိုပါသည်။
#MNP #News

No comments:
Post a Comment