ရန်ကုန်၊ မေ ၁၅
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီးမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်းဖြင့် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနား မေ ၁၄ ရက် နံနက်ပိုင်းက ပျိုမေ့အိမ်ရာ တွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ် ၊ အမျိုးသားလွှတ်တော်ကိုယ် စားလှယ်ဦးသိန်းနိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတိုင်းဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး၊ ပျိုမေ့အိမ်လူမှုဖွံ့ဖြိုးတိုးတက်ရေး အသင်းမှ ဒါရိုက် တာ ဒေါ်ဗန်လီဇာအောင်၊ သက်ဆိုင်ရာတာဝန်ရှိသူများ၊ သံဒင်းရပ်ကွက်အုပ်ချုပ်ရေးမှူး၊ စီမံကိန်း ကော်မတီဝင်များ၊ သင်တန်းနည်းပြများ၊ ရပ်မိရပ်ဖများနှင့် သင်တန်းသားသင်တန်းသူများတို့ တက်ရောက်ကြပါသည်။
ဦးစွာ ရွှေပြည်သာမြို့နယ် ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးသိန်းနိုင်က အဖွင့်အမှာစကားပြောကြား ရာတွင် ရွှေပြည်သာမြို့နယ်အတွင်း နေထိုင်သူများအား ကိုယ်ပိုင်လုပ်ငန်းထူထောင်ပြီး မိသားစုဝင်ငွေတိုးတက်ရရှိ စေရန်အတွက် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ယခုကဲ့သို့ လာရောက်ဆောင်ရွက်ပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ သင်တန်းသားများအနေဖြင့်လည်း သင်တန်းချိန် ကာလအတွင်း မပျက်မကွက်သင်ယူပြီး မိမိတို့ကိုယ်ပိုင်လုပ်ငန်းထူထောင်နိုင်ရန် ကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်း ခဲ့ပါသည်။ ဆက်လက်ပြီး ရန်ကုန်တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန တိုင်းဦးစီးမှူးက ဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုများ၊ အသက်မွေးဝမ်းကျောင်းသင်တန်းဖွင့်လှစ်ပေးနေမှုများ၊ စားသောက်ကုန်လူသုံးကုန် လုပ်ငန်းများအား ဓါတ်ခွဲစမ်းသပ်ပြီး ဈေးကွက်တွင် ဘေးအန္တရာယ်ကင်းရှင်းစွာ ဖြန့်ဖြူးရောင်းချနိုင်စေရန် လုပ်ငန်း မှတ်ပုံတင်ဆောင်ရွက်ပေးနေမှုများကို ရှင်းလင်းပြောကြားခဲ့ပြီး ယခုဖွင့်လှစ်သော Bakery သင်တန်းတွင်လည်း ဌာနမှ သင်ကြားပေးသောပညာရပ်များကို အသုံးချကာ မိမိတို့ရပ်ကွက်၊ မြို့နယ်အတွင်း အာဟာရပြည့်ဘေးအန္တရာယ် ကင်းရှင်းပြီး ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချနိုင်ပါက လုပ်ငန်းထူထောင်သူများလည်း ဝင်ငွေများရရှိသကဲ့သို့ ဒေသတွင်းလည်းဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းသူတစ်ဦးအား သင်တန်းသုံး သင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့ပါသည်။ ထို့နောက်သင်တန်းသူများမှ တစ်ဦးချင်းမိတ်ဆက်ပြီး စုပေါင်း မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
ယခုဖွင့်လှစ်သော တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းတွင် သင်တန်းသား သင်တန်းသူ (၁၅)ဦးအား Milk Bread၊ Cheese Bread၊ Butter Pudding Bread၊ Donuts၊ Butter Cake၊ Marble Cake၊ Cup Cake၊ Chiffon Cake၊ Cookies၊ လျှာပေါ်ဝဲ၊ နံကထိုင်၊ Birthday Cake ပြုလုပ်နည်းများကို ကိုယ်ပိုင်လုပ်ငန်းထူထောင် နိုင်သည်အထိ မေ ၁၄ ရက်နေ့မှ ၂၀ ရက်နေ့အထိ အခြေခံသင်တန်းကို မေ ၂၆ရက်နေ့မှ ဇွန် ၁ ရက်နေ့အထိ မွမ်းမံသင်တန်းကို စာတွေ့(၃၀)ရာခိုင်နှုန်း၊ လက်တွေ့(၇၀)ရာခိုင်နှုန်း သင်ကြားပေးသွားမည် ဖြစ်ပြီး အမှန်တကယ်လုပ်ငန်းထူထောင်မည့် ထူးချွန်သင်တန်းသား(၅)ဦးအား သတ်မှတ်ချက်များနှင့်အညီ ရွေးချယ်ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ပံ့ပိုးပေးသွားမည်ဖြစ်ပါသည်။
သက်လွင်စိုး
#MNP #News



No comments:
Post a Comment