ကျုံပျော် ၊ မေ ၁၂
နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) စီမံချက်ဖြင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ကျုံပျော်မြို့နယ်ဘဏ်ခွဲ၌ ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေပေးအပ်ပွဲအခမ်းအနားကို မေလ ၁၂ ရက် နံနက် ၉ နာရီက ပြုလုပ်သည်။
ဦးစွာ ကျုံပျော်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဝင်းက စိုက်ပျိုးစရိတ်ချေးငွေကို သွင်းအားစုလုပ်ငန်းများတွင် စနစ်တကျအသုံးပြုရန် အဖွင့်အမှာစကားပြောကြားပြီး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းနှင့် လွှတ်တော်ကိုယ်စားလှယ်များက လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးအတွက် တောင်သူများ၏ အခက်အခဲအား ပွင့်လင်းစွာဆွေးနွေးနိုင်ပါကြောင်း၊ အတတ်နိုင်ဆုံးကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း မိတ်ဆက်စကား ပြောကြားသည်။
ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်ထွန်းက ယခင်စိုက်ပျိုးစရိတ်ငွေများကို တစ်ဧကလျှင် ကျပ်တစ်သိန်းခွဲ ထုတ်ချေးခဲ့ပြီး ယခုသုံးသိန်းကျပ် ထုတ်ချေးပေးသည့်အတွက် ဝမ်းမြောက်ပါကြောင်း ၊ စပါးအထွက်နှုန်းကောင်းမွန်ရေးအတွက် စိုက်ပျိုးနည်းစနစ်မှန်ကန်စွာ ဆောင်ရွက်ကြစေလိုကြောင်း အမှာစကား ပြောကြားသည်။
ယင်းနောက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က ကျီးအိုင်ကျေးရွာအုပ်စုမှ တောင်သူ(၁၂၁)ဦး၏ စိုက်ပျိုးဧက (၆၆၅)ဧကအတွက် တစ်ဧကလျှင် ကျပ် သုံးသိန်းနှုန်းဖြင့် ငွေကျပ် (၁၉၉၅)သိန်းနှင့် ဓနော်ကျေးရွာအုပ်စုမှ တောင်သူ(၇၇)ဦး၏ စိုက်ပျိုးဧက (၅၉၄)ဧကအတွက် (၁၇၈၂)သိန်း၊ စုစုပေါင်း တောင်သူ (၁၉၈)ဦးအတွက် ငွေကျပ် (၃၇၇၇) သိန်းအား စတင်ထုတ်ချေးပေးခဲ့သည်။
ကျုံပျော်မြို့နယ်၌ မေလကုန်အထိ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ကျေးရွာအုပ်စု (၂၀)ရှိ တောင်သူ (၁၄၆၃)ဦး၏ စိုက်ဧက(၉,၈၅၅) ဧကအတွက် ချေးငွေပမာဏ (၂၉,၅၆၅)သိန်း ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း၊ အချိန်စေ့လွန်ကြွေးကျန်များနှင့် အချိန်စေ့ကြွေးအားလုံး ပြေကြေသူများကို ထုတ်ချေးပေးသွားမည်ဖြစ်ပြီး၊ ချေးငွေရာနှုန်းပြည့် ပြေကြေသော ကျေးရွာအုပ်စုများကို ဦးစားပေးထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment