နေပြည်တော်၊ မေ ၇
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးကို ယမန်နေ့က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး၊ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က အဂတိလိုက်စားမှုများကြောင့် နိုင်ငံတော်အနေဖြင့် များစွာဆုံးရှုံးနစ်နာရနိုင်သည်ဖြစ်သဖြင့် အဂတိမှုများနှင့်ပတ်သက်၍ အရေးယူရသည်များ မဖြစ်ရန်လိုကြောင်း ပြောကြားသည်။
နိုင်ငံတော်သမ္မတကြီး က "နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အဂတိတရားကင်းစွာဖြင့် နိုင်ငံတော်မှ ပေးအပ်ထားသည့်တာဝန်များကို ကျေပွန်အောင်ထမ်းဆောင်ကာ နိုင်ငံတော်နှင့် ပြည်သူတို့၏အကျိုး ကိုဖော်ဆောင်ပေးရမည်ဖြစ်ကြောင်း၊ယခင် ဒီမိုကရေစီဒုတိယအစိုးရသက်တမ်းကာလတွင် နိုင်ငံတော်နှင့် ပြည်ထောင်စုအဆင့် တာဝန်ရှိသူများ၏ မဆင်မခြင်ဆောင်ရွက်မှုများကြောင့် နိုင်ငံတော်မှနစ်နာဆုံးရှုံးခဲ့ရသည့် ငွေကြေးပမာဏအနေဖြင့် အမေရိကန် ဒေါ်လာ ၁၃ ဒသမ ၃၄၄ သန်းနှင့် ငွေကျပ် ၂၂၆ ဒသမ ၁၀၇ ဘီလီယံ ဆုံးရှုံးခဲ့ရကြောင်း၊ ထိုကဲ့သို့ မဖြစ်စေရေးအတွက် မိမိတို့အနေဖြင့်လည်း လုပ်ငန်းဆောင်ရွက်မှုများအားလုံးကို လုပ်ထုံးလုပ်နည်းများနှင့်အညီ စဉ်းစားဆင်ခြင်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ အဂတိလိုက်စားမှုများကြောင့် နိုင်ငံတော်အနေဖြင့် များစွာဆုံးရှုံးနစ်နာရနိုင်သည်ဖြစ်သဖြင့် အဂတိမှုများနှင့်ပတ်သက်၍ အရေးယူရသည်များ မဖြစ်ရန်လိုကြောင်း၊ အဂတိလိုက်စားမှုများမရှိစေရေး ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်အလိုက် ကြပ်မတ်ထိန်းသိမ်းကြရန်လိုကြောင်းဖြင့် မှာကြားသည်။
အစည်းအဝေးသို့ ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ ပြည်ထောင်စုဝန်ကြီးများနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့ တက်ရောက်ကြပြီး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက်ကြသည်။
#MNP #News

No comments:
Post a Comment