မေ - ၁၇ ( တနင်္ဂနွေနေ့ )
အီတလီနိုင်ငံ မိုဒီနာမြို့မှာ ကားသမားတစ်ယောက်က လူအုပ်ကြီးကို ကားနဲ့ ဝင်တိုက်မိပြီးနောက် အနည်းဆုံး လူ ၁၂ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပြီး လေးဦးကတော့ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ သိရပါတယ်။
မြောက်အာဖရိကနွယ်ဖွား “အရက်သမားတစ်ယောက်”က လို့ မီဒီယာများက ဖော်ပြတဲ့ ယာဉ်မောင်းက လူတစ်ဦးကို ဓားဖြင့်ထိုးခဲ့ကြောင်းကိုလည်း ဖော်ပြပါတယ်။ ကားသမားရဲ့ ရည်ရွယ်ချက်ကို လက်ရှိအချိန်တွင် မရှင်းလင်းသေးပေမဲ့ အကြမ်းဖက်လုပ်ရပ် ဟုတ်၊ မဟုတ် စစ်ဆေးနေဆဲ ဖြစ်တယ်လို့ အီတလီသတင်းစာ လာပရက်စာ က ဖော်ပြခဲ့ပါတယ်။
ဒဏ်ရာအပြင်းအထန်ရရှိသူ နှစ်ဦးကို ရဟတ်ယာဉ်ဖြင့် ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး အဲ့ဒိထဲက အမျိုးသမီးတစ်ဦး ကတော့ ကားနဲ့ နံရံကြားညပ်သွားလို့ ခြေထောက်နှစ်ဖက်စလုံး ပြတ်တောက်သွားခဲ့ကြောင်း သိရပါတယ်။
ဒေသဆိုင်ရာ သတင်းဌာနများ၏ ဖော်ပြချက်အရ အဆိုပါ ဖြစ်ရပ်သည် ဒေသစံတော်ချိန် ညနေ ၄း၃၀ နာရီခန့်တွင် မိုဒီနာရဲ့ သမိုင်းဝင် စင်တာတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါတယ်။ မျက်မြင်သက်သေများရဲ့ အဆိုအရ တစ်နာရီ မိုင်၁၀၀ နှုန်းလောက်နဲ့ ကားတစ်စီးက လူအုပ်ထဲကို အပြင်းမောင်းဝင်လာခဲ့တာ သိရပါတယ်။
မော်ရိုကိုနွယ်ဖွား အီတလီနိုင်ငံသား အသက် ၃၁ နှစ်အရွယ် ဆလင်းမ် ကူဒရစ်ဗ် လို့ ဒေသခံမီဒီယာများက ဖော်ပြသော ယာဉ်မောင်းက အခင်းဖြစ်ပွားရာနေရာကနေ ခြေလျင် ထွက်ပြေးရန် ကြိုးပမ်းခဲ့ပြီး ထိတ်လန့်နေသော လူအုပ်နှင့် ရောနှောသွားခဲ့တယ်လို့ သိရပါတယ်။
လူအုပ်ထဲမှ သူ့ကိုလိုက်ရှာသူ တစ်ဦးက သူ့ထံ ချဉ်းကပ်လာသောအခါ ကားသမားက ဓားဖြင့် ထိုးခဲ့တယ်လို့လည်း မီဒီယာတွေက ဆိုပါတယ်။ “ကျနော့်ကို ဓားနဲ့ထိုးတယ်၊ ကျနော်က ပထမတစ်ချက်ကိုတော့ ရှောင်နိုင်လိုက်ပါတယ်။ နောက်တစ်ချက်ကတော့ ရှပ်ပြီးထိသွားပါတယ်။ ကျနော့်နဲ့ နောက် ၄ ၊ ၅ ယောက်က ဝိုင်းဖမ်းလို့ သူ့ကို ဖမ်းမိလိုက်ပါတယ်” လို့ ဓားနဲ့ အထိုးခံလိုက်ရသူက ပြောပါတယ်။
ယင်းနောက် သံသယရှိသူအား ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး စစ်ဆေးမေးမြန်းရန် ခေါ်ယူခဲ့သည်။ ဆိုရှယ်မီဒီယာပေါ်ရှိ ဗီဒီယိုမက်ဆေ့ချ်တစ်ခုမှာတော့ မိုဒီနာ မြို့တော်ဝန် က “သံသယရှိသူအား ဝိုင်းဝန်းဖမ်းပေး တဲ့ ပြည်သူတွေရဲ့ ရဲရင့်မှုအတွက်” ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။ အခင်းဖြစ်ပွားပြီးနောက် အခင်းဖြစ်ပွားရာနေရာသို့ ရဲတပ်ဖွဲ့ဝင်များဖြင့် နယ်မြေစိုးမိုးရေးရဲတပ်ဖွဲ့မှ စုံစမ်းဆောင်ရွက်မှုတွေကို ဆက်လုပ်နေတယ်လို့ သိရပါတယ်။
Ref: RT
#News #MNP

No comments:
Post a Comment