တရားဥပဒေစိုးမိုးရေး (အယ်ဒီတာ့ အာဘော်) - Myanmar National Post

Myanmar National Post

News Agency

Breaking

တရားဥပဒေစိုးမိုးရေး (အယ်ဒီတာ့ အာဘော်)


မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးရေး ဟူသော စကားကို ကျယ်ကျယ်လောင်လောင် ပြောဆိုခဲ့ကြသည်။ ယခု အစိုးရလက်ထက်သာမက ယခင်အစိုးရများလက်ထက်တွင်လည်း တရားဥပဒေစိုးမိုးရေးကို အသံကုန်ဟစ်ခဲ့ကြသည်။

သို့သော် တရားဥပဒေစိုးမိုးရေးကို အသံကောင်းဟစ်ခဲ့သူများကိုယ်တိုင်က ဥပဒေစိုးမိုးရေးကို အလေးမထားဘဲ ဥပဒေမဲ့ လုပ်ရပ်များ လုပ်ခဲ့ကြသည်ကို ပြန်လည်သုံးသပ် ဆင်ခြင်မိကြဖို့ လိုသည်။

ပမာထား၍ ပြောဆိုပါမူ ၂၀၁၀ တွင် ပြည်သူလူထုရွေးချယ်တင်မြှောက်သော ပြည်ခိုင်ဖြိုးအစိုးရအဖွဲ့ကို သမ္မတကြီး ဦးသိန်းစိန် ဦးဆောင်ခဲ့သည်။ တပ်မတော်အစိုးရလက်ထဲမှ ပြည်သူရွေးချယ်တင်မြှောက်သော အစိုးရလက်သို့ ပထမဆုံးအကြိမ် ပြန်လည်ရောက်ရှိခြင်း ဖြစ်သည်။ ပြည်သူထုရွေးချယ်တင်မြှောက်သည့် အစိုးရပေါ်ပေါက်လာသည်နှင့်အညီ ယခင်တပ်မတော်အစိုးရလက်ထက် မြေယာကိစ္စများနှင့် ပတ်သက်၍ ပြည်သူများ နစ်နာအောင် လုပ်ဆောင်ခဲ့သည့် ကိစ္စများကို တာဝန်သိ နိုင်ငံရေးအင်အားစုများက ဝိုင်းဝန်းအရေးဆိုခဲ့ကြသဖြင့် လွှတ်တော်တွင် ဆွေးနွေးမှုများ လုပ်ခဲ့ရပြီး သမ္မတကြီး ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရက တာဝန်ယူဖြေရှင်းဆောင်ရွက်သည့်တိုင်အောင် ဥပဒေမဲ့ လုပ်ရပ်များ လုပ်ဆောင်ခဲ့သူများထဲတွင် ပြည်ခိုင်ဖြိုးလွှတ်တော်အမတ်ဖြစ်သူ ဦးခင်ရွှေကဲ့သို့သော ပုဂ္ဂိုလ်များ ပါဝင်နေခြင်းကြောင့် ဖြေရှင်းဆောင်ရွက်သည့်တိုင်အောင်လည်း ပြီးပြတ်သည့် အခြေအနေကို မရောက်ခဲ့ပေ။

ပြည်ခိုင်ဖြိုးအစိုးရ၏ အားနည်းချက်များကို ထောက်ထားပြောဆို၍ အာဏာရလိုသော အတိုက်အခံပါတီ က ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီကာလတွင် ဥပဒေစိုးမိုးရေးကို အသံကုန်ဟစ်ပြောဆိုခဲ့သည်။ ပြည်သူများမှာ အားကိုးရတန်ကောင်းရဲ့ဟု အတိုက်အခံပါတီဖြစ်သည့် NLD ကို ပုံအော၍ မဲပေးခဲ့ကြခြင်းကြောင့် NLD ပါတီ အာဏာရလာခဲ့သည်။ ပမာအားဖြင့် NLD ပါတီခေါင်းဆောင်က တရားဥပဒေစိုးမိုးရေးကို အလေးထားဆောင်ရွက်မည်ဟု အသံကောင်းဟစ်ခဲ့သော်လည်း NLD ပါတီ လွှတ်တော်အမတ်များမှာ အများပြည်သူကြား ဖြစ်ပေါ်လျက်ရှိသော ပြဿနာများတွင် လာဘ်လာဘရယူ၍ ကိုယ်ကျိုးရှာခြင်း၊ မြေယာပြဿနာများတွင် မလျော်သြဇာသုံး၍ ကိုယ်ကျိုးရှာခြင်းများ ပြုလုပ်လာကြသည်။ ဥပဒေစိုးမိုးရေး ဟူသော အသံမှာ တိတ်ဆိတ်သွားပြန်သည်။ ပြည်သူများကြားတွင် ဥပဒေစိုးမိုးရေးဟု NLD ပါတီ ခေါင်းဆောင်က ဥပဒေစိုးမိုးရေးဟု ပြောဆိုခဲ့သည်မှာ လိမ်ညာလှည့်ဖြား၍ အာဏာရရန် ကြိုးပမ်းမှုတစ်ခု အဖြစ်သာ ရှုမြင်လာကြသည်။

ပို၍ ဆိုးရွားလာသည်မှာ ဥပဒေစိုးမိုးရေး ဟု ပြောဆိုခဲ့သည် NLD ပါတီခေါင်းဆောင်ကိုယ်တိုင်က ဥပဒေမဲ့ လုပ်ရပ်များ လုပ်ဆောင်ခြင်း၊ အဂတိလိုက်စားခြင်းများ ဖြစ်ပေါ်လာသည့်အခါ ပြည်သူများ ပုံအော၍ ယုံကြည်ခဲ့သည်မှာ အဟောသိကံ ဖြစ်ခဲ့ရတော့သည်။ NLD ပါတီ ခေါင်းဆောင်များသည် အာဏာရသည့် အခိုက်အတန့်တွင် ပြည်သူ့အကျိုးကို ရှေးရှုဆောင်ရွက်ခြင်း မရှိဘဲ ကိုယ်ကျိုးရှာလိုခြင်းသာ လွန်ကဲပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် မလျော်ကန်သော နည်းလမ်းဖြင့် အာဏာသက်ဆိုးရှည်ရန် ကြိုးပမ်းခဲ့ခြင်းကြောင့် အာဏာလက်မဲ့ဖြစ်ပြီး ဥပဒေစိုးမိုးရေး ပျက်ပြားစေရန် အကြမ်းဖက်လမ်းစဉ်ကိုပါ ဖော်ဆောင်ခဲ့ကြသည်။ ပြည်သူလူထု၏ ယုံကြည်ကိုးစားမှုအပေါ် အလွန်အမင်း အလွဲသုံးစားလုပ်သည့် အဖွဲ့အစည်း၊ ပြည်သူလူထုအပေါ် လွန်စွာ ကောက်ကျစ်ယုတ်မာ ရိုင်းစိုင်းသော အဖွဲ့အစည်းအဖြစ် သမိုင်းမှတ်တမ်းတင်ရသည့် အခြေအနေသို့ ရောက်ရှိခဲ့သည်။

ယခုအခါ ပြည်သူများကြားတွင် ပြည်သူ့စစ်မှုထမ်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မလျော်ညီသော လုပ်ရပ်များကြောင့် နစ်နာဆုံးရှုံးမှုများစွာ ဖြစ်ပေါ်နေရသည်။ အနယ်နယ်အရပ်ရပ်တွင် ဖြစ်ပေါ်နေသည့် ပြဿနာဟု ဆိုနိုင်သည်။ လူငယ်၊ လူရွယ်များကို မတရားသဖြင့် ဖမ်းဆီးသည်။ စစ်မှုထမ်းရန် ရောင်းစားသည်။ ပြည်သူ့စစ်မှုထမ်းဥပဒေကို အကြောင်းပြု၍ လူကုန်ခြင်း၊ ငွေညှစ်ခြင်း စသည့် မဖွယ်မရာ လုပ်ရပ်များကို အလွန်အကြူး လုပ်ဆောင်လျက်ရှိသည်။ ပြည်သူများကြားတွင် ဖြစ်ပေါ်လျက်ရှိသည့် ပြဿနာကို ပြည်သူများက ရွေးကောက်တင်မြှောက်ထားသော ကိုယ်စားလှယ်တော်ကြီးများက သိရှိနေသည့်တိုင်အောင် အသံမထွက်ကြသည်မှာလည်း အံ့သြဘနန်းဖြစ်ရသည်။ ပြည်သူလူထုအကျိုးကို ရှေးရှုဆောင်ရွက်ပါမည်ဟု ကတိသစ္စာပြုထားသည့် ကိုယ်စားလှယ်တော်ကြီးများအနေဖြင့် ပြည်သူများ နစ်နာနေရသည့်ကိစ္စတွင် အသံမထွက်ရဲကြသည်မှာ ရိုးသားပါရဲ့လား။ ဥပဒေမဲ့ လုပ်နေသူများကို အားပေးအားမြှောက် ပြုနေခြင်းလား ဟု မေးခွန်းထုတ်စရာ ဖြစ်လာသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေကို အကြောင်းပြု၍ ဥပဒေစိုးမိုးရေးအခြေအနေကို ပြောဆိုပါမူ နိုင်ငံတော်အစိုးရက လိုအပ်ချက်အရ ဤဥပဒေကို ထုတ်ပြန်ခဲ့သည်။ ပြည်ပြေး ဝရမ်းပြေးများနှင့် ပြည်ဖျက်မီဒီယာများ၏ မဟုတ်မမှန် လုပ်ကြံဖန်တီးရေးသား ဖြန့်ဝေမှုများကြောင့် ပြည်သူများကြားတွင် အကြောက်တရားများ ဖြစ်ပေါ်လာပြီး ဥပဒေအရ စစ်မှုထမ်းရန် တာဝန်ကို တိမ်းရှောင်လာကြသည်။ ပြည်သူများဘက်က ဥပဒေကို လေးစားလိုက်နာမှု အားနည်းခြင်းဖြစ်သည်။ ပြည်သူများဘက်က လေးစားလိုက်နာမှု အားနည်းလာသည်ကို အခွင့်ကောင်းယူ၍ တာဝန်နှင့် လုပ်ပိုင်ခွင့်ရှိသူများကလည်း ဥပဒေနှင့်မညီညွတ်သော လုပ်ရပ်များကို လုပ်ဆောင်ပြီး ဥပဒေစိုးမိုးရေး ပျက်ပြားအောင် လုပ်ဆောင်ကြသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေအပေါ် ပြည်သူများ နားလည်ရမည်မှာ နိုင်ငံအများစုတွင် ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းဆောင်ကြရသည်။ ထင်ရှားကျော်ကြားသူများပင်လျင် မိမိတာဝန်ထမ်းဆောင်ရမည့် ကာလအပိုင်းအခြားသို့ ရောက်ရှိလာသည့်အခါ တိမ်းရှောင်ခြင်း မရှိဘဲ နိုင်ငံသားတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသည့် သာဓကများလည်း ရှိသည်။ မြန်မာပြည်တွင် ထင်ရှားကျော်ကြား ပုဂ္ဂိုလ်များက စံပြအနေဖြင့် တာဝန်ထမ်းဆောင်ခြင်းမရှိ၊ ငွေကြေးဥစ္စာပြည့်စုံကြွယ်ဝသူများကလည်း မိမိတို့၏ သားသမီးများ စစ်မှုထမ်းမှ ကင်းလွတ်ခွင့်ရရန် ငွေလမ်းခင်း၍ ဆောင်ရွက်ကြသည်။ ထိုသို့သောအခြေအနေတွင် တာဝန်နှင့် လုပ်ပိုင်ခွင့်ရှိသူများမှာ ထင်ရှားကျော်ကြား ပုဂ္ဂိုလ်များကို မထိရဲ၊ ငွေကြေးဥစ္စာရှိသူများထံမှ လာဘ်လာဘ ရယူထားပြီးဖြစ်ရာ မရှိဆင်းရဲသားပြည်သူများကိုသာ ပစ်မှတ်ထား၍ ဖမ်းဆီးချုပ်နှောင်ခြင်း၊ စစ်မှုထမ်းရန် အတင်းအကြပ်ခိုင်းစေခြင်းများ လုပ်ဆောင်နေခြင်းကြောင့် နစ်နာသူများမှာ ကျောမွဲပြည်သူများသာ ဖြစ်သည်။ ရပ်ကွက်၊ ကျေးရွာများတွင် ပြည်သူ့စစ်မှုထမ်းကြေး ဟု ခေါင်းစဉ်တပ်ပြီး ငွေကြေး ကောက်ခံသည်။ လူဝယ်ထည့်ရသလိုလို၊ ပြည်သူ့စစ်မှုထမ်းလူငယ်များကို ထောက်ပံ့သလိုလိုနှင့် ကိုယ်ကျိုးအတွက် အလွဲသုံးစားလုပ်ကြသည်က ပိုများသည်။

ပြည်ထောင်စုလွှတ်တော် ကတိသစ္စာပြုပွဲအခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မိန့်ခွန်း ပြောကြားခဲ့စဉ် က ကျွန်တော်တို့အစိုးရအနေနဲ့ နိုင်ငံသားတိုင်း ဥပဒေရဲ့အကာအကွယ်ကို အညီအမျှရရှိစေဖို့၊ မှားယွင်းပြီး အပြစ်စီရင်ခြင်းမခံရဖို့၊ ပြစ်မှုနဲ့ ပြစ်ဒဏ်မျှတပြီး တိတိကျကျ မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန် စီရင်နိုင်ဖို့၊ တရားရုံးများ ဖြောင့်မတ်မှန်ကန်စေဖို့တို့ကို ဦးစားပေးဖော်ဆောင်သွားမှာဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံရဲ့ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် တရားဥပဒေစိုးမိုးရေးဟာ အဓိကကျတဲ့ အခြေခံအုတ်မြစ်မရှိမဖြစ် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ယနေ့ ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးမှ ပေါ်ပေါက်လာသော အစိုးရလက်ထက်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို အကြောင်းပြု၍ တာဝန်နှင့် လုပ်ပိုင်ခွင့်ရှိသူများက တစ်နည်း၊ ပြည်သူများက တဖုံ ဥပဒေစိုးမိုးမှု ကင်းမဲ့အောင် လုပ်ဆောင်နေကြသည်ကို နိုင်ငံတော်အကြီးအကဲများက စိစစ်သုံးသပ်ပြီး တည့်မတ်မှန်ကန်အောင် ဆောင်ရွက်သင့်ပါကြောင်း ။   ။


#MNP #News 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)