ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များနှင့်တွေ့ဆုံ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များနှင့်တွေ့ဆုံ





ရန်ကုန်၊ မေ ၃

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များအား ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်သဘင်ဆောင်၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်ကိုယ်စားလှယ်များ စုံစုံညီညီ ကျန်းကျန်းမာမာနှင့် တွေ့ဆုံခွင့်ရသည့်အတွက် ဝမ်းသာပါကြောင်း၊ စိတ်ချမ်းသာကိုယ်ကျန်းမာဖြင့် နိုင်ငံ့တာဝန်များကို ထမ်းဆောင်နိုင်ပါစေကြောင်း၊ မိမိတို့နိုင်ငံတွင် ဒီမိုကရေစီနည်းလမ်းအရ အစိုးရသစ်တစ်ရပ်ထွက်ပေါ်လာပြီးနောက် ဥပဒေပြုရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်စသည့် မဏ္ဍိုင်သုံးရပ်ထွက်ပေါ်လာပါကြောင်း၊ အဆိုပါမဏ္ဍိုင်ကြီးသုံးရပ်ကို ကဏ္ဍအလိုက် အပြန်အလှန်ပေါင်းစပ်ညှိနှိုင်းပြီး စစ်မှန်စည်းကမ်းပြည့်ဝသော ဒီမိုကရေစီအလေ့အကျင့်ကောင်းများရရှိအောင် တည်ဆောက်သွားရမည်ဖြစ်ပါကြောင်း။

မိမိတို့ ဥပဒေပြုမဏ္ဍိုင်အနေဖြင့် ဥပဒေ၏ အကာအကွယ်အောက်တွင် နိုင်ငံတော်နှင့် နိုင်ငံသူနိုင်ငံသားများကို အေးအေးချမ်းချမ်းနေနိုင်ရန်အတွက် ဆောင်ရွက်ပေးနိုင်အောင် ကြိုးစားသွားရမည်ဖြစ်ပါကြောင်း၊ မိမိတို့တာဝန်ယူစဉ် ကာလအတွင်း လွှတ်တော်၏အခန်းကဏ္ဍ မြင့်မားတိုးတက်အောင် ဆောင်ရွက်သွားရန် အစီအမံများ ချမှတ်ထားပါကြောင်း။

နိုင်ငံတော်အစိုးရ၊ လွှတ်တော်၊ ပါတီ၊ ပြည်သူပူးပေါင်းပြီး နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အထောက်အပံ့ကောင်းများဖြစ်အောင် ကြိုးစားဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ မိမိတို့ လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်သူများက ယုံယုံကြည်ကြည်ဖြင့် ဆန္ဒမဲပေးရွေးချယ်ထားသည့် ပြည်သူ့ကိုယ်စားလှယ်များဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့ကိုရွေးချယ်ပေးလိုက်သည့် ပြည်သူများ၏ ဆန္ဒနှင့်မျှော်လင့်ချက်များကို အထူးအလေးထားဆောင် ရွက်ပေးရမည်ဖြစ်ကြောင်း။

လွှတ်တော်၏ ရည်မှန်းချက်တာဝန် (၄) ရပ်ကိုဖော်ဆောင်ရာတွင်လည်း လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ပြည်သူများကိုကိုယ်စားပြု၍ အဆင့်မြင့်မြင့်ဖော်ဆောင်သွားရမည်ဖြစ်ပါကြောင်း၊ ဥပဒေပြုရေးလုပ်ငန်းတာဝန်များကို ဆောင်ရွက်သည့်အခါတွင် ပြဋ္ဌာန်းထားသည့် တည်ဆဲဥပဒေများသည် ယနေ့မျက်မှောက်အခြေအနေနှင့် ကိုက်ညီမှုရှိမရှိ၊ ထပ်မံဖြည့်စွက်ရန်လိုမလို၊ ဖျက်သိမ်းရန်နှင့် အသစ်ပြန်လည်ပြဋ္ဌာန်းရန်လိုမလို စသည်များကို သေချာစွာစိစစ် ဆောင်ရွက်သွားရမည်ဖြစ်သဖြင့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ဥပဒေရေးရာကိစ္စရပ်များကို နားလည်တတ်ကျွမ်းရန်လိုအပ်ပါကြောင်း။

လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် နိုင်ငံတော်တွင် ပကတိဖြစ်ပေါ်နေသည့် အခြေအနေအရပ်ရပ်နှင့် တည်ဆဲဥပဒေများကို နှိုင်းယှဉ်သုံးသပ်ပြီး နိုင်ငံသူ နိုင်ငံသားများကို ဥပဒေအကာအကွယ်အောက်တွင် ထားရှိနိုင်ရေး ကြိုးပမ်းဆောင်ရွက်ပေးသွားရမည်ဖြစ်ပါကြောင်း။  

လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်သူလူထုနှင့် အစိုးရကြား ပြည်သူများ၏လိုလားချက်များကို ကြားခံတစ်ခုအဖြစ် ဆောင်ရွက်ပေးနေရမည့်သူများဖြစ်ပါကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ရာတွင် ပြည်သူလူထုကြား ထဲထဲဝင်ဝင် ကွင်းဆင်းဆောင်ရွက်ပေးခြင်း၊ ပြည်သူ့လိုလားချက်များကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးနိုင်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်ရုံးများ ဖွင့်လှစ်ပြီး တိုက်ရိုက်ထိတွေ့ ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း။

လွှတ်တော်ကိုယ်စားလှယ်များအနေ ဖြင့် လွှတ်တော်၏ တာဝန်များကို ပြီးပြည့်စုံအောင် ဆောင်ရွက်ပေးနိုင်သည့် ကိုယ်စားလှယ်များဖြစ်အောင် ကြိုးစားဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ကဏ္ဍအသီးသီးမှ ဆောင်ရွက် လျက်ရှိသည့် လုပ်ငန်းစဉ်များကို ပြည်သူလူထုများနားလည်ပြီး ပူးပေါင်းပါဝင်လာအောင် လွှတ်တော်ကိုယ်စားလှယ်များက ဆောင်ရွက်ပေးသွားရမည်ဖြစ်ပါကြောင်း၊ ပြည်သူလူထု အကျပ်အတည်းဖြစ်စေသည့်ကိစ္စများကို နိုင်ငံတော်အစိုးရနှင့်ပူးပေါင်း၍ ပြည်သူလူထု၏မျှော်မှန်းချက်၊ မျှော်လင့်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားနိုင်ရေးအတွက် စွမ်းရည်မြင့်မားသည့် လွှတ်တော်ကိုယ်စားလှယ်များဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် နိုင်ငံတကာလွှတ်တော်များ၊ အာဆီယံ လွှတ်တော်များနှင့် နိုင်ငံတကာဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ အာဆီယံဒေသတွင်း လွှတ်တော်အဖွဲ့အစည်းများနှင့်ကဏ္ဍပေါင်းစုံမှ ပူးပေါင်း ဆောင်ရွက်နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရန်လိုပါကြောင်း၊ လွှတ်တော်သည် နိုင်ငံတော်ကအားကိုးရသည့် ဥပဒေပြုရေးမဏ္ဍိုင်ကြီးတစ်ခု ဖြစ်လာစေရေးနှင့်ပြည်သူလူထုကို အမှန်တကယ်အကျိုးပြုသည့် ပြည်သူလူထု အားကိုးရာ လွှတ်တော်တစ်ခုဖြစ်လာအောင် ကြိုးစားဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက တွေ့ဆုံပွဲသို့တက်ရောက်လာကြသည့် လွှတ်တော်ကိုယ်စားလှယ်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသည် ပုလဲခန်းမ၌ ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့အား တွေ့ဆုံသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်က ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၏ ဆောင်ရွက်လျက်ရှိသည့် လွှတ်တော်ဆိုင်ရာ လုပ်ငန်းအခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြချက်များအပေါ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

တွေ့ဆုံပွဲအပြီးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသည် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးခန်းမအား ကြည့်ရှုစစ်ဆေးသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)