မော်လမြိုင်၊ မေ ၃၁
မွန်ပြည်နယ်၊ (၂၇) ကြိမ်မြောက် မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်ကြားရေးအဖွဲ့၏ ထူးချွန်ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ရာမညနိကာယ သာသနာ(၂၅ဝဝ) ကျောင်းတိုက်၌ ကျင်းပပြုလုပ်ရာ ဦးစွာ သဘာပတိဆရာတော်ကြီးများကို အမှူးထား၍ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌတို့က အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။
ထို့နောက် နမောတဿ (၃)ကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ကာ ကျိုက်မရောမြို့နယ်၊ ကော့ပရိုင်ကျောင်းတိုက်တော်ကြီး၏ ဦးစီးပဓာနနာယက ဆရာတော် ဘဒ္ဒန္တကေတုမာထံမှ ငါးပါးသီလတရားတော်မြတ်များ ခံယူဆောက်တည်၍ မွန်စာပေနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်ကြားရေးအဖွဲ့ သဘာပတိဆရာတော်ကြီးနှင့် ဥက္ကဋ္ဌဆရာတော်တို့မှ ဩဝါဒစကားမြွက်ကြားခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့်ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်ကြားရေးအဖွဲ့မှဦးဆောင်ကာ မွန်စာပေနှင့်ယဉ်ကျေးမှုသင်တန်းများကို သက်ဆိုင်ရာမြို့နယ်အလိုက် နွေရာသီကျောင်းပိတ်ရက်များတွင် နှစ်စဉ်သင်ကြားပို့ချလျက်ရှိကြောင်း၊ မွန်လူမျိုးတို့၏ စာပေနှင့်ယဉ်ကျေးမှုကို တိမ်ကောပပျောက်မှုမရှိစေရန်နှင့် ဖွံ့ဖြိုးတိုးတက်စေရန် ထိန်းသိမ်းစောင့်ရှောက်ရမှာဖြစ်ပြီး မွန်စာပေနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းများကို နှစ်စဉ်ဖွင့်လှစ်ကာ လက်ဆင့်ကမ်းဆောင်ရွက်ကြရန်လိုကြောင်း အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်ကြားရေးအဖွဲ့ ဆရာတော်ဘုရားကြီးထံ အလှူငွေကျပ် (၅၀.၈၂၈)သန်းအား ပေးအပ်လှူဒါန်းပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်လက်ခံယူခဲ့ကာ ထူးချွန်ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုတံဆိပ်များ ချီးမြှင့်ခဲ့ကြကြောင်း သိရှိရသည်။
#MNP #News



No comments:
Post a Comment