ဗန်ကောက်၊ မေ ၉
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုးသည် ချွန်ပူရီခရိုင် ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုတွင် စကားပြန်အလုပ်လုပ်ကိုင်နေသူ မြန်မာနိုင်ငံသားတစ်ဦးအပေါ် ပိုင်ရှင် အခြား နိုင်ငံခြားသားများမှ ဥပဒေမဲ့နှိပ်စက်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိခဲ့ရသည်။
အဆိုပါဖြစ်စဉ်ကြောင့် ဒဏ်ရာဆေးကုသမှုခံယူနေရသူ မြန်မာနိုင်ငံသား ကိုသားသား၊ အသက်(၂၇)နှစ်၊ ဇာတိ မြစ်ကြီးနားမြို့အား ၈-၅-၂၀၂၆ ရက် ၊ ၁၀၃၀နာရီတွင် မြန်မာသံရုံး၊ ဗန်ကောက်မြို့ အစည်းအဝေး ခန်းမ၌ မြန်မာသံရုံးမှ အရာရှိများ၊ အလုပ်သမားသံအရာရှိတို့နှင့်အတူ တွေ့ဆုံ၍ ညှင်းပန်းနှိပ်စက်မှု ပြုခံရသည့် ဖြစ်စဉ်နှင့် အမှုဖွင့်ဆောင်ရွက်ထားရှိမှုအခြေအနေများအား မေးမြန်းခဲ့ပြီး မြန်မာသံရုံး၏ ကိုယ်စား နှစ်သိမ့်အားပေးစကား ပြောကြားခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာသံအမတ်ကြီးက ယခုဖြစ်စဉ်နှင့်စပ်လျဉ်း၍ ထိုင်းနိုင်ငံ၏ အလုပ်သမားဥပဒေနှင့်အညီ တရားမျှတမှုရှိစေရေး၊ ပြစ်ဒဏ်ကျူးလွန်သူများအပေါ် ဥပဒေနှင့် အညီ ဆောင်ရွက်နိုင်ရေး၊ မြန်မာလုပ်သားအတွက် ထိုက်သင့်သည့် နစ်နာကြေး ရရှိနိုင်ရေးတို့ အတွက် ဗန်ကောက်မြို့၊ မြန်မာသံရုံးနှင့် အလုပ်သမားသံအရာရှိရုံး၊ ထိုင်းအခြေစိုက် ပြည်ပ လုပ်သားနစ်နာမှုကူညီစောင့်ရှောက်ပေးနေသူများနှင့်အတူ ဆက်လက်ကူညီမှုပြုသွားမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့သည်။
ထိခိုက်ခံစားခဲ့ရသူ မြန်မာနိုင်ငံသား ကိုသားသားအတွက် မြန်မာသံရုံးဝန်ထမ်းနှင့် မိသားစု၏ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
#MNP #News




No comments:
Post a Comment