နေပြည်တော်၊ မေ ၉
ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာ ရေးနှစ် (၁/၂၀၂၆) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေ ၇ ရက်နှင့် မေ ၈ ရက်တို့တွင် နေပြည်တော် ရုံးအမှတ် (၁၁) ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး စုဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က သဘာဝဘေးအန္တရာယ်နှင့် ပဋိပက္ခများကြောင့် ထိခိုက်ပျက်စီးခဲ့ရသော နိုင်ငံပိုင်အခြေခံအဆောက်အအုံများကို ပြန်လည်ထူထောင်ပေးခြင်းနှင့် အသစ် တည်ဆောက်နေသော ဝန်ထမ်းအိမ်ရာ အဆောက်အအုံများ သတ်မှတ်ချိန်အတွင်း ပြီးစီးအောင် ဆောင်ရွက်ပေးပြီး နိုင်ငံ့ဝန်ထမ်းများအား အမြန်ဆုံး ပြန်လည်နေရာချထားပေးနိုင်ရန်လိုပါကြောင်း၊ နိုင်ငံတော်၏ ဘဏ္ဍာငွေများ အလေအလွင့်မရှိ ထိထိရောက်ရောက် အကျိုးရှိအောင် စနစ်တကျ သုံးစွဲရမည်ဖြစ်ပါကြောင်း၊ မြို့ပြဖွံ့ဖြိုးရေးအတွက် မြို့ရွာများကို ဟန်ချက်ညီညီ ရေရှည်ဖွံ့ဖြိုးတိုးတက် စေရန်၊ ပြည်သူအတွက် သင့်လျော်ကောင်းမွန်သည့် အိမ်ရာများ စဉ်ဆက်မပြတ် ဖြည့်ဆည်းပေးနိုင်ရန် မူဝါဒနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီး/ပြည်နယ်များရှိ ဦးစီးဌာနများမှ တာဝန်ခံညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးများက ဘဏ္ဍာရေးနှစ်အလိုက် လုပ်ငန်းလျာထားချက်များ၊ လုပ်ငန်းဆောင်ရွက်နေမှုနှင့် လုပ်ငန်းပြီးစီးမှု၊ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ ဝန်ထမ်းရေးရာကိစ္စရပ်များကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းပေးသည်။
#MNP #News

No comments:
Post a Comment