နေပြည်တော်၊ မေ ၁၈
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် အမြဲတမ်း အတွင်းဝန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ၁၆-၅-၂၀၂၆ ရက်နေ့ နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာ လုပ်ငန်းများအား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးသည် ဓာတ်အားကွပ်ကဲရေးဌာနခွဲ(နေပြည်တော်)ရှိ National Control Center နှင့် Advanced Metering Infrastructure(AMI) Control Center တို့သို့ ရောက်ရှိစစ်ဆေးစဉ် နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားစနစ်တွင် ကဏ္ဍ ၄ ရပ်ရှိသည့်အနက် နောက်ဆုံးကဏ္ဍဖြစ်သည့် ဖြန့်ဖြူးရေးကဏ္ဍသည် သုံးစွဲသူပြည်သူများနှင့် တိုက်ရိုက်ထိတွေ့ ဆက်ဆံရသည်ဖြစ်၍ လွန်စွာအရေးကြီးပါကြောင်း၊ သုံးစွဲသူပြည်သူများ နစ်နာမှု မရှိစေရေး ဦးတည်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ တစ်ဦးချင်း အမှန်တကယ်သုံးစွဲမှုကို တိကျစွာ သိရှိရန် လိုအပ်သကဲ့သို့ သုံးစွဲသူများအနေဖြင့် ဓာတ်အားခပေးချေမှုများသည် ရာနှုန်းပြည့် နိုင်ငံတော်ဘဏ္ဍာသို့ စီးဝင်လာရန်လည်း အရေးကြီးကြောင်း၊ သို့ဖြစ်ရာ ခေတ်နှင့်လျှော်ညီမှု မရှိတော့သည့် မီတာဖတ်စနစ်များ၊ မီတာခကောက်ခံသည့် စနစ်များကို Digital စနစ်သို့ ကူးပြောင်းနေသည့် အရှိန်အဟုန်ကို မြှင့်တင်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ယင်းသို့ ဆောင်ရွက်ခြင်းဖြင့် ယခုဖြစ်ပေါ်နေသည့် နည်းပညာဆိုင်ရာ အားနည်းချက်နှင့် လူတို့၏ အားနည်းချက်များကွယ်ပျောက်၍ နိုင်ငံတော်နှင့်ပြည်သူ နှစ်ဦးနှစ်ဘက် အကျိုးရှိလာမည် ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ၂၃၀ ကေဗွီ နေပြည်တော် ပင်မဓာတ်အားခွဲရုံသို့ ရောက်ရှိစစ်ဆေးပြီး မိုးရာသီကာလအတွင်း ဓာတ်အားဖြန့်ဖြူးရာတွင် ဖြစ်ပေါ်လာနိုင်သည့် အခက်အခဲများကို ကြိုတင်တွက်ဆ၍ ဓာတ်အားလိုင်းတစ်လျှောက် ရှင်းလင်းခြင်း၊ Switch Yard အတွင်း ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ရန် မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပေါင်းလောင်းရေလှောင်တမံ၏ ရေပိုလွှဲတွင် Hydraulic Elevated Dam (HED) တပ်ဆင်ထားရှိမှု အခြေအနေများနှင့် အထက်ကျိုင်းတောင်း ရေအားလျှပ်စစ်စီမံကိန်း ရေပိုလွှဲဒီဇိုင်းအတွက် Hydraulic Model Test ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးစဉ် ဒီဇိုင်းပြုလုပ်ခြင်း၊ တွက်ချက်ခြင်း၊ Modeling Test များပြုလုပ်၍ အတည်ပြုခြင်းတို့ကို သေချာစွာ ပြုလုပ်နိုင်မှသာ လက်တွေ့တည်ဆောက် ရာတွင် ကောင်းမွန်ခိုင်ခန့်၍ ဈေးနှုန်းသက်သာမည်ဖြစ်ရာ အင်ဂျင်နီယာများအနေဖြင့် အလေးထား၍ ဆောင်ရွက်သွားကြရန် မှာကြားပါသည်။
ခရီးစဉ်တွင် လိုက်ပါလာကြသည့် ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၏ ကဏ္ဍအလိုက် တင်ပြချက်များနှင့် ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေးခဲ့ကြောင်း သတင်းရရှိပါသည်။
#MNP #News



No comments:
Post a Comment