အားကစားမီဒီယာတွေမှာ မောင်မောင်လွင် ဟာ လက်ရွေးစင်အသင်းမှာ ပြန်လည်ပါဝင်ခွင့်ရဖို့ အယူခံတင်ထားတဲ့ သတင်းကို ဝေဝေဆာဆာတွေ့ရပါတယ်။ ဝမ်းမြောက်စရာ သတင်းပါပဲ။ မောင်မောင်လွင် ကိုယ်တိုင် ရေးသားဖော်ပြချက်ကို ကိုးကားပြီး ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြနေကြတာကို တွေ့ရပါတယ်။
မောင်မောင်လွင် ရေးသားထားတာက "ကျွန်တော့်ရဲ့ ယခင်ဆုံးဖြတ်ချက်ဟာ ခဏတာ စိတ်ခံစားမှု ပေါ့လျော့မှုကြောင့် စိတ်လိုက်မာန်ပါ ဆုံးဖြတ်ချက်ချခဲ့တာ ဖြစ်ပေမယ့် မြန်မာအမျိုးသားအသင်းကို ကိုယ်စားပြုရတဲ့ ဂုဏ်နဲ့ ဘာမှ မယှဉ်နိုင်ဘူးဆိုတာ သဘောပေါက်လာခဲ့ပါတယ်။ ဒီဂုဏ်ယူမှုနဲ့ ခံစားချက်ဟာ အစားထိုးလို့မရပါဘူး။ ကျွန်တော့်ရဲ့ အယူခံကို MFF ကို တရားဝင် တင်သွင်းထားပြီး အယူခံကော်မတီအနေနဲ့ ကျွန်တော့်ရဲ့ အခြေအနေကို ပြန်လည်သုံးသပ်ပေးဖို့ စိတ်ရင်းမှန်နဲ့ တောင်းဆိုပါတယ်။" လို့ ယဉ်ကျေးစွာ ရေးသားထားတာကို တွေ့ရပါတယ်။
အားကစားသမားတွေမှာ သူတို့ရဲ့ စွမ်းရည်ကို ပြသနိုင်ဖို့ ကာလအကန့်အသတ် ရှိပါတယ်။ အသက်အရွယ်လွန်မှ စကေးတွေ ပြနေလို့ မရပါဘူး။ မောင်မောင်လွင် တို့အဖွဲ့ဟာ မြန်မာ့လက်ရွေးစင်အသင်းမှာတော့ မှတ်တမ်းကောင်းရှိတဲ့ ကစားသမားများဖြစ်ခဲ့ပါတယ်။ ဘောလုံးပရိတ်သတ်ကိုလည်း ကျေနပ်နှစ်သိမ့်မှု အတိုင်းအတာတစ်ခုအထိ ပေးစွမ်းနိုင်ခဲ့ကြပါတယ်။ အဲဒီအထဲမှာ မောင်မောင်လွင်ဟာ စကေးကောင်းသူ တစ်ဦး၊ အသင်းကို ဦးဆောင်နိုင်သူ တစ်ဦးဖြစ်လို့ သူသာ လက်ရွေးစင်အသင်းမှာ ပြန်လည်ပါဝင်လာမယ်ဆိုရင် ညီညီညွတ်ညွတ်နဲ့ ပိုပြီး လှပတဲ့ အနေအထား ဖြစ်လာပါလိမ့်မယ်။
မောင်မောင်လွင် ဖြစ်ခဲ့တဲ့ ပြဿနာကို ပြန်လည်သုံးသပ်ကြည့်ရင် ကစားသမားတစ်ဦးက ပရိတ်သတ်ကို ကိုယ်ထိရောက် ကျူးလွန်တဲ့ ပြစ်မှုပေါ့။ ပရိတ်သတ်က မောင်မောင်လွင်ကို ရည်ရွယ်ချက်ရှိရှိ ကဲ့ရဲ့ဆဲဆို စော်ကားပြောဆိုနေတာကရော ဘာရည်ချက်လဲ။ ကစားသမားတစ်ယောက် ခြေစွမ်းမပြနိုင်လို့ ပြစ်တင် ပြောဆိုတာ အတိုင်းအတာတစ်ခုအထိ ရှိပါတယ်။ ဒါမျိုးကို အားကစားသမားများလည်း ခံနိုင်ရည်ရှိပါတယ်။
ဖြစ်ခဲ့တဲ့ ပြဿနာမှာ ပရိတ်သတ် က မောင်မောင်လွင် တစ်ယောက်တည်းကိုပဲ ပစ်မှတ်ထားပြီး ဆဲဆိုစော်ကားနေတာက ပုဂ္ဂိုလ်ရေးဆန်ဆန် စော်ကားမှုဖြစ်ပါတယ်။ ဒါကိုလည်း စိစစ်ပြီး အရေးယူရမှာ ဖြစ်ပါတယ်။ ဖြစ်စဉ်မှာတော့ မောင်မောင်လွင် က ကိုယ်တိုင် သွားရောက်ဖြေရှင်းလိုက်ခြင်းက ပြဿနာကို ကြီးထွားစေခဲ့ပါတယ်။
မောင်မောင်လွင် အနေနဲ့ ဘောလုံးအဖွဲ့ချုပ်က ပေးအပ်တဲ့ ပြစ်ဒဏ်အပေါ်မှာ ခံပြင်းစိတ်နဲ့ မလိုလားအပ်တဲ့ တုန့်ပြန်မှုတွေနဲ့ အသင်းကို ခြေစုံကန်သွားတာမျိုးလည်း လုပ်လို့ရပါတယ်။ တိုင်းပြည်ကိုယ်စားပြု ကစားခဲ့တဲ့ ဂုဏ်ဒြပ်ကို သူ့အနေနဲ့ တန်ဖိုးထားလို့အခုလို ပြန်လည် အယူခံဝင်တဲ့အခါမှာ တာဝန်ရှိသူများကလည်း စိစစ်ဖြေလျှော့ပေးနိုင်ဖို့ မျှော်လင့်ပါတယ်။
မောင်မောင်လွင်ဟာ အသားမဲပေမယ့် မြန်မာ့လက်ရွေးစင်အသင်းရဲ့ ပတ္တမြားခဲ တစ်လုံး ဖြစ်ပါတယ်။ သူ့ရဲ့ အသင်းဖော်တွေနဲ့အတူ မြန်မာ့လက်ရွေးစင်အသင်းမှာ ပြန်လည်မြင်တွေ့ရဖို့ မျှော်လင့်မိပါတယ်။
#MNP #News


No comments:
Post a Comment