ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ဖယ်ခုံမြို့နယ်နှင့် မိုးဗြဲမြို့နယ်မှ နေရပ်ပြန်ပြည်သူများအား ထောက်ပံ့ပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ဖယ်ခုံမြို့နယ်နှင့် မိုးဗြဲမြို့နယ်မှ နေရပ်ပြန်ပြည်သူများအား ထောက်ပံ့ပေးအပ်


ကလော၊ မေ ၈

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်းသည် ယမန်နေ့က ကလောမြို့မှ ဖယ်ခုံမြို့သို့ သွားရောက်ပြီး ဖယ်ခုံမြို့ သဒ္ဓမ္မသဒ္ဓိ ပရိယတ္တိစာသင်တိုက် ဆရာတော်အား ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုများ ဆပ်ကပ်လှူဒါန်းပြီး မြို့နယ်ခန်းမ၌ ဖယ်ခုံမြို့နယ်နှင့် မိုးဗြဲမြို့နယ်တို့သို့ နေရပ်ပြန်ရောက်ရှိလာသော ပြည်သူများအား တွေ့ဆုံကာ ထောက်ပံ့ငွေနှင့်ပစ္စည်းများ ပေးအပ်သည်။

နေရပ်ပြန်ပြည်သူများအနက် အသက်(၇၅)နှစ်အထက် သက်ကြီးဘိုးဘွား ၂၀၆ ဦးအတွက် ငွေကျပ် ၆၁၈၀၀၀၀၊ အသက်(၅)နှစ်အောက် ကလေး ၄၈၄ ဦးအတွက် ငွေကျပ် ၁၄၅၂၀၀၀၀၊ ကိုယ်ဝန်ဆောင် ၃၂ ဦးအတွက် ငွေကျပ် ၉၆၀၀၀၀ စုစုပေါင်းထောက်ပံ့ငွေကျပ် ၂၁၆၆၀၀၀၀နှင့် နေရပ်ပြန်ပြည်သူ အိမ်ထောင်စု ၁၈၁၆ စုမှ လူဦးရေ ၆၅၂၀ အတွက် ဆန်ရိက္ခာဖိုးတစ်လစာ ငွေကျပ် ၁၃၀၄၀၀၀၀၀၊ ကယ်ဆယ်ရေးပစ္စည်း ၁၅ မျိုး၊ ၁၈၁၆ အိမ်ထောင်စုစာနှင့် တာပေါ်လင်ထုပ် ၆၁ ထုပ်တို့ကို ပြည်ထောင်စုဝန်ကြီးနှင့် နယ်မြေခံတပ်နယ်မှူး၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ လီဆူးတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ ကယန်း(ခ) ပဒေါင် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက ပြည်သူများလက်ဝယ်သို့ ပေးအပ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက နေရပ်ပြန်ပြည်သူများကို အားပေးစကားပြောကြားပြီး ဖယ်ခုံမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ဆရာ ဆရာမများနှင့်တွေ့ဆုံ၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ယင်းနောက် ဖယ်ခုံပြည်သူ့ဆေးရုံ၌ ဆရာဝန်၊ ဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများနှင့်တွေ့ဆုံ၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

၆-၅-၂၀၂၆ ရက်နေ့ကလည်း ပြည်ထောင်စုဝန်ကြီးသည် ရှမ်းပြည်နယ် ညောင်ရွှေမြို့သို့ သွားရောက်၍ မန္တလေးငလျင်ဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်မှုအဖြစ် အာဆီယံနိုင်ငံများက AHA Center (အဟာစင်တာ) မှတစ်ဆင့် လှူဒါန်းသော အလှူငွေများဖြင့် ဆောင်ရွက်ခဲ့သော အသင့်တပ်ဆင်စာသင်ဆောင်များ ဆောက်လုပ်ပြီးစီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)