ရန်ကုန်၊ မေ ၃၁
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ရုံးချုပ်မှ တာဝန်ရှိသူများသည် (၃၀.၅.၂၀၂၆)ရက်နေ့၊ မနက်(၁၀:၀၀)နာရီအချိန်ခန့်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်စက်မှုဇုန်(၁) ဇုန်ကော်မတီရုံး အစည်းအဝေး ခန်းမ၌ စက်မှုဇုန်များ အတွင်း (၂၄)နာရီ ဓာတ်အားရရှိစေရေးနှင့် ဓာတ်အားပြတ်တောက်မှုလျော့နည်းစေရေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းရှိ စက်မှုဇုန်(၁)၊ စက်မှုဇုန်(၂)၊ စက်မှုဇုန်(၃)၊ ရွာသာကြီး (အကြီးစား)စက်မှုဇုန်၊ ရွာသာကြီး (အလတ်စား)စက်မှုဇုန်၊ ရွာသာကြီး(အသေးစား)စက်မှုဇုန် မှ ဇုန်ဥက္ကဋ္ဌ နှင့် ဇုန်ကော်မတီအဖွဲ့ဝင်များ၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်စက်မှုဇုန်မှ စက်မှုဇုန်ဥက္ကဋ္ဌများနှင့် ဇုန်ကော်မတီအဖွဲ့ဝင်များ၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်စက်မှုဇုန်မှ ဇုန်ဥက္ကဋ္ဌနှင့် ဇုန်ကော်မတီအဖွဲ့ဝင်များ၊ ရွှေပေါက္ကံမြို့နယ်စက်မှုဇုန်မှ ဇုန်ဥက္ကဋ္ဌနှင့် ဇုန်ကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာ မြို့နယ်လျှပ်စစ် မန်နေဂျာရုံးမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ဆွေးနွေးပွဲကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင် စက်မှုဇုန်များ အတွင်း (၂၄)နာရီ ဓာတ်အားရရှိစေရေးနှင့်ဓာတ်အားပြတ်တောက်မှုလျော့နည်းစေရေး၊ စက်မှုဇုန်များ အတွင်း သစ်ပင်သစ်ကိုင်းများရှင်းလင်းစေရေး ဇုန်ကော်မတီများဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်စေရေး၊ စက်မှုဇုန်များ ဗို့အားအပြည့်အဝ အသုံးပြုနိုင်စေရေးနှင့် Capacitor Bank များ သုံးစွဲစေရေး ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ပေးရန်၊ စက်မှုထုတ်ကုန်များဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဓာတ်အားပြတ်တောက်မှု လျော့နည်းစေရေးအတွက် ဇုန်ကော်မတီများဖြင့် ညှိနှိုင်းပြီး တနင်္ဂနွေနေ့တိုင်းတွင် စည်ပင်နှင့် လျှပ်စစ်အဖွဲ့များဖြင့် ပူးပေါင်းပြီး သစ်ပင်သစ်ကိုင်းများ ရှင်းလင်းခြင်း၊ ထရန်စဖော်မာခြုံနွယ် တက်နေခြင်း များအား ရှင်းလင်းဆောင်ရွက်ပေးရေးစသည်တို့ ဆွေးနွေးခဲ့ကြသည်။
ထို့နောက် သက်ဆိုင်ရာ စက်မှုဇုန် ကော်မတီများမှ အခက်အခဲများ၊ လိုအပ်ချက်များအား အပြန်အလှန် တင်ပြဆွေးနွေးကြပြီး (၁၁:၃၀) နာရီ အချိန်ခန့်တွင် တွေ့ဆုံဆွေးနွေးပွဲ ပြီးမြောက်ခဲ့ကြောင်း သိရသည်။
#MNP #News


No comments:
Post a Comment