နိုင်ငံဝန်ထမ်းနှင့် ပြည်သူ (အယ်ဒီတာ့ အာဘော်) - Myanmar National Post

Myanmar National Post

News Agency

Breaking

နိုင်ငံဝန်ထမ်းနှင့် ပြည်သူ (အယ်ဒီတာ့ အာဘော်)



နိုင်ငံဝန်ထမ်း ဟူသည် ပြည်သူများကို အကျိုးကို ဆောင်ရွက်သူများဖြစ်သည်။ အကျိုးဟု ဆိုရာတွင် ကောင်းကျိုးကို ဆောင်ရွက်သူလည်း ဖြစ်နိုင်သည်။ ဆိုးကျိုးဖြစ်အောင် ဆောင်ရွက်သူများလည်း ရှိသည်။ မူလရည်ရွယ်ချက်မှာမူ ကောင်းကျိုးအတွက် ဆောင်ရွက်ရန် ရည်ရွယ်၍ ခန့်အပ်ထားခြင်းဖြစ်ပါသည်။

နိုင်ငံဝန်ထမ်းဥပဒေတွင် နိုင်ငံဝန်ထမ်းများ၏ တာဝန်နှင့် အခွင့်အရေးများကို ယှဉ်တွဲဖော်ပြထားပါသည်။ ဥပဒေပြဋ္ဌာန်းချက်တွင် -

တာဝန်များနှင့် ပတ်သက်သော ပြဆိုချက်တွင် -

၁၀။ ဝန်ထမ်းသည် အောက်ပါတို့ကို လိုက်နာရန် တာဝန်ရှိသည်-

(က) နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေခြင်း၊

(ခ) ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲဥပဒေများပါ ပြဋ္ဌာန်းချက်များကို လိုက်နာခြင်း၊

(ဂ) နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားကို အလေးထား၍ ဆောင်ရွက်ခြင်း၊

(ဃ) နိုင်ငံတော်ပိုင်ပစ္စည်း၊ နိုင်ငံတော်ဘဏ္ဍာများ လေလွင့်ဆုံးရှုံးမှုမရှိစေရေးနှင့် အလွဲသုံးစားမှု မပြုရေးတို့ အတွက် ထိန်းသိမ်းစောင့်ရှောက်ခြင်း၊

(င) မိမိအား ပေးအပ်ထားသော တာဝန်နှင့် ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်ခြင်း၊

(စ) ဤဥပဒေအရ ပြုလုပ်သော နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများ၊ အမိန့်၊ ညွှန်ကြားချက်များ၊ ဝန်ထမ်း အဖွဲ့အစည်းအလိုက် သီးခြား သတ်မှတ်ထားသော လုပ်ငန်းခွင် စည်းကမ်းများ၊ အမိန့်နှင့် ညွှန်ကြားချက်များကို လိုက်နာခြင်း၊

(ဆ) ပါတီနိုင်ငံရေး ကင်းရှင်းခြင်း၊

(ဇ) ရာထူးဝန်အဖွဲ့က သတ်မှတ်ထားသော သင်တန်းများကို တက်ရောက်ခြင်း၊

(ဈ) အကျင့် စာရိတ္တ ပျက်ပြားခြင်းနှင့် သိက္ခာမဲ့စွာ ပြုမူနေထိုင်ခြင်းတို့မှ ရှောင်ကြဉ်ခြင်း၊

(ည) တာဝန်အရ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုခြင်းမှ ရှောင်ကြဉ်ခြင်း၊

(ဋ) လာဘ်ပေး လာဘ်ယူပြုလုပ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊

(ဌ) ပြည်သူကို ရိုသေလေးစားခြင်း။


အခွင့်အရေးများတွင် -

၁၁။ ဝန်ထမ်းသည် အောက်ပါအခြေခံ အခွင့်အရေးများကို သတ်မှတ်ချက်များနှင့်အညီ ခံစားခွင့်ရှိသည်-

(က) အလုပ်တည်မြဲခွင့်၊

(ခ) လုပ်ငန်းခွင် အာမခံချက်ရခွင့်၊

(ဂ) လုပ်အား၊ အတတ်ပညာ၊ တာဝန်ထမ်းဆောင်မှုနှင့် လျော်ညီသည့်လစာ၊ ထောက်ပံ့ကြေး၊ ခရီးစရိတ်နှင့် အခြား စရိတ်ခံစားခွင့်၊

(ဃ) ရာထူးတိုးမြှင့်ခွင့်၊

(င) ပညာလေ့လာဆည်းပူးခွင့်၊

(စ) ခွင့်ခံစားခွင့်၊

(ဆ) ထူးချွန်မှု၊ စွမ်းစွမ်းတမံ ကြိုးပမ်း ဆောင်ရွက်မှုတို့အတွက် ချီးမြှင့်ခြင်းကို ခံစားခွင့်၊

(ဇ) ဆေးစစ်ခံယူမှုနှင့် ဆေးကုသမှု ခံယူခွင့်၊

(ဈ) အငြိမ်းစားယူခွင့်၊

(ည) တာဝန်ထမ်းဆောင်မှုကို အကြောင်းပြု၍ ထိခိုက်ဒဏ်ရာရခြင်း၊ မသန်မစွမ်းဖြစ်ခြင်းနှင့် သေဆုံးခြင်း တို့အတွက် အထူးပင်စင် ခံစားခွင့်၊

(ဋ) အမျိုးသမီးဝန်ထမ်းဖြစ်ပါက တူညီသော အလုပ်အတွက် အမျိုးသားဝန်ထမ်းများ နည်းတူ အကျိုး ခံစားခွင့်အပြင် မီးဖွားခြင်း ဆိုင်ရာ အကျိုးခံစားခွင့်၊

(ဌ) ပါတီနိုင်ငံရေးနှင့် ကင်းရှင်းသောအသင်းအဖွဲ့များတွင် ပါဝင်ခွင့်၊

(ဍ) ဝန်ထမ်းရေးရာ ခံစားခွင့်၊ ဆုံးရှုံးနစ်နာမှုများနှင့် စပ်လျဉ်း၍ တင်ပြခွင့်၊ ရှင်းလင်းထုချေခွင့်နှင့် အယူခံခွင့်၊

(ဎ) ရာထူးအနွယ် ပိုင်ဆိုင်ခွင့်၊

(ဏ) ကူးပြောင်းချိန် ခံစားခွင့်၊

(တ) ပြင်ပဝန်ထမ်း စည်းကမ်းချက်ဖြင့် လွှဲပြောင်း တာဝန်ထမ်းဆောင်ခွင့်၊

(ထ) လုပ်သက်ဆုငွေနှင့် အငြိမ်းစားလစာ ခံစားခွင့်၊

(ဒ) ပြည်ထောင်စုအစိုးရအဖွဲ့က အခါအားလျော်စွာ သတ်မှတ်သော အခြားခံစားခွင့်။

ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို ကောင်းမွန်စွာ လုပ်ကိုင်နိုင်ရန် နိုင်ငံဝန်ထမ်းများကို တာဝန်တွေချည်းသာ ပေးအပ်ထားခြင်းမဟုတ်၊ အခွင့်အရေးများလည်း ပေးအပ်ထားပြီးဖြစ်သည်ကို နားလည်ကြရမည်။

နိုင်ငံဝန်ထမ်းများ သည် ပြည်သူကို ကောင်းကျိုးပြုရန် (ဝန်ဆောင်မှုပေးရန်) ဟူသော ရည်ရွယ်ချက်ဖြင့် ခန့်ထားခြင်းဖြစ်သော်လည်း နိုင်ငံဝန်ထမ်းအားလုံးက ပြည်သူအပေါ် ကောင်းမွန်မှန်ကန်စွာ ဝန်ဆောင်မှုပေးခြင်းမျိုးမရှိ၊ ပြည်သူကို ရိုသေလေးစားခြင်းမရှိ၊ လာဘ်ပေးလာဘ်ယူပြုလုပ်ခြင်းမှ ရှောင်ကြဉ်ခြင်းမရှိ၊ တာဝန်အရ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုခြင်းမှ ရှောင်ကြဉ်ခြင်းမရှိသည်ကို နိုင်ငံတော်အကြီးအကဲများ၊ သက်ဆိုင်ရာဝန်ကြီးဌာနအကြီးအကဲများလည်း အောက်ခြေဝန်ထမ်းငယ်ဘဝမှ အဆင့်ဆင့်ကျော်လွန်ဖြတ်သန်းခဲ့ကြသည်ဖြစ်ရာ အထူးပြု၍ ပြောဆိုရန်မလို သိနှင့်ပြီး ဖြစ်ကြပါသည်။

၂၀၂၁ မှ ၂၀၂၅ ကာလ NLD ပါတီ က ဦးဆောင်၍ အကြမ်းဖက်လှုပ်ရှားမှုများ ပြုလုပ်နေသည့် ကာလအတွင်း နိုင်ငံဝန်ထမ်းများထဲမှ ရဲတပ်ဖွဲ့ဝင်တချို့သည် အကြမ်းဖက်အားပေး၊ အကြမ်းဖက်သမားများနှင့် အလိုတူ အလိုပါ တည်ငြိမ်အေးချမ်းမှုကို လိုလားသော ပြည်သူများ အတိဒုက္ခရောက်စေရန် ပူးပေါင်းကြံဆောင်ခဲ့ကြသည်ကို ပြန်လည်သုံးသပ် ဆင်ခြင်သင့်ပါသည်။ NLD ပါတီမှ ပေါ်ပေါက်လသော CRPH, NUG, PDF အကြမ်းဖက်သမားများနှင့် တသားတည်း ရပ်တည်၍ နီပိန်း တပိုင်းဖြစ်နေသည့် တပ်မတော်အရာရှိ၊ တပ်မတော်သား၊ ရဲအရာရှိ၊ ရဲတပ်ဖွဲ့ဝင်သာမက အခြားသော ဌာနများက ဝန်ထမ်းများသည်လည်း ပြည်သူအပေါ် ငဲ့ညှာထောက်ထားခြင်းမရှိ၊ ရိုသေလေးစားခြင်းမရှိ လုပ်ခဲ့ကြခြင်းကြောင့် အပြစ်မဲ့ ပြည်သူများ ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရသည်။ ဤအခြင်းအရာကို ကြည့်ခြင်းအားဖြင့် နိုင်ငံဝန်ထမ်း ဆိုသော်လည်း နိုင်ငံဝန်ထမ်းကောင်းများချည်းသာ မဟုတ်။ အကျင့်ပျက်ဝန်ထမ်းများဟူ၍ပင် နိုင်ငံတော်ပိုင် သတင်းစာများက ထုတ်ပြန်ရေးသားခဲ့သည်များ ရှိပါသည်။

တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် လုပ်နေသည့် အုပ်စုနောက်ကို ပါသွားသည့် ဝန်ထမ်းက တစ်အုပ်စုရှိသည်။ အကြမ်းဖက်လှုပ်ရှားမှုနောက်သို့ လိုက်ပါသွားခြင်းမရှိ၊ ပိုနေမြဲ ကျားနေမြဲ တာဝန်ထမ်းဆောင်နေပါလျက် နီပိန်း တစ်ပိုင်း ဖြစ်နေသည့် နိုင်ငံဝန်ထမ်းများလည်း ရှိသေးသည်။ ထိုသူများသည် ၎င်းတို့ကိုယ်တိုင် ဥပဒေမဲ့ လုပ်ရပ်များကို ကျူးလွန်သည်။ ပြည်သူများကြားတွင် အစိုးရကို သပုပ်လေလွင့်ပြောသည်။

အခါတပါး ဆရာတော်တစ်ပါး မိန့်ကြားဖူးသည့် သြဝါဒကို အမှတ်ရမိသည်။ မိုးမိတ်ဘက်တွင် သစ်ခိုးထုတ်၍ ကြီးပွားချမ်းသာနေသည့် နီပိန်းတစ်ဦး က USDP အစိုးရလက်ထက် သူခိုး ဟူသော ရှစ်တန်းမအောင်သည့် စာရေးဆရာအကြည်တော် ၏ စာအုပ်ဖြင့် အာဘောင်အာရင်းသန်သန် အများပြည်သူကြား အစိုးရမကောင်းကြောင်း ဖြန့်ဝေသည်ဟူ၏။ သူ၏ စီးပွားရေးလုပ်ငန်းမှာမူ သစ်ခိုးထုတ်ခြင်း အလုပ်ဖြစ်လေ၏။ ထိုသို့သော ဝန်ထမ်းများ ရှိသည်ကို သတိချပ်မိစေလိုခြင်းဖြစ်သည်။

နိုင်ငံဝန်ထမ်းများကြားတွင် ပြည်သူလူထုနှင့် အဓိက ထိတွေ့ဆက်ဆံရသည့် လဝက၊ ရဲတပ်ဖွဲ့ တို့တွင် ပြည်သူလူထုအပေါ် မလျော်ကန်သော လုပ်ရပ်များ၊ ဥပဒေနှင့် မလျော်ညီသော လုပ်ခဲ့သည့် ဖြစ်စဉ်ဖြစ်ရပ်များ ရှိပါသည်။ နစကအစိုးရလက်ထက်မှစ၍ စီမံချက်ဖြင့် ထုတ်ပေးသည့်ကာလတွင်သာ အိမ်ထောင်စုဇယား၊ မှတ်ပုံတင် တို့ဆိုသည်မှာ လွယ်လင့်တကူ ရနိုပါသည်။ စီမံချက်မရှိသည့် ကာလများတွင် လွယ်လင့်တကူ ရသည်ဟူ၍ မရှိပါ။ စီမံချက်ရှိနေစဉ်အတွင်းမှာပင် မလျော်ကန်သော ငွေကြေးတောင်းခံမှုတစ်ခုနှင့် ပတ်သက်၍ နစ်နာသူပြည်သူနှင့် ဆက်သွယ်မေးမြန်း၊ ဝန်ကြီးဌာနဘက်ကို မေးခွန်းထုတ်ခဲ့ခြင်းကြောင့် ပြဿနာပြေလည်သွားခဲ့သည်။ အမှန်မှာ နိုင်ငံဝန်ထမ်းများကသာ မှန်ကန်စွာ ဆောင်ရွက်ပေးနေပါမူ ပြည်သူလည်း နစ်နာစရာမရှိ၊ ကျွန်တော်တို့ သတင်းမီဒီယာများမှလည်း သတင်းလုပ်ပြီး မေးမြန်းနေရန်မလိုပါ။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ကျွန်တော်တို့ သတင်းမီဒီယာများတွေ့ဆုံသည့်အခါ ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းတချို့၏ မလျော်ကန်သော လုပ်ရပ်များနှင့် ပတ်သက်၍ ထိန်းသိမ်းကြပ်မက်ဆောင်ရွက်နေမှုများကို ပြောကြားခဲ့ဖူးပါသည်။

ယခုအခါကာလကိုသာ မဆိုလိုပါ။ လဝကရုံးများ၏ ပြည်သူ့ဆက်ဆံရေးအပိုင်းနှင့် ပတ်သက်၍ ပြေလည်မှုရှိ၊ မရှိ ပြည်သူ အယောက် (၁၀၀၀)ခန့်ကို စစ်တမ်းကောက်ကြည့်ပါ။ လဝကရုံးများကို သွားရောက်သည့်အခါ မည်သို့ကြုံတွေ့ရသနည်း။ သန်းခေါင်စာရင်း ပြုလုပ်ခြင်း၊ မှတ်ပုံတင်ပြုလုပ်ခြင်းတို့တွင် မည်သို့ ကြုံတွေ့ခဲ့ရသနည်း။ ငွေကြေးကုန်ကျမှု၊ အချိန် ကြန့်ကြာမှု မည်မျှရှိသနည်း စစ်တမ်းကောက်ကြည့်လျင် ပြည်သူ့ဆက်ဆံရေးအပိုင်းတွင် လိုအပ်ချက်များ ရှိနေသည်ကို တွေ့ရမည်ဖြစ်သည်။

၂၀၂၆ခုနှစ်၊ မေလ (၅)ရက်နေ့ နိုင်ငံတော်ပိုင်သတင်းစာများတွင် သန်းခေါင်စာရင်း၊ မှတ်ပုံတင်ပွဲစားလုပ်သူများ၏ tiktok အကောင့်များကို ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါ ဖော်ပြချက်တွင် သန်းခေါင်စာရင်း၊ မှတ်ပုံတင်ပွဲစားလုပ်ငန်း လုပ်ကိုင်ခြင်းမရှိသည့် Shwe yamin အကောင့်ပိုင်ရှင်က သူမအနေဖြင့် ထိုသို့သော လုပ်ငန်း လုပ်ဆောင်ခြင်းမရှိကြောင်း တင်ပြသည်။ ထိုသို့ တင်ပြလာသည့်အခါ လဝကရုံးနှင့် ပတ်သက်၍ သူမပြောဆိုခဲ့ဖူးသော ရုပ်သံတစ်ခုကို အကြောင်းပြု၍ တရားစွဲဆိုမည်ဖြစ်ကြောင်း ၂၀၂၆ခုနှစ်၊ မေလ (၁၈)ရက်နေ့ နိုင်ငံတော်ပိုင်သတင်းစာများမှ ထပ်မံကြော်ငြာသည်။ နိုင်ငံဝန်ထမ်းနှင့် ပြည်သူ ယုတ်မာလှပေစွဟု မှတ်ယူမိသည်။

Shwe yamin က လဝကရုံးတွင် သူမတွေ့ကြုံခဲ့ရသည့် အခြေအနေတစ်ခုကို အများပြည်သူသတိပြုမိစေရန် ပြောဆိုခြင်းကို အကြောင်းပြု၍ ယခုအခါ အမှုဖွင့်တရားစွဲဆိုခံထားရပြီဖြစ်သည်။

နိုင်ငံဝန်ထမ်းများမှာ ၎င်းတို့၏ မလျော်ကန်သော လုပ်ရပ်များကြောင့် ပြည်သူများ နစ်နာရသည့်အခါ ရေငုံနှုတ်ပိတ် နေကြမည်။ ပြည်သူများက ၎င်းတို့၏ ဥပဒေနှင့်မလျော်ညီသော လုပ်ရပ်များကို လုပ်ဆောင်နေမှုနှင့် ပတ်သက်၍ ပြောဆိုလာသည့်အခါ တရားစွဲဆိုမည်။ ပြည်သူများ သတိထားကြဖို့ လိုပါသည်။ ပြည်သူများအတွက် လွန်စွာအန္တရာယ်များလှပါသည်။

ယခုရက်ပိုင်းအတွင်းမှာပင် ×××မြို့နယ်အတွင်း ရဲတပ်ဖွဲ့ဝင်တချို့က ကွမ်းပို့သည့် ဘေးတွဲဆိုင်ကယ် လမ်းဘေးတွင် ဆီယိုစိမ့်ပြီး မီးလောင်မှုဖြစ်သည်ကို အကြောင်းပြု၍ အမှုဆင်ငွေညှစ်သည့် ပြဿနာတစ်ခု ကြားသိရသည်။ လာရောက်တိုင်ပင်ပြောဆိုသောအခါ မိမိတတ်နိုင်သလောက် ပေးကမ်း၍ အမှုပြီးပြတ်အောင် ဆောင်ရွက်လိုက်ပါဟုသာ အကြံပြုနိုင်သည်။

တိုင်းပြည်၏ နိုင်ငံဝန်ထမ်းယန္တရားသည် မျက်နှာမွဲပြည်သူများအပေါ် နိုင်ငံဝန်ထမ်းဥပဒေတွင် ပြဋ္ဌာန်းထားသည့် ပြဋ္ဌာန်းချက်များနှင့်အညီ ဝန်ဆောင်မှုပေးခြင်း မရှိသည်ကို ပြည်သူများ သိရှိနားလည်ပါ။ VIP, VVIP များကို ဆက်ဆံသည့် ပုံစံကတစ်မျိုး၊ ပြည်သူကို ဆက်ဆံပုံနှင့်မတူ။ ထူးခြားသည့် ဆက်ဆံရေးမျိုးရှိသည်။ မျက်နှာမွဲပြုသူများကို ဆက်ဆံသည့်အခါ ရုံးစောင့်ကပင် မထေမဲ့မြင်ပြုသည်အထိ ကြုံတွေ့ရဖူးပါသည်။ သတိပြုဆက်ဆံပါ။ သတိပြု ပြောဆိုပါ။ နိုင်ငံဝန်ထမ်းများသည် ပြည်သူကို ဝန်ဆောင်မှုပေးနေသူများ ဖြစ်ကြမည်မှာ မှန်သော်လည်း နိုင်ငံဝန်ထမ်းဥပဒေပါ တာဝန်များကို လေးစားလိုက်နိုင်ခြင်း မရှိသူများနှင့် တွေ့သည့်အခါ ပြည်သူများ အတိဒုက္ခရောက်ကြရပေလိမ့်မည်။ ဤသည်ကို အထူးသတိချပ်မိစေရန် တင်ပြရခြင်း ဖြစ်ပါသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)