တာမွေ၊ မေ ၈
အစိုးရသစ်၏ ရက်(၁၀၀)ကာလအတွင်း လူငယ်ကဏ္ဍဖွံ့ဖြိုးရေးလှုပ်ရှားမှုအနေဖြင့် ရန်ကုန် တိုင်းဒေသကြီး လူငယ်ရေးရာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)တို့ ပူးပေါင်း ကျင်းပပြုလုပ်သည့် စိတ်ဓာတ်အင်အားကြံ့ခိုင်စေရန်နှင့် စိတ်ခွန်အားပေးခြင်း အသိပညာပေး ဟောပြောပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ အားကစား နှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ပြည်ထောင်စုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် အင်းစိန်မြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထွန်းနိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး အထူးကုဆရာဝန် ဒေါက်တာနွေးနွေးလှိုင်က အားကစားနှင့်ကာယ ပညာသိပ္ပံ(ရန်ကုန်)ရှိ နည်းပြများနှင့်အားကစားသမားများအား စိတ်ခွန်အားဖြစ်စေမည့် နည်းလမ်း များ မျှဝေပေးခြင်း၊ စိတ်ဖိစီးမှုများ ဖြစ်စေနိုင်သော အကြောင်းအရာများနှင့် စိတ်ဖိစီးမှုကို လျော့ကျ နိုင်သောနည်းလမ်းများ စသည်ဖြင့် စိတ်ကျန်းမာရေးဆိုင်ရာများနှင့် ပတ်သက်၍ အကျယ်တဝင့် အသိပညာပေး ရှင်းလင်းဟောပြောခဲ့သည်။ ထို့နောက် အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)နှင့် တိုင်းဒေသကြီးလူငယ်ရေးရာဦးစီးဌာနတို့မှ တာဝန်ရှိသူများက အင်းစိန်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထွန်းနိုင်နှင့် စိတ်ကျန်းမာရေးဆိုင်ရာများကို ဟောပြောပေးခဲ့သည့် အထူးကုဆရာဝန် ဒေါက်တာနွေးနွေးလှိုင်တို့အား အမှတ်တရဂုဏ်ပြုလက်ဆောင်များ အသီးသီး ပေးအပ်ခဲ့သည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးလူငယ်ရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သန္တာစောနှင့်ဝန်ထမ်းများ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှ ကျောင်းအုပ်ကြီး ဦးထွန်းထွန်းဦးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူလေးများနှင့် အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်
#MNP #News




No comments:
Post a Comment