မောင်မောင်လွင် မြန်မာ့လက်ရွေးစင်အသင်းနှင့်အတူ နိုင်ငံတကာ ပြိုင်ပွဲများတွင် ပါဝင်ကစားခွင့် ရရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

မောင်မောင်လွင် မြန်မာ့လက်ရွေးစင်အသင်းနှင့်အတူ နိုင်ငံတကာ ပြိုင်ပွဲများတွင် ပါဝင်ကစားခွင့် ရရှိ


ရန်ကုန်၊ မေ ၁၉

မောင်မောင်လွင်(ရန်ကုန်ယူနိုက်တက်) အပေါ် ချမှတ်ထားသည့် ပွဲပယ်ပြစ်ဒဏ်အား MFF အယူခံကော်မတီ ဆုံးဖြတ်ချက်ထုတ်ပြန်ရာတွင် မောင်မောင်လွင်အနေဖြင့် မြန်မာ့လက်ရွေးစင်အသင်းနှင့်အတူ နိုင်ငံတကာ ပြိုင်ပွဲများတွင် ပါဝင်ကစားခွင့် ရှိမည်ဖြစ်ကြောင်း ဆုံးဖြတ်ထားသည်။

မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲ၊ ပွဲစဉ်(၁၂၂)တွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များနှင့် ပတ်သက်၍ ရန်ကုန်ယူနိုက်တက်အသင်းမှမြန်မာ့လက်ရွေးစင် ကစားသမား မောင်မောင်လွင်အပေါ် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ ချမှတ်ထားသော (၆) လ ပွဲပယ်ပြစ်ဒဏ်အား အယူခံကော်မတီမှ ပြန်လည်စိစစ်ပြီး ပြစ်ဒဏ်လျှော့ပေါ့ သက်ညှာသည့် ဆုံးဖြတ်ချက်အား မေလ ၁၅ ရက်က ချမှတ်ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၀) ရက်နေ့က သီဟဒီပ ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သည့် ၂၀၂၅-၂၀၂၆ မြန်မာနေရှင်နယ်လိဂ် ဘောလုံးပြိုင်ပွဲ ပွဲစဉ် (၁၂၂) ဖြစ်သည့် ရတနာပုံအက်ဖ်စီနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ ပွဲစဉ်တွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များကြောင့် ကစားသမား မောင်မောင်လွင်အား စည်းကမ်းထိန်းသိမ်းရေးကော်မတီက ပြစ်ဒဏ်များ ချမှတ်ခဲ့ပြီးဖြစ်သည်။

အဆိုပါ ပြစ်ဒဏ်ချမှတ်မှုအပေါ် ကစားသမား မောင်မောင်လွင်မှ မေလ (၁၁) ရက်နေ့တွင် အယူခံလွှာတင်သွင်း အသနားခံခဲ့ရာ MFF အယူခံကော်မတီမှ MFF စည်းမျည်းဥပဒေ(MFF Statute)၊ အယူခံကော်မတီပုဒ်မ ၆၃.၂ အရ ပြန်လည်သုံးသပ်ပြီး အောက်ပါအတိုင်း ပြစ်ဒဏ်ပြင်ဆင်ချက်များ ချမှတ်ခဲ့ရာတွင် 

စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ ဆုံးဖြတ်ချက်အရ MNLတွင်  (၆) လကြာ ကွင်းတွင်း/ကွင်းပြင် ပါဝင်ကစားခွင့်၊ ဘောလုံးနှင့်ပတ်သက်သည့် လှုပ်ရှားမှုများ ပိတ်ပင်ထားသော်လည်း မောင်မောင်လွင်အနေဖြင့် မြန်မာ့လက်ရွေးစင်အသင်းနှင့်အတူ နိုင်ငံတကာ ပြိုင်ပွဲများတွင် ပါဝင်ကစားခွင့် ရှိသည်။

မောင်မောင်လွင်သည် အသက် (၁၉) နှစ်အောက် အမျိုးသားလက်ရွေးစင်အသင်းမှစတင်၍ မြန်မာ့လက်ရွေးစင် အသင်းအတွက် နိုင်ငံတကာပြိုင်ပွဲများ၊ ကမ္ဘာ့ဖလားခြေစစ်ပွဲများတွင် ကြိုးစားအားထုတ်ခဲ့ခြင်း၊ လက်ရွေးစင်အသင်းခေါ်ယူမှုများတွင် ပျက်ကွက်ခြင်းမရှိဘဲ ပြည်တွင်း/ပြည်ပ နိုင်ငံတကာပွဲပေါင်း (၇၆) ပွဲ စွမ်းစွမ်းတမံ ပါဝင်ကစားပေးခဲ့ခြင်း၊ လက်ရှိတွင်လည်း မြန်မာ့လက်ရွေးစင်အသင်း၏ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူကာ မျိုးဆက်သစ်ကစားသမားများနှင့်အတူ အောင်မြင်မှုရရန် ကြိုးပမ်းနေခြင်းနှင့် ကစားသမားကိုယ်တိုင် အမှားကိုသိရှိပြီး တောင်းပန်ခဲ့ခြင်းတို့ကြောင့် ဖြစ်ကြောင်း ဖော်ပြထားသည်။

စည်းကမ်းထိန်းသိမ်းရေးကော်မတီက ချမှတ်ထားသည့် (၆) လ ကွင်းပိတ်ပြစ်ဒဏ်အား ၂၀၂၆ ခုနှစ် ဇွန်လ (၁) ရက်နေ့မှစတင်ကာ ကင်းလွတ်ခွင့်ပြု (ရုပ်သိမ်း) ပေးလိုက်ပြီး၊ အလားတူ ဖြစ်စဉ်မျိုး နောက်ထပ်တစ်ကြိမ် ထပ်မံကျူးလွန်ပါက ယခုထက် ပိုမိုပြင်းထန်သော ပြစ်ဒဏ်များဖြင့် အရေးယူခံရမည်ဖြစ်ကြောင်း ပြောင်းလဲသတ်မှတ်လိုက်သည်။

အဆိုပါ ဆုံးဖြတ်ချက်အား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အယူခံကော်မတီမှ မေလ (၁၅) ရက်စွဲဖြင့် ရန်ကုန်ယူနိုက်တက်အသင်း အမှုဆောင်အရာရှိချုပ်ထံသို့ တရားဝင် အကြောင်းကြားစာ ပေးပို့ထားပြီးဖြစ်ကြောင်း သိရသည်။


#MNP #News


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)