မြန်မာ့မီးရထားအနေဖြင့် ပြည်သူများခရီးသွားလာမှုပိုမိုလွယ်ကူအဆင်ပြေစေရေးအတွက် ရန်ကုန်-မန္တလေးလမ်းပိုင်းတွင် အမှတ်(၅)အဆန်/အမှတ်(၆)အစုန်လူစီးအမြန်ရထားအား ခေတ်မီလေအေးပေးစက်ပါ DEMU ရထားတွဲဆိုင်းများဖြင့် စတင်ပြေးဆွဲ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြန်မာ့မီးရထားအနေဖြင့် ပြည်သူများခရီးသွားလာမှုပိုမိုလွယ်ကူအဆင်ပြေစေရေးအတွက် ရန်ကုန်-မန္တလေးလမ်းပိုင်းတွင် အမှတ်(၅)အဆန်/အမှတ်(၆)အစုန်လူစီးအမြန်ရထားအား ခေတ်မီလေအေးပေးစက်ပါ DEMU ရထားတွဲဆိုင်းများဖြင့် စတင်ပြေးဆွဲ





နေပြည်တော်၊ မေ ၂

မြန်မာ့မီးရထားအနေဖြင့် ရန်ကုန်မှတောင်ငူအထိ ရထားလမ်းပိုင်းအား အဆင့်မြှင့်တင်ခြင်းစီမံကိန်းကို ဂျပန်နိုင်ငံ၏ တရားဝင်ဖွံ့ဖြိုးမှုအကူအညီ ချေးငွေ (ODA Loan)ဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည်။ တောင်ငူ - နေပြည်တော်နှင့် နေပြည်တော်- မန္တလေးရထားလမ်းပိုင်းအား နိုင်ငံတော်ဘဏ္ဍာငွေဖြင့် ရထားလမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးခဲ့သဖြင့် ရန်ကုန်-မန္တလေး အဓိက ရထားလမ်းပိုင်း၌ ရထားအမြန်နှုန်းများတိုးမြှင့်ပြီး ပြေးဆွဲချိန်လျှော့ချခြင်း၊ ရထားစီးခရီးသွားပြည်သူများ ပိုမိုစိတ်ချမ်းမြေ့စွာသွားလာနိုင်စေရေးအတွက် ရန်ကုန် - မန္တလေးလမ်းပိုင်းတွင် အမှတ်(၅)အဆန်၊ အမှတ်(၆)အစုန် လူစီးအမြန်ရထားများကို ခေတ်မီလေအေးပေးစက်ပါ DEMU တွဲဆိုင်းများဖြင့် ယမန်နေ့မှစ၍ စတင်ပြေးဆွဲပေးသည်။

ရန်ကုန်ဘူတာကြီး စင်္ကြံအမှတ်(၁)တွင် အမှတ်(၅)အဆန် ရန်ကုန်-မန္တလေး ခေတ်မီလေအေးပေးစက်ပါ DEMU  ရထားခရီးစဉ်စတင်ပြေးဆွဲခြင်း အခမ်းအနားကို ယမန်နေ့က ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ပို့ဆောင်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ မြန်မာ့မီးရထားမှ အရာထမ်း/အမှုထမ်းများ၊ ဧည့်သည်တော်များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီးတို့က အဖွင့်အမှာစကားပြောကြားကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် အမြဲတမ်းအတွင်းဝန်တို့က ပြေးဆွဲမည့် ရထားတွဲဆိုင်းကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးသည်။

ယင်းနောက် မန္တလေးသို့ စီးနင်းလိုက်ပါကြမည့် ခရီးသည်များအား လိုက်လံနှုတ်ဆက်ပြီး အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ကာ နံနက် ၆ နာရီတွင် ရထားစတင်ထွက်ခွာသည်။

အလားတူ ယနေ့နံနက်ပိုင်းက မန္တလေးဘူတာကြီး အမှတ်(၁)စင်္ကြံတွင် အမှတ်(၆)အစုန် မန္တလေး-ရန်ကုန် ခေတ်မီ လေအေးပေးစက်ပါ DEMU ရထားခရီးစဉ် စတင်ပြေးဆွဲခြင်းအခမ်းအနားကို ကျင်းပရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ မြန်မာ့မီးရထားမှ အရာထမ်း/အမှုထမ်းများ၊ ဧည့်သည်တော်များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အထွေထွေမန်နေဂျာ ဦးတင်မောင်သန်းတို့က အဖွင့်အမှာစကား ပြောကြားကြသည်။

ဆက်လက်၍ ပြေးဆွဲမည့်ရထားတွဲဆိုင်းကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကာ ရန်ကုန်သို့ စီးနင်းလိုက်ပါမည့် ခရီးသည်များအား လိုက်လံနှုတ်ဆက်၍ အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ကြသည်။

မွန်းလွဲပိုင်းတွင် မြန်မာ့မီးရထား ဦးဆောင်ညွှန်ကြားရေးမှူးနှင့် အရာထမ်း/အမှုထမ်းများသည် နေပြည်တော်ဘူတာကြီး၌ မန္တလေးမှ ထွက်ခွာဆိုက်ရောက်လာသော အမှတ်(၆) အစုန်ခေတ်မီ DEMU ရထားခရီးစဉ်ဖြင့် လိုက်ပါလာကြသည့် ခရီးသည်များအားလည်းကောင်း၊ ရန်ကုန်မှ ထွက်ခွာဆိုက်ရောက်လာသော အမှတ်(၅)အဆန် ခေတ်မီ DEMU ရထားခရီးစဉ်ဖြင့် လိုက်ပါလာကြသည့် ခရီးသည်များအားလည်းကောင်း ကြိုဆိုနှုတ်ဆက်ကြပြီး နေပြည်တော်မှ ရန်ကုန်နှင့် မန္တလေးသို့ စီးနင်းလိုက်ပါမည့် ခရီးသည်များအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ကြသည်။

အဆိုပါ အမှတ်(၅)အဆန်/(၆)အစုန် ခေတ်မီလေအေးပေးစက်ပါ DEMU ရထားတွဲဆိုင်းတွင် ပထမတန်း လေးတွဲ၊ အထက်တန်းနှစ်တွဲ စုစုပေါင်းတွဲ ခြောက်တွဲဖြင့် ခရီးသည် ၃၁၂ ဦး လိုက်ပါစီးနင်းနိုင်ပြီး ခရီးသွားလက်မှတ်ခအနေဖြင့် ခရီးစဉ်အစအဆုံးတစ်ဦးလျှင် ပထမတန်းငွေကျပ် ၃၄၀၀၀ နှင့် အထက်တန်း ငွေကျပ် ၄၈၀၀၀ နှုန်းကျသင့်မည်ဖြစ်ပြီး ရန်ကုန်-မန္တလေး-ရန်ကုန် ခရီးစဉ်တစ်လျှောက် တိုးကြောင်ကလေး၊ ပဲခူး၊ ညောင်လေးပင်၊ တောင်ငူ၊ ပျဉ်းမနား၊ နေပြည်တော်၊ ရမည်းသင်း၊ သာစည်၊ ကျောက်ဆည်ဘူတာ စုစုပေါင်းကိုးဘူတာ ရပ်တန့်ပေးမည်ဖြစ်ကာ အမှတ်(၅) အဆန် DEMU လူစီးအမြန်ရထားသည် ရန်ကုန်မှ နံနက် ၆ နာရီတွင် စတင်ထွက်ခွာ၍ မန္တလေးသို့ ညနေ ၄ နာရီတွင် လည်းကောင်း၊ အမှတ်(၆)အစုန် DEMU လူစီးအမြန်ရထားသည် မန္တလေးမှ နံနက် ၆ နာရီတွင် စတင်ထွက်ခွာ၍ ရန်ကုန်သို့ ညနေ ၄ နာရီ ၁၀ မိနစ်တွင်လည်းကောင်း ရောက်ရှိမည်ဖြစ်ရာ ရထားပြေးဆွဲချိန် ၁၀ နာရီသာကြာမြင့်မည်ဖြစ်သည်။

မြန်မာ့မီးရထားသည် ယခုတိုးချဲ့ပြေးဆွဲပေးသည့် ရထားခရီးစဉ်များအပြင် ရန်ကုန်-မန္တလေး လမ်းပိုင်းတွင် ပြေးဆွဲပေးနေသည့် အမှတ်(၁၁)အဆန်၊ (၁၂)အစုန် လူစီးအမြန်ရထားခရီးစဉ်များကိုလည်း ပုံမှန်ပြေးဆွဲပေးလျက်ရှိသည်။ ယခင်က ရန်ကုန်မှ မန္တလေးအထိ ပြေးဆွဲချိန် စုစုပေါင်း ၁၉ နာရီခန့် ကြာမြင့်ခဲ့သော်လည်း ယခုအခါလမ်းပိုင်းများ ပိုမိုကောင်းမွန်လာခြင်း၊ ခေတ်မီအချက်ပြစနစ် တပ်ဆင်အသုံးပြုနိုင်ခြင်း၊ ခေတ်မီစက်ခေါင်း/တွဲဆိုင်းများ အသုံးပြုလာနိုင်ပြီဖြစ်၍ ရထားအမြန်နှုန်း တိုးမြှင့်လိုက်သဖြင့် ရန်ကုန် - မန္တလေး ခရီးစဉ်တွင် စုစုပေါင်းပြေးဆွဲချိန် ၁၀ နာရီခန့်ဖြင့် သိသာစွာ လျှော့ချပေးနိုင်ခဲ့ပြီး ရထားစီးခရီးသည်များ ပိုမိုစိတ်ချမ်းမြေ့စေရေး အကောင်အထည်ဖော် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)