လန်ဒန်၊ မေ ၅
ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းတစ်ခုဖြစ်သော လန်ဒန်မြို့ရှိ အပြည်ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့ (International Maritime Organization-IMO) တွင် ၂၇-၄-၂၀၂၆ ရက်မှ ၁-၅-၂၀၂၆ ရက်အထိ ကျင်းပပြုလုပ်ခဲ့သည့် (၈၄) ကြိမ်မြောက် ပင်လယ်ပြင်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ကော်မတီ (84th Session of the Marine Environment Protection Committee) အစည်းအဝေးသို့ မြန်မာသံရုံး၊ လန်ဒန်မြို့မှ သံရုံးယာယီတာဝန်ခံ/သံအမတ် ဦးဝင်းဇေယျာထွန်း ဦးဆောင်သည့် မြန်မာ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပြီး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ် များလည်း အွန်လိုင်းဖြင့် ပါဝင်တက်ရောက်ခဲ့သည်။ အစည်းအဝေးဖွင့်ပွဲတွင် IMO အထွေထွေအတွင်း ရေးမှူးချုပ် H.E. Mr. Arsenio Dominguez က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ IMO အဖွဲ့ဝင် နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့များ၊ လန်ဒန်မြို့အခြေစိုက် သံရုံးများမှ သံရုံးအကြီးအကဲများနှင့် ဘာသာရပ်တာဝန်ခံများ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ပင်လယ်ပြင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်များ၊ ရေယာဉ်စွန့်ထုတ်ရေများမှ ရေနေသက်ရှိများ၏ ဂေဟစနစ်အပေါ် ထိခိုက်လာနိုင်မှုကိစ္စများ၊ လေထု ညစ်ညမ်းမှု ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ရေယာဉ်များ စွမ်းအင်လိုအပ်မှု နည်းပါးစွာဖြင့် လုပ်ငန်း ပိုမိုဆောင်ရွက်နိုင်ရေးကိစ္စများ၊ ရေယာဉ်များမှ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချရေးဆိုင်ရာ ကိစ္စရပ်များ၊ ပင်လယ်ပြင်၌ ရေယာဉ်များမှ ပလပ်စတစ်စွန့်ပစ်မှု ဖြေရှင်းရေးကိစ္စရပ်များ၊ ရေယာဉ် များမှ ရေအောက်ဆူညံသံ လျှော့ချရေးဆိုင်ရာကိစ္စရပ်များ၊ ပင်လယ်ပြင်ညစ်ညမ်းမှုကာကွယ်ရေး ဆိုင်ရာကိစ္စများ၊ နိုင်ငံတကာရေကြောင်းပို့ဆောင်ရေးနှင့် ဆက်နွယ်နေသည့် နိုင်ငံတကာအရေးကိစ္စ ရပ်များ၊ IMO ပင်လယ်ပြင်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီနှင့် အခြားလုပ်ငန်းအဖွဲ့များ ၏ လုပ်ငန်းအစီအစဉ်များ စသည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
အပြည်ပြည်ဆိုင်ရာရေကြောင်းအဖွဲ့ (International Maritime Organization-IMO) သည် ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး၊ နိုင်ငံတကာရေကြောင်းပို့ဆောင်ရေးကဏ္ဍ အန္တရာယ်ကင်းရှင်းရေး၊ လုံခြုံရေး၊ ပင်လယ်ပြင်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကိစ္စရပ်များကို ဆောင်ရွက်နေသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။ လက်ရှိတွင် အဖွဲ့ဝင် ၁၇၆ နိုင်ငံရှိပြီး၊ မြန်မာနိုင်ငံ သည် ၁၉၅၁ ခုနှစ်တွင် IMO အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့ကာ နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက် မှုများ ဆောင်ရွက်လျက်ရှိသည်။
#MNP #News


No comments:
Post a Comment